Healthy Life Ad
Child

ဂနာမငြိမ်တဲ့ ကျောင်းသားလူငယ် (၁)

ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးဆရာဝန်ကြီး – အငြိမ်းစား)

ဂနာမငြိမ်တဲ့ ကျောင်းသားလူငယ်အကြောင်း စဉ်းစားတော့ ပီတာ့ကို စာရေးသူ သတိရမိပါတယ်။ ပီတာက အသက် ၇ နှစ်အရွယ် တစ်တန်းကျောင်းသားပါ။ သူ့မိခင်ကေသီက အတန်းပိုင်ဆရာမနဲ့ တိုင်ပင်ပြီး ဆေးစစ်ဖို့ စာရေးသူရဲ့ စိတ်ကျန်းမာရေး ဆေးကုဌာနကို ခေါ်ဆောင်လာတာပါ။ အတန်းပိုင်ဆရာမက လွှဲစာတစ်စောင်လည်း ရေးပေးလိုက်ပါတယ်။ ပီတာရဲ့ စာသင်ခန်းအတွင်း အပြုအမူတချို့ကို ဖော်ပြထားပါတယ်။

ပီတာဟာစာသင်ခန်းထဲမှာ ဂနာမငြိမ်သလို အိမ်မှာလည်း ဒီအတိုင်းပဲ ဆရာ . . မူကြိုကျောင်း သားအရွယ်ကစပြီး ပီတာရဲ့ အပြုအမူတွေကို ထိန်းကျောင်းရခက်နေတာပါ။ အမြင့်ကို တက်တယ်၊ စားပွဲပေါ်တက်ပြီး ခုန်ချတယ်၊ တစ်နေရာထဲမှာထိုင်ပြီး ကစားတာမျိုးမရှိဘူး၊ ဟိုရောက်လိုက်၊ ဒီရောက်လိုက်နဲ့။ တစ်နေ့ကတော့ . . .

“ပီတာဟာ အတန်းထဲမှာ စာသင်နေရင် အာရုံမစိုက်ဘူး၊ ဂနာမငြိမ်ဘူး၊ သူ့ထိုင်ခုံကနေ ဟိုထသွားလိုက်၊ ဒီထသွားလိုက် လုပ်တတ်တယ်။ တခြားကျောင်းသားတွေကို အနှောင့်အယှက်ပေးတယ်။ အိမ်စာတွေကို ပြီးစီးအောင်မလုပ်ဘူး။ စည်းကမ်းကို မလိုက်နာဘူး”

ပီတာရဲ့အမေက ထပ်ဆင့်ပြောပါတယ်။
“ပီတာဟာ စာသင်ခန်းထဲမှာ ဂနာမငြိမ်သလို အိမ်မှာလည်း ဒီအတိုင်းပဲ ဆရာ . . မူကြိုကျောင်းသား အရွယ်ကစပြီး ပီတာရဲ့ အပြုအမူတွေကို ထိန်းကျောင်းရခက်နေတာပါ။ အမြင့်ကို တက်တယ်၊ စားပွဲပေါ်တက်ပြီး ခုန်ချတယ်၊ တစ်နေရာထဲမှာထိုင်ပြီး ကစားတာမျိုးမရှိဘူး၊ ဟိုရောက်လိုက်၊ ဒီရောက်လိုက်နဲ့။ တစ်နေ့ကတော့ ကျောင်းထိုင်ခုံပေါ်မှာ မတ်တတ်ရပ်ပြီး ခုန်ဆွခုန်ဆွလုပ်တယ်တဲ့။ ခြေချော်ကျပြီး ခြေမျက်စိ မျက်သွားတယ်။ ဒါကြောင့် အတန်းပိုင်ဆရာမက ကျွန်မနဲ့ တိုင်ပင်တာပါ။ ကျွန်မလည်း ဆရာတို့နဲ့ ပြသစစ်ဆေးဖို့ သဘောတူပါတယ်။ ပီတာရဲ့ နောင်ရေးအတွက် စိတ်ပူမိလို့ပါ”

“အခုလို လာရောက်ဆွေးနွေးတာ ကောင်းပါတယ်။ ကျွန်တော်တို့ဘက်က လိုအပ်သလို စမ်းသပ် စစ်ဆေးပေးမှာပါ”
“ပီတာရဲ့ အခြေအနေကို ဆရာ ဘယ်လို ထင်မြင်ယူဆသလဲ”

“အတန်းထဲမှာ အငြိမ်မနေတဲ့ကျောင်းသားတွေ ရှိတတ်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်တယ်၊ တချို့က တစ်ခါတစ်ရံ ပြုမူတတ်တာမျိုးပါ။ အရွယ်နဲ့လိုက်ပြီး ကစားသန်တာလည်း ဖြစ်နိုင်တယ်။ ဒါပေမဲ့ တခြားသူတွေကို အနှောင့်အယှက် ဖြစ်လာအောင် အမြဲလိုလို ဂနာမငြိမ်တာမျိုးဆိုရင် ဝေဒနာတစ်ခုခုကြောင့် ဖြစ်နိုင်တယ်”

