Healthy Life Ad
Health Tips

အမြန်ဆုံး ခါးနာ သက်သာစေမည့် နေထိုင်မှုပုံစံ

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

လူတိုင်းလိုလိုဟာ ဘဝမှာ တစ်ချိန်မဟုတ်တစ်ချိန်ဆိုသလို ခါးနာဖူးကြပါတယ်။ အသက်၄၅ နှစ်အောက်အရွယ်တွေမှာ ခါးနာတာက စိတ်အနှောင့်အယှက်ဖြစ်စရာ အကောင်းဆုံးနာကျင်မှုပါ။ ခါးနာတာအများစုက အနေအထိုင်၊ သွားလာလှုပ်ရှားမှု ပုံမမှန်တာကြောင့် ဖြစ်တတ်ပါတယ်။ ဒါကြောင့် ခါးနာဝေဒနာကို ချက်ချင်းသက်သာစေမယ့် နည်းတွေကို ရေးသားလိုက်ရပါတယ်။

(၁) သင့်လက်ကိုင်အိတ်ကို ရှင်းပါ
ခန္ဓာကိုယ်ရဲ့ ဘေးတစ်ခြမ်းတည်းမှာ လေးလံလွန်းတဲ့အိတ်ကို လွယ်တာက သင့်အရိုးစနစ် အပေါ် ဖိအားသက်ရောက်စေပါတယ်။ ဒါကြောင့် သင်လွယ်မယ့် ပခုံးကြိုးတင်လွယ်အိတ်၊ ကျောပိုးအိတ်၊ လက်ကိုင်အိတ်စတာတွေကို အလေးချိန်ချိန်ကြည့်ပါ။ အဲဒီအိတ်က သင့်ခန္ဓာကိုယ်အလေးချိန်ရဲ့ ၁၀ ရာခိုင်နှုန်းထက် ပိုများနေရင် အိတ်ထဲက မလိုအပ်တဲ့ပစ္စည်းတွေကို ထုတ်လိုက်ပါ။

(၂) ပိုက်ဆံအိတ်ထဲမှာ ပိုက်ဆံနည်းနည်းပဲ ထည့်ပါ
ပိုက်ဆံတွေ အပြည့်ထည့်ထားတဲ့ ပိုက်ဆံအိတ်ကို ဘောင်းဘီနောက်အိပ်ကပ်ထဲထည့်ပြီး တစ်နေ့လုံးထိုင်တာက ကျောရိုးကို လိမ်ထားသလို ဖြစ်စေပြီး တင်ပါးရှိ နာ့ဗ်ကြောကို ဖိမိစေနိုင်ပါတယ်။ ဒါက နာ့ဗ်ကြောရောင်ရမ်းမှုကို ဖြစ်စေနိုင်ပါတယ်။ ဒီလိုဖြစ်ပြီး ခါးနာတာက အမျိုးသားတွေမှာ အဖြစ်များပါတယ်။

(၃) ဆေးမသောက်မီ အပူကုထုံးသုံးပါ
ခါးနာတဲ့အခါ အကိုက်အခဲပျောက်ဆေးပါ ရာစီတမောနဲ့ အိုင်ဗျူပရိုဖင်တို့ သောက်တာထက် အပူပေးပြီး အရင်ဆုံး ကုသသင့်ပါတယ်။ ရေနွေးအိတ်ကပ်တာမျိုးကို ရှစ်နာရီကြာလုပ်ဆောင်ပေးရင် သက်သာနိုင်ပါတယ်။ လေ့လာမှုတစ်ရပ်အရ အကိုက်အခဲပျောက်ဆေးကို သောက်တာထက် အပူပေးကုသတာက ပိုမိုထိရောက်တဲ့ အာနိသင်ကို ရရှိစေတယ်လို့ သိရပါတယ်။

(၄) သင့်အပ်ချုပ်ဆရာ ပြောစကားကို နားထောင်ပါ
ဘောင်းဘီချုပ်ဖို့ကိုယ်တိုင်းတဲ့အခါ သင့်အပ်ချုပ်ဆရာက သင့်ခြေထောက်တစ်ချောင်းက တခြားတစ်ချောင်းထက် ပိုတိုနေတယ်လို့ ပြောတဲ့အခါ အလေးထားပါ။ ဒါက သင့်ခါးပေါ်မှာ ဒဏ်ပိပြီး ခြေထောက်တစ်ဖက်နဲ့ တစ်ဖက် တစ်လက်မလောက် ခြားနာနေတာ ဖြစ်နိုင်ပါတယ်။ တကယ်လို့ ဒီလိုခြားနားနေတယ်လို့ အပ်ချုပ်ဆရာက ပြောခဲ့ရင် အရိုးအထူးကုဆရာဝန်နဲ့ တိုင်ပင်ပါ။

(၅) ဒူးများကို မြှင့်ထားပါ
ထိုင်ခုံပေါ်မှာ ထိုင်တဲ့အခါ ဒါမှမဟုတ် လေယာဉ်ကြာကြာစီးတဲ့အခါ သင့်ဒူးတွေက သင့်တင်ပါးထက် အနည်းငယ်မြင့်နေစေဖို့ ခြေထောက်အောက်မှာ တစ်ခုခုခံထားပါ။ ဒူးတွေက မြင့်နေရင် ခါးအောက်ပိုင်း အပေါ်ကို ဖိအားသက်ရောက်မှု လျော့နည်းသွားပါလိမ့်မယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top