Healthy Life Ad
Child

ကလေးသူငယ်နှင့် အော်တစ်ဇင်ရောဂါ (၂)

ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးဆရာဝန်ကြီး – အငြိမ်းစား)

……ယခင်တစ်ပတ်မှအဆက်

ဂျိမ်းနဲ့ သူ့မိခင် ဘက်တီတို့ဟာရက်ချိန်ပေးထားတဲ့အတိုင်း ဒေါက်တာဘရက်ဒီနဲ့ တွေ့ဆုံဖြစ်ပါတယ်။ သူတို့ပြောဆို ဆွေးနွေးတဲ့အချက်အလက်တွေကို ဒေါက်တာဘရက်ဒီက ဘွဲ့လွန်သင်တန်းကြီးကြပ် ကွပ်ကဲသူ(စာရေးသူ)ကို အောက်ပါအတိုင်းပြန်လည်ပြောပြပါတယ်။

“ဘက်တီ ပေးလိုက်တဲ့စာကို ဆရာဝန်တွေ ပညာပေးဆွေးနွေးပွဲမှာ ကျွန်တော်တင်ပြပါတယ်။ ဂျိမ်းဟာ အော်တစ်ဇင်ရောဂါ ခံစားနေရတယ်လို့ ဆရာဝန်တွေက သဘောတူပါတယ်။ ဒါပေမဲ့သေချာအောင်ဘက်တီနဲ့ ဆက်လက်ဆွေးနွေးရမှာပါ”

“အော်တစ်ဇင်ရောဂါဆိုတာ ဘာလဲ ဆရာ”

“ဟုတ်ကဲ့၊ ဆရာဝန်များအစည်းအဝေးမှာဆွေး နွေးတာတွေကို ကျွန်တော် ပြန်လည်ရှင်းပြပါမယ်။ ကျွန်တော်တို့ ဆွေးနွေးခဲ့တာကတော့ – – – (Healthy Life ဂျာနယ် အမှတ်(၄၆)နဲ့ (၄၇)တွင် ကြည့်ပါ)”

“ဂျိမ်းဟာ အော်တစ်ဇင်ရောဂါ ခံစားနေရတာသေချာရင် ဘယ်လိုကုသနိုင်သလဲ ဆရာ၊ ဂျိမ်းအတွက် ကျွန်မတို့ဘယ်လို ဆောင်ရွက်ပေးရမလဲ ”

အော်တစ်ဇင်ရောဂါကို ကုသခြင်း

“အော်တစ်ဇင်ရောဂါကို ကုသတဲ့အခါ အဲဒီရောဂါမှာ တွေ့ရှိရတဲ့ အဓိကရောဂါလက္ခဏာတစ် ခုချင်းကိုဦးစားပေး ကုသပါတယ်။ ပထမအချက်ကတော့ လူမှုဆက်ဆံရေးချို့ယွင်းတာကို ပြုပြင်ပေးဖို့ ဖြစ်ပါတယ်”

“ရှင်းပြပါ ဆရာ”

“ဂျိမ်းဟာ တခြားသူတွေ ပြောတာကို ဂရုတစိုက် နားမထောင်တတ်ဘူး။ နောက်ပြီး အလွယ်တကူ နားမလည်နိုင်ဘူး၊ ဒါကြောင့် ဂျိမ်းနဲ့ စကားပြောတဲ့အခါ သတိထားရမယ့် အချက်တွေ ရှိပါတယ်”

“ဘာများလဲ ဆရာ”

“သူနဲ့ စကားပြောရင် လွယ်ကူတဲ့ စကားလုံးဝေါဟာရကို သုံးရမယ်။ သာမန်လေသံနဲ့ နှေးနှေးပြောရမယ်။ စကားကို ဖြတ်ပြီး ပြောရမယ်။ တစ်ကြိမ် မှာ အကြောင်းအရာတစ်ခုကိုသာ ပြောရမယ်။ တိတိ ကျကျ၊ တိုတိုတုတ်တုတ်ပြောရမယ်။ ပါးစပ်နဲ့ပြောတာ အပြင် ရုပ်ပုံကားချပ်တွေကို အသုံးပြုပြီး ဆက်သွယ် ပြောဆိုရမယ်”

