Healthy Life Ad
Child

ကလေးသူငယ်နှင့် အော်တစ်ဇင်ရောဂါ (၁)

ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးဆရာဝန်ကြီး – အငြိမ်းစား)

စိတ်ကျန်းမာရေးဋ္ဌာနရှိ ဆရာဝန်တွေရဲ့အပတ်စဉ် ပညာပေးဆွေးနွေးပွဲမှာ ဘွဲ့လွန်သင်တန်းသား ဒေါက်တာဘရက်ဒီက လူနာတစ်ဦးအကြောင်းဆွေးနွေးပါတယ်။ဒီနေ့ကျွန်တော်တင်ပြဆွေးနွေးမယ့် လူနာကတော့ဂျိမ်းပါ။ အသက်ခြောက်နှစ်ရှိပါပြီ…..ဘာရောဂါအကြောင်းလဲ ဒေါက်တာဘရက်ဒီ…..ကျွန်တော်ထင်တာကတော့ဂျိမ်းဟာ အော်တစ်ဇင်ရောဂါ (Autism) ခံစားနေရတယ်လို့ ထင်ပါတယ်။ အပေါင်းအသင်းမလုပ်တတ်တဲ့ကလေး၊ တကိုယ်တည်း သီးခြားနေတတ်တဲ့ ကလေးလို့ပြောရမယ်…..ဂျိမ်းရဲ့ ရာဇဝင်ကိုပြောပြပါ…..ဂျိမ်းရဲ့မိခင်ဘက်တီ ကိုယ်တိုင်ရေးထားတဲ့စာကို ကျွန်တော်ဖတ်ပြပါမယ်။ အဲဒီစာထဲမှာ ဂျိမ်းခံစားနေရတဲ့ ရောဂါလက္ခဏာတွေကို ရေးထားတယ်၊ ဘက်တီရဲ့စာကတော့ …..ဒေါက်တာဘရက်ဒီရှင့် …..ဆရာနဲ့မတွေ့ခင်ဂျိမ်းနဲ့ပတ်သက်ပြီး ဆရာတို့သိသင့်သိထိုက်တဲ့ အချက်အလက်တချို့ကို ကျွန်မရေးသားလိုက်ပါတယ်။

ကျွန်မကိုယ်တွေ့ပါ။ ဂျိမ်းအသက် တစ်နှစ်ကျော်လောက်ကတည်းက သူဟာကျွန်မသမီးကြီးနဲ့မတူတာတွေကို ကျွန်မသတိထားမိပါတယ်။ ဂျိမ်းကို ချီပိုးလိုက်တဲ့အခါ အလိုက်သင့်မရှိဘူး၊ တောင့်တောင့်တင်းတင်း ဖြစ်နေတယ်။ တစ်ခါတစ်ရံပျော့အိပျော့ဖတ် ဖြစ်နေသလိုပဲ။ အမေယုယတာကို ဂရုမထားသလိုပဲ ..… သူ့ကိုရှေ့တည့်တည့်က မြှူချော့ရင်သူ့မျက်လုံးကတစ်နေရာမှာ . . ကျွန်မနဲ့မျက်လုံးချင်းဆိုင်မကြည့်ဘူး။

ကျွန်မသမီးကြီးနဲ့ ယှဉ်ကြည့်တော့ဂျိမ်းရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေက နောက်ကျနေပါတယ်။ လမ်းစလျှောက်တာနောက်ကျတယ်၊ စကားစပြောတာနောက်ကျတယ်၊ မူကြိုအရွယ်မှာလည်း တခြားက လေးတွေနဲ့ပေါင်းသင်းဆက်ဆံ ကစားတာမရှိဘူး။ တစ်ယောက်တည်း တစ်ခုခုကိုထပ်တလဲလဲ ပြုလုပ်နေတတ်တယ်။ သူ့ကိုယ်လုံးကိုရှေ့တိုးလိုက်၊ နောက်ဆုတ်လိုက် အကြိမ်ကြိမ်လှုပ်ရှားနေတာကို တွေ့ရတယ်။ သူ့လက်အချင်းချင်း တဖျတ်ဖျတ်ရိုက်နေတတ်တာလည်း ရှိတယ်ဒေါက်တာ။

