Healthy Life Ad
Life Style

ဘယ်သူတွေ အကြားလျော့နေပါလိမ့် . . .

ပါမောက္ခဒေါက်တာခင်လှလှ (နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်းရောဂါပညာဌာန၊ ဆေးတက္ကသိုလ်-၁၊ ရန်ကုန်)

ကုသခြင်းထက် ကာကွယ်ခြင်းက ကောင်းတယ်ဆိုပေမယ့် မကာကွယ်နိုင်လို့ ရောဂါဖြစ်ပြီ ဆိုပါတော့။ အဲဒီလူတွေကို စောစောစီးစီးရှာပြီး ကုသမှုပေးနိုင်ရင် ကောင်းပါတယ်။ ရောဂါနုစဉ်မှာအပ်နဲ့ ထွင်းရမယ်၊ ရောဂါရင့်ရင်တော့ ပုဆိန်နဲ့ ပေါက်ရတာ မျိုးဖြစ်သွားနိုင်ပါတယ်။

ပိုပြီး အရေးကြီးတာက ရွှေရောင်အချိန်လို့ ဆိုရမယ့်အချိန်တွေပါ။ အဲဒီအချိန်အတွင်းမှာ ကုရင် ရလဒ်ကောင်းတွေရပြီး အဲဒီအချိန်လွန်မှကုရင်ရလဒ် သိပ်မကောင်းတော့တာတွေ ရှိတယ်။ နားအကြား အာရုံချို့တဲ့သူတွေကိုလည်း ရှာဖွေပြီး လူ့အသိုင်း အဝိုင်းထဲမှာပြန်ဝင်ဆန့်အောင်၊ အလုပ်တွေ လုပ်ပြီး လူသားတွေရဲ့ အကျိုးဆောင်နိုင်အောင် ကူညီပေးနိုင်ပါတယ်။

မွေးကင်းစကလေးများကို အကြားအာရုံ စစ်ဆေးခြင်း
စောစောပိုင်းကရေးခဲ့သလို ကလေးလေး တစ် ယောက်စကားပြောတတ်လာတာဟာ သူ့ပတ်ဝန်း ကျင်မှာပြောဆိုနေကြတဲ့ စကားသံတွေကို ကြားပြီးမှ အတုခိုးပြီး ပြောတတ်လာတာဖြစ်ပါတယ်။အကြား အာရုံချို့တဲ့တဲ့ကလေးတွေကျတော့ စကားသံကို မကြားတော့ အတုခိုးပြီးမပြောတတ်ဘူးလို့ ဆိုပါတယ်။ စဉ်းစားကြည့်ရင် အဲဒီကလေးလေးကို ရွှေရောင်အချိန်အတွင်းမှာ နားကြားအောင်လုပ်ပေးနိုင်ရင် နားကောင်းတဲ့ ကလေးတွေလိုပဲ ဘာသာစကားတတ် မြောက်လာမှာဖြစ်တယ်။ ဒါကြောင့် မွေးကင်းစကလေးတွေကို နားအကြားအာရုံစစ်ဆေးပြီး ဘယ်ကလေးလေးတွေက အကြားအာရုံလျော့နေသလဲဆိုတာ သိဖို့အရေးကြီးပါတယ်။

အကြားအာရုံကောင်း၊ မကောင်းကို Screening Otoacoustic Emission (Screening OAE) နဲ့စမ်းပါတယ်။ စမ်းသပ်တာမအောင်မြင်တဲ့ ကလေးတွေကို နောက်ထပ် စမ်းသပ်လို့ ထပ်ပြီး မအောင်ရင် အသေးစိတ်စစ်ဆေးဖို့ နား၊နှာခေါင်း လည်ချောင်းဆေးရုံကြီးကို ခေါ်ပါတယ်။ ဒီတစ်ခါလည်း မအောင်မြင်ရင်တော့ နားအကြားအာရုံချို့တဲ့တယ်လို့ သတ်မှတ်ပြီး လိုအပ်တာတွေ လုပ်ပေးရမှာပါ။ ဒါကြောင့်လည်း မွေးကင်းစကလေးတိုင်းကို တစ်လအတွင်း အကြားအာရုံစမ်းသပ်ရမယ်၊ အကြားအာရုံချို့တဲ့တယ်လို့ ကလေးအသက် ၃လအတွင်း သတ်မှတ်ပြီးဖြစ်ရမယ်၊ အသက် ၆ လအတွင်း လိုအပ်တဲ့ကုသမှု ပေးရမယ်လို့ဆိုပါတယ်။ အဲဒီအချိန် အတွင်းကုသမှ ရွှေရောင်အချိန်တွေမှီပြီး ဘာသာစကားတတ်ကျွမ်းမယ်၊ အကြားအာရုံကောင်းမွန်တဲ့ ကလေးတွေလိုပဲ ပုံမှန်ကျောင်းမှာ ပညာသင်ယူနိုင်မှာပါ။

