Healthy Life Ad
Life Style

အူတီဘီအကြောင်း သိကောင်းစရာ(Intestinal Tuberculosis )

ပါမောက္ခဦးအေးမွန် (ခွဲစိတ်အထူးကုဆရာဝန်ကြီးနှင့် တွေ့ဆုံခြင်း)

မေး။ ။ အူတီဘီက ဘာကြောင့် ဖြစ်ရပါသလဲ ဆရာ။
ဖြေ။ ။ အူတီဘီဖြစ်ရတဲ့ အကြောင်းရင်းကလေးမျိုး ရှိပါတယ်။

(၁) ခန္ဓာကိုယ်မှာဖြစ်တဲ့ တီဘီပိုး (ဥပမာ- အဆုတ် တီဘီ)ကနေ အူကို ပျံ့ပြီး ဖြစ်တာ၊

(၂) သလိပ်မှာ တီဘီပိုးရှိရင် အဲဒီပိုးပါတဲ့ သလိပ်ကို မျိုချမိတဲ့အခါ အူကို ပျံ့ပြီး ဖြစ်တာ၊

(၃) သားငံရည်အကျိတ် (Lymphatic Node) မှာ တီဘီပိုးရှိရင် အူကို ပျံ့ပြီးဖြစ်တာ၊

(၄) နီးစပ်ရာ ဆီးလမ်းကြောင်း၊ ကျောက်ကပ်တွေမှာ တီဘီပိုးရှိရာက အူတီဘီဖြစ်တာဆိုပြီး အဓိက လေးမျိုးရှိပါတယ်။

အရင်တုန်းကတော့ တီဘီပိုးပါတဲ့ နွားနို့ကို သောက်တာကြောင့် ဖြစ်တတ်တယ်လို့ ပြောကြပါ တယ်။ နွားနို့ကို မကျိုမချက်ဘဲ သောက်ရင် အဖြစ်များတတ်ပါတယ်။ အဲဒီအကြောင်းရင်းတွေထဲမှာ နံပါတ် (၁)နဲ့ (၂) ကြောင့် အူတီဘီ အဖြစ်များတတ်ပါတယ်။

မေး။ ။ အူတီဘီက အဖြစ်များပါသလား ဆရာ။
ဖြေ။ ။ အဆုတ်တီဘီ၊ အရိုးတီဘီ၊ ကျောက်ကပ်တီဘီ၊ အကျိတ်တီဘီ၊ အူတီဘီစသဖြင့် တီဘီအမျိုးအစား တွေက အများကြီးရှိပါတယ်။ ဒီအမျိုးအစားတွေအနက် အူတီဘီက အဆုတ်တီဘီနဲ့ အကျိတ်တီဘီတွေလို အဖြစ်မများပါဘူး။ ဒါပေမဲ့ ကိုယ်ခံအားကျရင်တော့ ဖြစ်တတ်ပါတယ်။ HIVပိုးဝင်တာ၊ အာဟာရ ချို့တဲ့တာ၊ ဆီးချိုရောဂါ စတဲ့ အခြေအနေတွေရှိရင်လည်း အူတီဘီဖြစ်တတ်ပါတယ်။ အူတီဘီက အဖြစ် များတာမျိုးတော့ မဟုတ်ပေမယ့် ဖြစ်တာတွေကို လည်း တွေ့ရပါတယ်။

မေး။ ။ အူတီဘီအမျိုးအစားတွေကိုလည်း သိပါရစေ ဆရာ။
ဖြေ။ ။ အူတီဘီအမျိုးအစား အမျိုးမျိုး ရှိပါတယ်။ အူမှာ ဖြစ်တဲ့ တီဘီ၊ အူဘေးက အကျိတ်မှာ ဖြစ်တဲ့ တီဘီ၊ ဝမ်းတွင်းအမြှေးပါး(Peritonium) မှာ ဖြစ်တဲ့ တီဘီ၊ အူသိမ်အရင်းပိုင်း(Ileum)နဲ့ အူမကြီးအစ (Caceum) ဆုံတဲ့နေရာ (အူအတက် ရောင်တတ်တဲ့ နေရာဝန်းကျင်)မှာ အူတီဘီအဖြစ်များပါတယ်။