အရုပ်တစ်ခုခု၊ ပစ္စည်းတစ်ခုခုနဲ့ တစ်ယောက်တည်း ကစားနေချင်တယ်။ နောက်ပြီးသူလုပ်နေကျ အလုပ်ကို ဒီအတိုင်းလုပ်ရမှကျေနပ်တယ်။ အပြောင်းအလဲလုပ်ပေးရင်သူမကြိုက်ဘူး……မိခင်ဘက်တီဖော်ပြထားတဲ့ လက္ခဏာတွေဟာ….. အော်တစ်ဇင်ရောဂါမှာ တွေ့ရှိရတဲ့အပြုအမူတချို့ပဲ၊ ဆက်ဖတ်ပါဒေါက်တာဘရက်ဒီ…..ဟုတ်ပါတယ်ဆရာ၊ နောက်ပြီး စိတ်ခံစားတုန့်ပြန်မှုနဲ့ ပတ်သက်တဲ့လက္ခဏာတွေကိုလည်း ဘက်တီ ရေးထားပါတယ်…..ဂျိမ်းဟာသူ့စိတ်ခံစားမှုတွေကိုမျိုသိပ်ထားသလိုပဲ၊ သူ့ခံစားမှုကို မျက်နှာမှာလည်းမပြဘူး၊ အမူအရာနဲ့လည်းမပြဘူး၊ သူပြုံးမပြတတ်ဘူးဆရာ၊ ကျွန်မကိုကြည့်ရင် ကျွန်မမျက်နှာကို မကြည့်ဘူး၊ ကျွန်မကိုကျော်ဖြတ်ပြီး တစ်နေရာကိုလှမ်းကြည့်နေသလိုပဲ။

တစ်နေရာကိုငေးငိုင်ပြီး အကြာကြီး ကြည့်နေတတ်တယ်။ ဒါပေမဲ့ဆရာ . . . တစ်ခါတစ်ရံ သူတစ်ယောက်တည်း ဟက်ဟက်ပက်ပက်ရယ်မော နေတတ်တယ်။ ရယ်မောနေရာက ထစ်ခနဲအလွန် အမင်းဒေါသထွက်သလိုပြုမူတာလည်းတွေ့ရတယ်။ နားလည်ရခက်ပါတယ်ဆရာ။ သူ့သူငယ်ချင်းတွေကို အကြောင်းမဲ့ထိုးကြိတ်တတ်တယ်။ တစ်ခုခုနဲ့ပစ်ပေါက်တတ်တယ်။ ကျွန်မကိုယ်တိုင် သူတို့မိဘတွေ ကိုတောင်းပန်ရတဲ့ အကြိမ်တွေကမနည်းတော့ပါဘူး…..စကားပြောတာနဲ့ ပတ်သက်ပြီး ဘက်တီရဲ့စာထဲမှာ ရေးထားတာရှိလား ဒေါက်တာဘရက်ဒီ…..ရေးထားပါတယ်ဆရာ။