ကျွန်မတို့ကလေးတွေကို မွေးပြီး ၃ရက် ဒါမှမဟုတ် ဆေးရုံကမဆင်းခင် စမ်းသပ်ပေးနေပါတယ်။ဗဟိုအမျိုးသမီးဆေးရုံကြီး(ရန်ကုန်)မှာ၂၀၁၅ခုနှစ် မေလကစပြီး စီမံချက်ချကာ စမ်းသပ်နေတာဖြစ်ပါတယ်။ အခုနှစ်မှာအရှေ့ပိုင်းဆေးရုံမှာပါ လုပ်ဆောင်ဖို့ လျာထားပါတယ်။ တတ်နိုင်ရင်တစ်ပြည်လုံးအတိုင်း အတာနဲ့လုပ်ပေးချင်တာပါ။ နိုင်ငံတော်ရဲ့ ပံ့ပိုးမှု၊ နိုင်ငံသားတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ဆိုရင် ကျွန်မတို့ရဲ့ အိပ်မက်တွေ အကောင်အထည်ပါ်လာမှာ မလွဲပါဘူး။

ကလေးများတွင် အကြားအာရုံစစ်ဆေးခြင်း
ကလေးတွေနားကြားမှ စကားပြောတတ်ပြီး စာ ပေသင်နိုင်မှာမို့ ဘယ်ကလေးတွေ နားအကြားလျော့ နေသလဲဆိုတာ ရှာဖွေဖို့ အရေးကြီးပါတယ်။ ကျွန်မ တို့ဆီမှာစမ်းသပ်တဲ့ စက်ကိရိယာတွေက နိုင်ငံတ ကာစံချိန်မှီပါ။ ဒါပေမဲ့ကလေးရဲ့အကြားအာရုံ လျော့ နေမလားဆိုတဲ့အသိနဲ့ ကလေးကိုလေ့လာကြည့်ပြီး သံသယရှိပါက ကျွန်မတို့ဆီလာပြရင် ပိုစောစောသိ ပြီး လိုအပ်တဲ့ကုသမှုတွေ လုပ်ပေးနိုင်မှာပါ။

အသက် ၆လ
ကလေးဟာ အသံလာတဲ့ဘက်ကို ခေါင်းလှည့် ကြည့်တတ်တာမို့ ဂျောက်ဂျက်နဲ့စမ်းနိုင်ပါတယ်။

အသက် ၁နှစ်
နားကြားတဲ့ကလေးဟာ ဘယ်ဘက်ကဖြစ်ဖြစ်၊ ညာဘက်ကဖြစ်ဖြစ် ၆ပေအကွာက လက်ခုပ်တီးရင် လှည့်ကြည့်ပါမယ်။ ကလေးက အသက် ၁ နှစ်တောင် ရှိနေပြီး အသံလာတဲ့ဘက်ကိုလှည့်မကြည့်ရင် နားအကြားလျော့နေနိုင်တာမို့ လာရောက်ပြသသင့်ပါတယ်။

အသက်၂ နှစ်
ရိုးရှင်းတဲ့စကားလုံးတွေကို လိုက်ပြောခိုင်းပါ။အသက်၂နှစ်ဆိုရင် ရိုးရှင်းတဲ့စကားတွေကို နားလည်ပြီး လိုက်ပြောတတ်ပါတယ်။

ကလေးကို ကိုယ်ခန္ဓာအစိတ်အပိုင်းတွေကို ပြခိုင်းပါ။ ဥပမာ-နှာခေါင်း။

အသက်၂နှစ်ရှိပြီဆိုရင် ခန္ဓာကိုယ်အစိတ်အပိုင်းတွေကိုသိပြီး ပြတတ်ပါတယ်။

လူကြီးများတွင် နားစစ်ဆေးခြင်း
တိတိကျကျသိချင်ရင် စက်နဲ့ စမ်းရမှာပါ။အ ကြမ်းဖျင်းသိချင်ရင် ဒီစမ်းသပ်မှုတွေကို လုပ်နိုင်ပါ တယ်။

(၁) လက်ညှိုးနဲ့ လက်မကိုစမ်းသပ်ခံမယ့် လူရဲ့နား နားမှာ ပွတ်ရပါမယ်။ အသံကြား၊ မကြား စမ်းသပ်ရပါမယ်။
(၂) နားနားမှာ လေသံနဲ့ ပြောရပါမယ်။ ကိုယ်ပြောသလို လိုက်ပြောခိုင်းပါ။ အသံတိုးတိုးပြောတာကို လိုက်ပြောနိုင်သလား၊ အသံကျယ်ကျယ်ပြောမှ လိုက်ပြောနိုင်တာလား။ နားကောင်းတဲ့သူနဲ့ နှိုင်းယှဉ်ရပါမယ်။

ကလေးရဲ့ အသက်အရွယ်အလိုက် အသံကို တုန့်ပြန်မှု မရှိရင်
လူကြီးဟာ စကားသံကိုမတုန့်ပြန်ရင် အကြားလျော့နေနိုင်တာမို့ စမ်းသပ်မှု ခံယူသင့်ပါတယ်။ စမ်းသပ်ပြီး နားအကြားလျော့နေတာ သေချာပြီဆိုရင် လိုအပ်သလို ကုသပေးရပါမယ်။ နားကြား ကိရိယာတပ်မလား၊ သောက်ဆေးတွေပေးမလား၊ နားအစားထိုးမလား စသဖြင့် သူတို့ရဲ့ အကြားအာရုံ ပြန်လည်ရပြီး လူ့ပတ်ဝန်းကျင်မှာ အထီးကျန်မဖြစ်ဘဲ လူ့လောကကို အကျိုးပြုတဲ့သူတွေဖြစ်အောင် ဝိုင်းဝန်းကြိုးပမ်းကြရမှာပါ။

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top