“ဂျိမ်းနဲ့ စကားပြောရင် ကျွန်မသတိထားရမယ့် အချက်တွေပေါ့နော်”

“ဟုတ်ပါတယ်။ နောက်ပြီး လူတွေနဲ့ ဆက်ဆံပေါင်းသင်းတဲ့အခါ အသုံးပြုရမယ့် ဝေါဟာရစကား လုံးတွေကိုလည်း သင်ကြားပေးရမယ်။ လူတွေကို နှုတ်ဆက်စကားပြောတာ၊ အပြန်အလှန် ပြောဆို ဆက်ဆံတာတွေကို လေ့ကျင့်ပေးရမယ်။ ကစားစရာအရုပ်တွေနဲ့ ကစားကွက်ဆင်ပြီး သင်ကြားပေးနိုင်ပါတယ်။ တခြားကလေးတွေအချင်းချင်း ပူးပေါင်းက စားပုံတွေကို အတုခိုးတတ်အောင် သင်ကြားပေးရပါတယ်။ အော်တစ်ဇင်ရောဂါ ခံစားနေရတဲ့ ကလေးတွေဟာ လူတွေနဲ့ရောရောနှောနှော မနေချင်ဘူး၊ စကားပြောမတတ်ဘူး၊ ဆက်ဆံရေး ပြေပြစ်ဖို့ လိုအပ်တဲ့စိတ်ခံစား တုန့်ပြန်တတ်မှုလည်း ချို့ယွင်းနေပါတယ်”

“ဂျိမ်းဟာ ဒီအတိုင်းပါပဲ ဆရာ”

“ဒီတော့ စိတ်ခံစားတုန့်ပြန်မှု ဖွံ့ဖြိုးတိုးတက်စေဖို့ လေ့ကျင့်ပေးရပါမယ်”

“ရှင်းပြပါ ဆရာ”

“စိတ်ခံစားမှု အမျိုးမျိုးကို ဖော်ပြတဲ့စကားလုံး ဝေါဟာရတွေကို သင်ကြားပေးရမယ်၊ တခြားသူရဲ့ စိတ်ခံစားမှုကို သိရှိနားလည်တတ်အောင်၊ “ဖတ်” တတ်အောင် သင်ကြားပေးနိုင်တယ်။ ဥပမာ- ရုပ်ပုံ၊ ဓာတ်ပုံ၊ ပန်းချီကားချပ်တွေကို ပြပြီး ပျော်ရွှင်တဲ့မျက်နှာ၊ ဒေါသထွက်နေတဲ့မျက်နှာ၊ စိတ်ညစ်နေတဲ့ မျက်နှာစသဖြင့် ခွဲခြားပြောဆိုတတ်အောင် လေ့ ကျင့်ပေးနိုင်တယ်။ လူတွေရဲ့ ကိုယ်အမူအရာ၊ နှုတ်အမူအရာကိုကြည့်ပြီး သူတို့ရဲ့ စိတ်ခံစားမှုကို နားလည်သိရှိနိုင်အောင် လေ့ကျင့်ပေးရမယ်”

“ဒီလိုနေရာမှာ ကျွန်မသမီးကြီးကတော့ အကင်းပါးလိုက်တာလွန်ရောဆရာ”

“ဟုတ်မှာပါ။ ဒါပေမဲ့အော်တစ်ဇင်ရောဂါရှင် ကလေးတွေမှာ အဲဒီလိုဖြစ်မလာဘူး၊ နောက်ကျကျန်နေခဲ့တယ်။ ဂျိမ်းဟာ သူရဲ့စိတ်ခံစားမှုကို သိရှိနားလည် ပြောပြတတ်အောင်လည်း သင်ကြားပေးဖို့လိုပါတယ်”