“ပီတာက အမြဲလိုလို ဖြစ်နေတာ ဆရာ၊ နေရာမရွေးဘူး”
“ဆေးပညာမှာ” အာရုံစိုက်မှုချို့တဲ့ပြီး လှုပ်ရှားမှုလွန်ကဲဝေဒနာ “(Attention Deficiency Hyperactivity Disorder) ဆိုတာ ရှိပါတယ်။ လွယ်လွယ်လေးနဲ့ အတိုကောက် “အေဒီအိပ်ချ်ဒီ” (ADHD) လို့ ခေါ်ပါတယ်။ ပီတာက စာသင်ခန်းထဲမှာ ဆရာပြောတာကို အာရုံမစိုက်ဘူး၊ ဂနာမငြိမ်ဘူးဆိုတော့ ADHD ဝေဒနာ ဖြစ်နိုင်ပါတယ်။ အခုချိန်မှာ အတိအကျ မပြောနိုင်သေးပါဘူး။ ဆက်လက်စစ်ဆေးဖို့ လိုပါတယ်”

“အစကတော့ ပီတာဟာ ကလေးလို ဆိုးနေတာပဲလို့ ကျွန်မထင်နေတာ . . ADHD အကြောင်း နည်းနည်း ပြောပြပါ ဆရာ”
“ADHD ဆိုတာ မူလတန်းကျောင်းသားအရွယ်မှာ စတင်တွေ့ရှိရတဲ့ ဦးနှောက်နဲ့ စိတ်ပိုင်းဆိုင်ရာ ဝေဒနာတစ်ခု (Neuropsychological Disorder) ဖြစ်ပါတယ်။ မူလတန်းကျောင်းသားတွေထဲမှာ ၇ ရာခိုင်နှုန်းလောက် ADHD ဝေဒနာရှိနိုင်တယ်။ လူပျိုပေါက်၊ အပျိုပေါက် အရွယ်တွေထဲမှာ ၅ ရာခိုင်နှုန်း တွေ့ရှိရတယ်။ အရွယ်ရောက်သူတွေထဲမှာ ၂ ရာခိုင်နှုန်းကျော် ရှိနိုင်ပါတယ်”

“တော်တော်များတယ်နော်၊ ADHD ဝေဒနာရဲ့ လက္ခဏာတွေကို သိချင်ပါတယ်။ ပီတာနဲ့ တိုက်ကြည့်ချင်လို့ပါ ဆရာ”

ADHD ရောဂါလက္ခဏာများ

“ပြောလို့ရပါတယ်။ အာရုံစိုက်နိုင်မှု ချို့ယွင်းတဲ့ အပိုင်းရယ်၊ လှုပ်ရှားမှုလွန်ကဲတဲ့ အပိုင်းရယ်ဆိုပြီး နှစ်မျိုးရှိပါတယ်။

အာရုံစိုက်မှု ချို့ယွင်းတဲ့ လက္ခဏာတွေကတော့ တစ်စုံတစ်ခုကို ကြာရှည်စွာအာရုံမစိုက်နိုင်တာ၊ တစ်ခုခု လုပ်ကိုင်နေတာ အဆုံးမသတ်ခင် တခြားအလုပ်ကို အာရုံရောက်သွားတာ၊ အလွယ်တကူ စိတ်အာရုံ ပြောင်းလဲတာ၊ တစ်ခုခုကို အသေးစိတ် လေ့လာနိုင်မှုမရှိတာ၊ အမှားမှားအယွင်းယွင်း ပြုလုပ်တတ်တာ၊ မေ့ပျောက်လွယ်တာ၊ အလုပ်တစ်ခုကို အစီအစဉ်တကျ ဆောင်ရွက်နိုင်မှု မရှိတာတို့ ဖြစ်ပါတယ်။

လှုပ်ရှားမှု လွန်ကဲတဲ့ လက္ခဏာတွေကတော့ ခန္ဓာကိုယ်ကို တွန့်လိမ်လှုပ်ရှားနေတတ်တာ၊ တစ်နေရာထဲမှာ ကြည်ရှည် မနေနိုင်တာ၊ ထိုင်ပြီး ကစားရတဲ့ ကစားနည်းတွေမှာ ငြိမ်ငြိမ်သက်သက် မကစားတတ်တာ၊ မပြောသင့်တဲ့ နေရာ၊ မပြောသင့်တဲ့ အခြေအနေတွေမှာ အလွန်အမင်း စကားများတာ၊ မေးခွန်းမဆုံးခင် အဖြေကို အလျင်စလို အော်ဟစ်ဖြေကြားတာ၊ မိမိအလှည့်ကို သည်းခံမစောင့်နိုင်တာ၊ တခြားကျောင်းသားတွေကို ပစ္စည်းတစ်ခုခုနဲ့ ပစ်ပေါက်ကစားတတ်တာတွေပါပဲ”
“ဆရာ ပြောပြမှ ပီတာရဲ့ အပြုအမူတွေကို ပြန်မြင်ယောင်လာတယ်”