မေး။ ။ အူတီဘီဖြစ်ရင် ဘယ်လို လက္ခဏာတွေ ဖြစ် တတ်ပါသလဲ ဆရာ။
ဖြေ။ ။ အူတီဘီရဲ့ လက္ခဏာတွေက တိတိကျကျ မရှိပါဘူး။ ဗိုက်မှာ ဖြစ်တတ်တဲ့ လက္ခဏာတွေအားလုံးက အူနဲ့ ပတ်သက်တာပဲလေ။ ဗိုက်နာတာ၊ ဗိုက်အောင့်တာ စတဲ့ ယေဘုယျဆန်တဲ့ လက္ခဏာတွေပဲ ပြတတ်တော့ ရောဂါကို စောစောသိနိုင်ဖို့က မလွယ်ပါဘူး။ အူမှာ အနာဖြစ်ရင်တော့ ဗိုက်က မကြာမကြာ အောင့်တတ်ပါတယ်။ အထူးသဖြင့် ညာဘက်ချက်ဝန်းကျင်က အောင့်တတ်ပါတယ်။ အဲဒီလို ဗိုက်အောင့်ရင် သံသယရှိသင့်ပါတယ်။ အခြေအနေ သိပ်ဆိုးရင် အူအနာဖြစ်တဲ့အခါ ဝမ်းထဲ သွေးပါတတ်တယ်။ သွေးကလည်း နည်းနည်းပဲပါတာကြောင့် သိပ်မသိသာပြန်ဘူး။ သွေးက တဖြည်းဖြည်းနဲ့ ပါတာများလာမှ သွေးအားနည်းတာ ဖြစ်လာတယ်။ အဲဒါနဲ့အတူ ပိန်တာ၊ ခံတွင်းပျက်တာစတဲ့ လက္ခဏာတွေ ဖြစ်တတ်ပါတယ်။အနာမဖြစ်ဘဲ အူနံရံထူလာရင် ဝမ်းချုပ်တတ် ပါတယ်။ အနာရှိရင် ဝမ်းပျက်တာမျိုး ဖြစ်တတ်ပါတယ်။ တချို့လူတွေမှာ ရေဖျဉ်းစွဲတာ (Acitis) ဖြစ် တတ်ပေမယ့် သေချာစမ်းမှ တွေ့ရပါတယ်။ တချို့ လူတွေမှာ အဖျားနည်းနည်းရှိတတ်ပေမယ့် သိပ်မသိသာပါဘူး။ အူတီဘီဖြစ်တယ်လို့ သံသယရှိရင်၊ အားနည်းလာရင်၊ ကျန်းမာရေး ထိခိုက်လာရင်တော့ ရောဂါကို စစ်ဆေးကြည့်ဖို့ လိုပါတယ်။

အဆုတ်တီဘီပိုးကို ဆေးသောက်ပြီး ပျောက်ကင်း သွားသူတွေမှာလည်း အူမှာ ပိုးကပ်ညိနေနိုင်ပါတယ်။ အဓိကကတော့ ပိုးရှိသူတွေအနေနဲ့ သလိပ်ပါတဲ့ တံတွေးကို မမျိုချမိအောင် ဂရုစိုက်ရပါမယ်။ တကယ်တော့ ပျမ်းမျှအားဖြင့် တီဘီပိုးက ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ လူသုံးယောက်အနက် တစ်ယောက်လောက် ရှိနေ တတ်ပါတယ် . . .

