Healthy Life Ad
Health Tips

ခါးနာနေလျှင်ဆင်ခြင်သင့်သည့် အပြုအမူများ

စူး ( ဆေးဝါးတက္ကသိုလ် )
နာတာရှည် ခါးနာတာက အဖြစ်များတဲ့ ဝေဒနာတစ်ခုပါ။ ခါးနာတဲ့ဝေဒနာကို အချိန်ကြာကြာ ခံစားရတာကြောင့် သင့်အလုပ်၊ သင့်မိသားစုနဲ့ လူမှုရေးဆိုင်ရာ လှုပ်ရှားမှုတွေမှာတောင် ပါဝင်ဖို့ ပျက်ကွက်လာနိုင်ပါတယ်။ ဒါကြောင့် ခါးနာနေချိန်မှာ ဝေဒနာတာရှည်မခံစားရစေဖို့ အောက်ပါအပြုအမူတွေကို ရှောင်ရှားသင့်ပါတယ်။

(၁) လျှောမထိုင်သင့်
ခါးနာဝေဒနာ အဖြစ်များဆုံး အကြောင်းရင်းတစ်ခုက ထိုင်တဲ့ အနေအထားမမှန်တာကြောင့်ပါ။ လျှောထိုင်တာကြောင့် ခါးအပေါ် ဒဏ်သက်ရောက်ပြီး အဆစ်၊ ကြွက်သားနဲ့ ကျောရိုးချပ်ပြားတွေပေါ် ဖိအားသက်ရောက်မှုဖြစ်ကာ ခါးနာတတ်ပါတယ်။ ဒါကြောင့် အနေအထားမှန်မှန်ထိုင်ပါ။ အနေအထားမှန်မှန် ထိုင်တာကြောင့် ခါးနာတာကို သက်သာစေပါတယ်။

(၂) လေ့ကျင့်ခန်းကို အပြင်း အထန်မလုပ်သင့်
လေ့ကျင့်ခန်းကို အသင့်အတင့် လုပ်တာကြောင့် အဓိက ကြွက်သားတွေကို သန်စွမ်းစေပြီး အဆစ်နဲ့ ကျောရိုးချပ်ပြားတွေမှာ သွေးလှည့်ပတ်မှု ကောင်းစေကာ စိတ်ခံစားမှုကို ကောင်းမွန်စေပါတယ်။

(၃) ရောဂါတစ်ခုကဲ့သို့ သဘော မထားသင့်
သင်ခံစားနေရတဲ့ ခါးနာတာက ရောဂါကြောင့် မဟုတ်ဘူးလို့ ဆရာဝန်က ပြောခဲ့ရင် ခါးနာကျင်မှုကြောင့် သောကရောက်မနေပါနဲ့။ ခါးနာကျင်တဲ့ ဝေဒနာရဲ့ ၈၅ ရာခိုင်နှုန်းနဲ့အထက်က ရောဂါ တိတိကျကျမရှိတတ်ပါဘူး။

(၄) ‘ပျောက်စေ’ဆေးများ မရှာသင့်
ခါးနာတဲ့ ဝေဒနာအတွက် ကြော်ငြာကောင်းတဲ့ ပျောက်စေဆေးတွေကို မယုံပါနဲ့။ ကိုယ်နေဟန်အနေအထား မှန်မှန်နေတာ၊ ကြာကြာမထိုင်ဘဲ အနေအထားပြောင်းနေတာ၊ အလေးအပင်မ မဘဲနေတာ၊ ကုန်းကုန်းကွကွ မနေတာ၊ ခါးကို လိမ်ချိုးတာမျိုး မလုပ်တာတို့ကို လိုက်နာသင့်ပါတယ်။

(၅) လေးလံသော အရာဝတ္ထုများကို မသယ်မသင့်
ခါးနာတဲ့ ထိပ်တန်းအကြောင်းရင်း တစ်ချက်က လေးလံလွန်းတဲ့ ပစ္စည်းတွေကို မကြာခဏသယ်မတာပဲ ဖြစ်ပါတယ်။ သင့်အလုပ်က လေးလံတဲ့ပစ္စည်းတွေကို သယ်ဖို့လိုရင် တခြားလုပ်ဖော်ကိုင်ဖက်တစ်ဦးကို အတူသယ်ဖို့ အကူအညီတောင်းပါ။

(၆) မကြာခဏ ကွေးညွတ်ခြင်း မလုပ်သင့်
ကိုယ်နေဟန်ထားကို မကြာခဏ ကွေးညွတ်တာကြောင့်လည်း ခါးနာတတ်ပါတယ်။ ရှေ့ကိုကိုင်းတာကြောင့် ခါးကျော ရိုးချပ်ပြားတွေပေါ် ဖိအားသက်ရောက် ပြီး ကြွက်သားနာတာနဲ့ ကိုက်ခဲတာတို့ ဖြစ်စေနိုင်ပါတယ်။

(၇) ဆေးလိပ် မသောက်သင့်
ဆေးလိပ်သောက်တာကြောင့် သင့်ကျန်းမာရေးကို ထိခိုက်စေနိုင်ကြောင်း သိပြီးဖြစ်မှာပါ။ လေ့လာမှုတချို့အရ ဆေးလိပ်သောက်တာကြောင့် ခါးနာဝေဒနာကို ပိုဆိုးစေနိုင်တယ်လို့ သိရပါတယ်။

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top