“နောက်ပြီးတော့ ADHD ဝေဒနာရှင်ကလေး သူငယ်တွေဟာ စိတ်လှုပ်ရှားလွယ်တယ်၊ တဇွတ်ထိုးလုပ်တတ်တယ်၊ အရေးအဖတ်ကို သင်ယူတတ်မြောက်နိုင်တဲ့ စွမ်းရည်လည်း ချို့ယွင်းတတ်တယ်။ Specific Learning Disorder လို့ ခေါ်ပါတယ်”

“ဉာဏ်ထိုင်းတာကို ပြောတာလား ဆရာ”
“မဟုတ်ပါဘူး။ ADHD ဝေဒနာရှင် ကလေးသူငယ်တွေဟာ ဉာဏ်မထိုင်းဘူး၊ ဉာဏ်ရည်အဆင့် သာမန် ဒါမှမဟုတ် သာမန်အထက် ရှိပါတယ်။ သူတို့ရဲ့ ဉာဏ်ရည်ကို ထိထိရောက်ရောက် အသုံးမချနိုင်တာပါ။ ပီတာ သူ့သူငယ်ချင်းတွေနဲ့ ပေါင်းသင်းဆက်ဆံတဲ့ နေရာမှာ အခက်အခဲရှိသလား၊ ကေသီ ဘယ်လိုမြင်ပါသလဲ”

“အခက်အခဲရှိတယ် ဆရာ။ ပီတာက သူ့အပေါင်းအသင်းတွေကို ခင်မင်တတ်ပါတယ်။ ဒါပေမဲ့ စုပေါင်းကစားတဲ့အခါ ပီတာက စိတ်မရှည်ဘူး၊ အလှည့်မစောင့်ချင်ဘူး၊ သူတိုရဲ့ ကစားကွက်စည်းကမ်းကို မလိုက်နာချင်ဘူး။ ဒီတော့ သူငယ်ချင်းတွေက ပီတာကို အဖော်မလုပ်ချင်တော့ဘူး။ နောက်တစ်ခု တွေ့ရတာကတော့ ပီတာဟာ မကြာခဏ အကြောင်းမဲ့ ကြမ်းတမ်းခက်ထန်တတ်တယ် ဆရာ”

“အဲဒါလည်း ADHD ဝေဒနာရဲ့ လက္ခဏာတစ်ခုပဲ”

ADHD ဝေဒနာရှိ၊ မရှိ စမ်းသပ်စစ်ဆေးခြင်း

“ဒီတော့ ပီတာဟာ ADHD ဝေဒနာ အမှန်တကယ် ခံစားနေရတာ ဟုတ်၊ မဟုတ် စစ်ဆေးရပါမယ်။ ပီတာရဲ့ နောက်ကြောင်းရာဇဝင်ကို အသေးစိတ် သိချင်ပါတယ်။ ကျောင်းမှာ၊ အိမ်မှာ၊ ကစားကွင်းမှာ၊ ဈေးတန်းထဲမှာ၊ တခြားသူ တစ်ဦးဦးအိမ်မှာ ပီတာ ပြုမူနေထိုင်လုပ်ကိုင်တတ်တဲ့ အလေ့အထ၊ အကျင့်စရိုက်တွေကို စာရင်းပြုစုပေးဖို့ ကေသီ ကူညီနိုင်မလား”

“ဟုတ်ကဲ့ . . ကျွန်မ ကူညီနိုင်ပါတယ်”
“ကောင်းပါပြီ။ နောက်တစ်ပတ်မှာ ပီတာရဲ့ ဇာတ်လမ်းစုံကို စာရင်းပြုစုပြီးယူခဲ့ပါ။ တခြား ဆရာဝန်တွေရဲ့ ဆေးမှတ်တမ်းတွေ ရှိရင်လည်း ယူခဲ့ပါ။ နောက်တစ်ပတ်မှာ ပီတာကို လူကိုယ်တိုင် စစ်ဆေးမယ်၊ နောက်ပြီး ပြုလုပ်သင့်တဲ့ တခြားစစ်ဆေးမှုတွေနဲ့ ADHD ဝေဒနာကို ဘယ်လို ကုသသင့်တယ်ဆိုတာ ရှင်းပြပါမယ်”

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top