မေး။ ။ အူတီဘီလို့ သံသယရှိရင် ရောဂါကို ဘယ်လို စစ်ဆေးနိုင်ပါသလဲ ဆရာ။
ဖြေ။ ။ အူတီဘီရှိ၊ မရှိသေချာအောင် အဆုတ်တီဘီ မှာလို တီဘီပိုးစစ်တာ၊ ဓာတ်မှန် ရိုက်တာတွေလုပ်လည်း မသိနိုင်ပါဘူး။ ဝမ်းဗိုက်ကို လက်နဲ့ စမ်းသပ် ကြည့်ရင်လည်း အတိအကျမပြောနိုင်ပါဘူး။ အာထရာဆောင်းဓာတ်မှန်ရိုက်လိုက်ရင် အကျိတ်ကကြီးနေရင်တော့ သိနိုင်ပါတယ်။ ဝမ်းထဲ သွေးပါရင် ဝမ်းကိုစစ်ပြီး သိနိုင်ပါတယ်။ ဒါတောင် လူ ၁၀ ယောက်မှာ နှစ်ယောက်ပဲ သိနိုင်လို့ ရှာရခက်ပါတယ်။ ဗိုက်ထဲက အကျိတ်ကို မခွဲစိတ်ဘဲ အသားစ ယူစစ်ဆေးမှု (Biopsy)ယူဖို့ကလည်း ခက်ပါတယ်။ ရေဖျဉ်းရှိရင် ရေကို စုပ်ပြီး ပိုးရှိ၊ မရှိရှာရပါတယ်။ ဒါကလည်း အဖြေရဖို့ တစ်လလောက် ကြာတတ်ပါတယ်။ အခုနောက်ပိုင်းမှာတော့ မှန်ပြောင်း (Laparoscopy) ကြည့်ပြီး ရောဂါရှာရပါတယ်။ အူတီဘီရောဂါက ရောဂါရှာရတာ နည်းနည်းတော့ ခက်ပါတယ်။

မေး။ ။ အူတီဘီရှိမှန်း မသိလို ကုသမှုမခံယူဖြစ်ရင် နောက်ဆက်တွဲအနေနဲ့ ဘာဖြစ်တတ်ပါသလဲ ဆရာ။
ဖြေ။ ။ အူတီဘီကို မကုရင် အူအနာကြောင့် အာဟာရ ချို့တဲ့လာပါလိမ့်မယ်။ ဒါ့အပြင် ဝမ်းပျက်တာ၊ ဗိုက်အောင့်တာ၊ အားနည်းတာစတဲ့ လက္ခဏာတွေလည်း ဖြစ်တတ်ပါတယ်။ နောက်ထပ်ဖြစ်တတ်တာက အူပေါက်ထွက်သွားတာပါ။ ဒီအဆင့်မှတွေ့ တာများပါတယ်။ ဒီအဆင့်ရောက်ရင် အရေးပေါ် လူနာအနေနဲ့ ရောက်လာတတ်ပါတယ်။ ဒီလို အူပေါက်သွားတဲ့အခါမှာတော့ အရေးပေါ် ခွဲစိတ်ရပါတယ်။ မခွဲရင် အသက်အန္တရာယ်ရှိပါတယ်။
တချို့လူတွေမှာတော့ အူနံရံထူပြီး အူပိတ်သွား တတ်ပါတယ်။ အဲဒီအချိန်မှာလည်း ခွဲစိတ်ကုသရ တတ်ပါတယ်။ဗိုက်အောင့်၊ ဗိုက်နာတာတွေက အစာအိမ်ရောဂါနဲ့ တခြားအူလမ်းကြောင်းရောဂါတွေကြောင့် မဟုတ်ဘူးဆိုရင် အူတီဘီဖြစ်တာကို သံသယရှိသင့်ပါတယ်။ CT Scan ရိုက်ရင် ရောဂါနုစဉ်မှာ မသိနိုင်ပေမယ့် ရောဂါရင့်တဲ့အခါမှာ သိနိုင်ပါတယ်။