“ဘယ်လိုများလဲ ဆရာ”

“ဥပမာ- ဂျိမ်းမှာ မျက်နှာအမူအရာ ပြောင်းလဲသွားတာတွေ့ရင် သူဘယ်လို စိတ်ခံစားမှု ရှိသလဲဆိုတာ မေးကြည့်ပါ၊ ကြမ်းတမ်းတဲ့ အမူအရာကိုပြရင် ဂျိမ်း ဘယ်လိုခံစားရသလဲ၊ စိတ်တိုနေသလားလို့ မေးကြည့်ပါ။ သူ့စိတ်ခံစားမှုကို ဖွင့်ဟပြောဆိုခိုင်းပါ။ ဂျိမ်းဟာ သူ့စိတ်ခံစားမှုကိုသူ့ကိုယ်တိုင်ပြန်ပြီး `ကြည့်’တတ်အောင် လေ့ကျင့်ပေးရပါမယ်။ ကာတွန်းဇာတ် လမ်းတွေကိုပြပြီး သူဘယ်လို စိတ်ခံစားမှု ဖြစ်ပေါ်လာသလဲလို့ မေးမြန်းပြီး လေ့ကျင့်ပေးနိုင်ပါတယ်”

“ဒေါက်တာပြောတာကို ကျွန်မသဘောပေါက်ပါတယ်။ ဒါပေမဲ့ လက်တွေ့လုပ်ကြည့်ဖို့တော့ အခက်အခဲရှိမယ် ထင်ပါတယ်”

“မှန်ပါတယ် ဘက်တီ၊ အော်တစ်ဇင်ရောဂါရှင် ကလေးတွေကို ပြုစုပျိုးထောင်ဖို့ အိမ်ပတ်ဝန်းကျင်၊ ကျောင်းပတ်ဝန်းကျင်နဲ့ ပညာရှင်တွေ ကုသပေးတဲ့ ပတ်ဝန်းကျင်မှာ ဆောင်ရွက်ရပါတယ်။ လိုအပ်တဲ့ လေ့ကျင့်ခန်းတွေကိုတစ်စိုက်မတ်မတ် ပြင်းပြင်းထန်ထန် သင်ကြားပေးရပါတယ်။ ပါဝင်ကူညီနိုင်တဲ့ ပညာရှင်တွေကတော့ စိတ်ကျန်းမာရေး အထူးကု ဆရာဝန်အပြင် မိသားစုဆရာဝန်၊ စိတ်ပညာရှင်၊ စကားပြောဝေဒနာကုပညာရှင် (Speech Therapist) တို့ ဖြစ်ပါတယ်”

“ဂျိမ်းဟာ လူတွေကို စိတ်မဝင်စားဘဲ သူတစ်ဦးတည်း တစ်ခုခုကို ထပ်ပြန်တလဲလဲ လုပ်နေတတ်တာကိုလည်း ပျောက်ကင်းစေချင်တယ် ဆရာ”

“အဲဒီလို လက္ခဏာကို အပြုအမူကုထုံးနည်း ပရိယာယ်သုံးပြီး ကုသနိုင်ပါတယ်။ စိတ်ပညာရှင်နဲ့ တွေ့ဆုံတဲ့အခါ ဘက်တီကိုသင်ကြားပြသပေးပါ လိမ့်မယ်။ ထပ်တလဲလဲ ပြုလုပ်တဲ့ အပြုအမူအမျိုး မျိုးရှိပါတယ်။

(က) ခြေလက်တွေကို လှုပ်ရမ်းတဲ့ အပြုအမူ၊ ခန္ဓာကိုယ်ကို ရှေ့နောက် ယိမ်းထိုးတဲ့ အပြုအမူ၊

(ခ) တစ်ခုခုကို အကြိမ်ကြိမ် စစ်ဆေးတတ် ခြင်း၊ အကြိမ်ကြိမ် လက်ဆေးခြင်းစတဲ့ အပြုအမူ၊

(ဂ) အပြောင်းအလဲ လုပ်တာကိုမကြိုက်တဲ့ အပြုအမူ၊

(ဃ) အရုပ်တစ်ခုခု၊ ပစ္စည်းတစ်ခုခုကို စွဲစွဲမြဲမြဲ တပ်မက်တွယ်တာတဲ့ အပြုအမူ၊

(င) ကိုယ်ခန္ဓာကို ဒဏ်ရာရစေတဲ့ အပြုအမူ၊ ဥပမာ- မျက်လုံးကို လက်ချောင်းနဲ့ထိုးတာ၊ အရေပြားကို လက်သည်းနဲ့ ဆိတ်ဖဲ့တာစတာတွေ ဖြစ်ပါတယ်။ ဂျိမ်းမှာဘယ်လို ထပ်ပြန်တလဲလဲ လုပ်တတ်တဲ့ အပြုအမူမျိုး ရှိတယ်ဆိုတာကို ဘက်တီ မှတ်တမ်းပြုပြီး စာရင်းလုပ်ထားပါ။ ကုသမယ့်ပညာရှင် နဲ့ တွေ့တဲ့အခါ အဲဒီမှတ်တမ်းပေါ် မူတည်ပြီး အပြု အမူကုထုံးကို ဆွေးနွေးရမှာပါ”

“ဟုတ်ကဲ့ပါဆရာ၊ စားဆေး မရှိဘူးလား”

“ထပ်တလဲလဲ ပြုလုပ်တတ်တဲ့ ရောဂါလက္ခဏာအတွက် SSRI အနွှယ်ဝင် စိတ်ကျရောဂါကုသဆေးနဲ့ ကုသတာရှိပါတယ်။ အတော်အသင့်အကျိုး ရှိပါတယ်။ စိတ္တဇရောဂါကုသဆေးတစ်မျိုး ဖြစ်တဲ့ Risperidone ဆေးကို သုံးစွဲကြည့်တာလည်းရှိပါတယ်။ အတက်ရောဂါမှာ အသုံးပြုတဲ့အတက်ရောဂါ ကုသဆေးတစ်မျိုး ဖြစ်တဲ့ Valporate ဆေးနဲ့ လည်း စမ်းကြည့်နိုင်ပါတယ်”

“ကလေးကို ဆေးပေးကုသတာတော့ ကျွန်မမလုပ်ချင်ဘူး ဆရာ”

“ကျွန်တော်တို့ဘက်ကလည်း အားမပေးပါဘူး၊ စိတ်ကုထုံးကုနည်းနဲ့ အပြူအမူကုထုံးတွေကို ဦးစွာအားထားကုသပေးပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် လိုအပ်လာရင်သာ ဆေးပေးကုသမှာပါ”

“ဘယ်လို အကြောင်းတွေလဲ ဆရာ”

“ဥပမာ အပြုအမူတစ်ခုက အလွန်အမင်းဆိုးရွားနေပြီး တခြားကုထုံးတွေနဲ့ ကုသဖို့ခက်ခဲတဲ့အခါမျိုးဖြစ်ပါတယ်။ တချို့ကလေးတွေဟာ မိမိကိုယ်ကိုယ် ဒဏ်ရာရစေတဲ့ အပြုအမူကို ထပ်တလဲလဲ တားဆီးလို့မရအောင် ပြုလုပ်နေတတ်တယ်။ တချို့ ကလေးတွေကတော့ ဂနာမငြိမ်ဖြစ်တာ၊ တဇွတ်ထိုးလုပ်တတ်တာ၊ ကြမ်းတမ်းတဲ့ အပြုအမူကို ပြုလုပ် တတ်တာတို့ ရှိပါတယ်။ အဲဒီလို အပြုအမူတွေအတွက် Risperidone ဆေးကို အသုံးပြုနိုင်တယ်လို့ အမေရိကန် အစားအစာနဲ့ ဆေးဝါးကြီးကြပ်ကွပ်ကဲ ရေးအဖွဲ့ (USFDA)က ထောက်ခံထားပါတယ်။ အော်တစ်ဇင်ရောဂါရှိတဲ့ ကလေးတွေမှာ အတက်ရောဂါ ဖြစ်နှုန်းလည်း များပါတယ်။ အဲဒီလိုအခြေအနေရှိရင် အတက်ရောဂါကုသဆေး ဠေူစသမအေနဟာ သင့်တော်ပါတယ်။ တစ်ချက်ခုတ် နှစ်ချက်ပြတ်သဘောပေါ့”