မေး။ ။ အဆုတ်တီဘီပိုးရှိသူတွေအနေနဲ့ အူတီဘီဖြစ် နိုင်ခြေ ရှိပါသလား ဆရာ။
ဖြေ။ ။ ဖြစ်နိုင်ပါတယ်။ အဆုတ်တီဘီပိုးကို ဆေးသောက်ပြီး ပျောက်ကင်းသွားသူတွေမှာလည်း အူမှာ ပိုးကပ်ညိနေနိုင်ပါတယ်။ အဓိကကတော့ ပိုးရှိသူတွေအနေနဲ့ သလိပ်ပါတဲ့ တံတွေးကို မမျိုချမိအောင် ဂရုစိုက်ရပါမယ်။ တကယ်တော့ ပျမ်းမျှအားဖြင့် တီဘီပိုးက ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ လူသုံးယောက် အနက်တစ်ယောက်လောက် ရှိနေတတ်ပါတယ်။ ကိုယ်ခံအားကောင်းနေတဲ့အချိန်မှာ ဘာမှမဖြစ်ပေမယ့် ကိုယ်ခံအားကျသွားတဲ့အခါ၊ စိတ်ဖိစီးမှုများတဲ့ အခါ၊ တခြားရောဂါပိုးနဲ့ ရောဂါတွေ ဝင်လာတဲ့ အခါတွေမှာ တီဘီပိုးက ထကြွလာနိုင်ပါတယ်။

မေး။ ။ အူတီဘီက ဘယ်အသက်အရွယ်တွေမှာ အဖြစ်များပါသလဲ ဆရာ။
ဖြေ။ ။ အကြမ်းဖျဉ်းအားဖြင့် လူလတ်ပိုင်းနဲ့ အသက်ကြီးပိုင်းတွေမှာ အူတီဘီအဖြစ်များပါတယ်။ အသက် ၂၅နှစ်နဲ့ ၃၀ အရွယ်တွေနဲ့ အသက် ၅၀-၆၀ အရွယ် လူကြီးတွေမှာ အူတီဘီ အဖြစ်များတတ်ပါတယ်။ HIV ပိုးကြောင့် အူတီဘီဖြစ်နှုန်း ပိုများတာက ကိုယ်ခံအားကျသွားတာကြောင့် ဖြစ်ရတာပါ။

မေး။ ။ အူတီဘီဖြစ်တဲ့အခါ ဘယ်လို ကုသမှု ပေးပါသလဲ ဆရာ။
ဖြေ။ ။ အူတီဘီဖြစ်ပြီး အူပေါက်သွားရင်၊ အူပိတ်သွားရင်တော့ ခွဲစိတ်ကုသမှု ခံယူရပါတယ်။ ခွဲစိတ်ပြီးတဲ့ အခါမှာ တီဘီဆေးကို သောက်ဖို့ လိုအပ်ပါတယ်။ တကယ်လို့ အစောပိုင်းအဆင့်မှာ တွေ့ခဲ့ရင် အူတီဘီပိုး ကင်းအောင်တီဘီဆေးကို အနည်းဆုံး ၉လ-တစ်နှစ် သောက်ဖို့လိုပါတယ်။ အဆုတ်တီဘီပိုးကို ခြောက် လပဲသောက်ရပေမယ့် အူတီဘီဖြစ်ရင် ပိုပြီး ကြာကြာ သောက်ရပါတယ်။ ကြားထဲမှာလည်း အမြဲစစ်ဆေး နေရပါတယ်။ ဒါဆိုရင် ပျောက်နိုင်ခြေများပါတယ်။

မေး။ ။ အူတီဘီနဲ့ ပတ်သက်ပြီး အများပြည်သူကို ထပ်မံပညာပေးလိုတာရှိရင် ပြောပြပေးပါ ဆရာ။
ဖြေ။ ။ နွားနို့ကို ကျိုချက်ပြီးသောက်သင့်ပါတယ်။ မျိုးရိုးထဲမှာ တီဘီပိုးရှိရင်လည်း ဂရုစိုက်သင့်ပါတယ်။ ဗိုက်အောင့်တာ၊ ပိန်တာ၊ အာဟာရချို့တဲ့တာ စတဲ့ လက္ခဏာတွေဖြစ်ရင်လည်း ဂရုစိုက်ပြီး ကျန်းမာရေး စစ်ဆေးမှုကိုခံယူသင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top