“ကျွန်မ မေးချင်တာ တစ်ခုရှိသေးတယ်။ ဂျိမ်းဟာ မကြာခဏ ဗိုက်နာတတ်၊ ပျို့အန်တတ်တယ်၊ ဝမ်းပျက်လိုက်၊ ဝမ်းချုပ်လိုက်လည်း ဖြစ်တတ်တယ်။ အဲဒါ အစားအစာနဲ့ ဆိုင်သလား ဆရာ”

“အဲဒီလို ရောဂါလက္ခဏာမျိုးတွေက အော်တစ်ဇင်ရောဂါရှင် ၇၀ ရာခိုင်နှုန်းကျော်မှာဖြစ်တတ်ပါတယ်။ အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။ မတည့်တဲ့ အစားအစာကြောင့်လည်း ဖြစ်တတ်ပါ တယ်။ အော်တစ်ဇင်ရောဂါမှာ ဖြစ်တတ်တဲ့ ပူးတွဲလက္ခဏာတစ်ခုလည်း ရှိသေးတယ်။ အိပ်ရေးပျက် တတ်တာပါပဲ”

“ဂျိမ်းမှာလည်းရှိတယ် ဆရာ၊ မကြာခဏ အိပ်ရေးပျက်တတ်တယ်၊ အိပ်ဆေးတိုက်ရင် ကောင်းမလားဆရာ”

“အိပ်ဆေးပေးပြီး ကုသတာကိုတော့ တတ်နိုင်သမျှ ရှောင်သင့်ပါတယ်။ ညနေခင်းမှာ အပြင်ကိုထွက်ပြီး ကစားဖို့အားပေးပါ။ အချိန်မှန်မှန် အိပ်တဲ့အကျင့်လုပ်ပေးပါ၊ မအိပ်ခင် ပုံပြင်ပြောပြီး ခြေလက်တွေကို နှိပ်နယ်ပေးပါ။ မအိပ်ခင်နွားနို့တိုက်တာ၊ ငှက်ပျောသီးကျွေးတာကောင်းပါတယ်”

“ဂျိမ်းရဲ့ ရှေ့ရေးအတွက် ကျွန်မစိတ်မအေးဘူးဆရာ”

“ဂျိမ်းရဲ့ ပင်ကိုယ်ဉာဏ်ရည်သင်္ကေတ (IQ)က ၈၀ လောက်ရှိတယ်ဆိုတော့ အလားအလာမဆိုးပါဘူး။ အလုပ်အကိုင်တစ်ခု ရရှိပြီး မိမိတစ်ဦးတည်း အကူအညီမလိုဘဲ နေထိုင်နိုင်ဖို့ အလားအလာ ၁၂ ရာခိုင်နှုန်းလောက်ရှိပါတယ်။ ဉာဏ်ရည်အဆင့် နိမ့်တဲ့ကလေးတွေကတော့ အများအားဖြင့် ၅၀ ရာခိုင်နှုန်းဟာ တစ်ဦးဦးကို အရွယ်ရောက်တဲ့အထိ မှီခို အားထားနေရတတ်ပါတယ်”

နောက်တစ်ပတ်ဆက်လက် ဖတ်ရှုပါရန်…………………

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top