စကားပြောချို့ယွင်းတာက အော်တစ်ဇင်ရောဂါရဲ့လက္ခဏာတစ်ခုပါ…..ဂျိမ်းဟာ စကားပြောနောက်ကျရုံတင်မကပါဘူး။ အခုချိန်အထိ စကားကိုလေးလုံးကွဲအောင် မ ပြောနိုင်သေးဘူး။ ကျွန်တော်ဒါလိုချင်တယ်၊ ကျွန်တော်ဒီလိုလုပ်ချင်တယ်…..လို့ သူမပြောတတ်ဘူး။ သူ့ဆန္ဒနဲ့သူ့ခံစားမှုကို ထုတ်ဖော်ပြောဖို့ ဝန်လေးနေသလိုပဲ။ သူ့ကိုမေးခွန်းတစ်ခုမေးလိုက်ရင် မေးခွန်းကို ပဲ့တင်ရိုက်သလို ပြန်ပြောတယ်။ စကားလုံးတစ်လုံး၊ စာကြောင်းတစ်ကြောင်းကို ထပ်တလဲလဲရွတ်ဆိုနေတတ်တယ်။ အသံအတိုးအမြင့်မရှိဘူး။ လေ ယူလေသိမ်းနဲ့စကားမပြောတတ်ဘူး။ နောက်ပြီးကျွန်မတစ်ခုခုပြောလိုက်ရင် သူချက်ချင်းနားလည်ပုံမရဘူး …..ဘက်တီရေးထားတဲ့ လက္ခဏာတွေကတော့ အော်တစ်ဇင်ရောဂါကို ဖော်ညွှန်းနေပါတယ် ဒေါက်တာ ဘရက်ဒီ…..ဟုတ်ပါတယ်ဆရာ။

ဘက်တီရဲ့ စာထဲမှာအာရုံခံစားမှုနဲ့ ပတ်သက်ပြီး ရေးထားတာလည်း ရှိပါ သေးတယ်…..ဆက်ဖတ်ပါ…..နောက်ပြီး ကျွန်မသတိထားမိလေး ရှိသေးတယ်။ ဥပမာတစ်ခု ပြောမယ်ဆရာရယ်။ အသံ ကျယ်ကျယ်တစ်ခုကို ကြားရရင် ဂျိမ်းဟာအလွန်အမင်း ကြောက်လန့်တတ်တယ်၊ ပုံမှန်အသံတွေကို ကြားရင်တောင် နားကိုလက်ဖဝါးနဲ့ ပိတ်ထားတတ်တယ်။ အလင်းရောင်ရှေ့ရောက်ရင်မျက်လုံးကို မှိတ်လိုက်တယ်။ မျက်လုံးကိုလက်နဲ့ ကာထားတတ်တယ်။

ဒါပေမဲ့ဆရာ ဂျိမ်းဟာ နာကျင်တာကိုခံနိုင်သလိုပဲ၊ ထုံနေသလိုပဲ၊ ထိခိုက်ဒဏ်ရာရရင် နာကျင်တဲ့ အပြုအမူမပြဘူး၊ နာကျင်တာကို နာရမှန်းမသိ သလိုပဲ။ သာမန်အလင်းရောင်ထဲမှာ မျက်စိမှိတ်ထား တတ်ပေမယ့် တောက်ပတဲ့အလင်းရောင်ကို သူ့ မျက်လုံးရှေ့မှာထိုးပြရင် မျက်တောင်မခတ်ဘဲစိုက် ကြည့်နေတတ်တယ်။ ကျွန်မတော့ နားလည်ရခက် ပါတယ်ဆရာ . . .ဘက်တီရဲ့စာထဲမှာ ဂျိမ်းရဲ့ရောဂါနဲ့ ပတ်သက်ပြီး ရေးထားတာအတော်ပြည့်စုံပါတယ်။ ဒေါက်တာဘရက်ဒီက ခြုံပြီးပြောပြပါ…..

ခြံပြီးပြောရရင် ကျွန်တော့်အမြင်က ဒီလိုပါဆရာ၊ ဂျိမ်းဟာ ငယ်စဉ်ကစပြီး ကြီးထွားဖွံ့ဖြိုးမှုနှုန်း နှေးကွေးတယ်၊ စကားပြောနောက်ကျတယ်၊ သာမန်ကလေးတွေလို သူရဲ့စိတ်ဆန္ဒနဲ့ ခံစားမှုတွေကိုထုတ် ဖော်ပြောကြားတာမရှိဘူး၊ အဲဒီလိုထုတ်ဖော်ပြောကြားနိုင်ဖို့ အသက်အရွယ်အလိုက် စကားလုံးဝေါဟာရကြွယ်ဝလာတာ မရှိဘူး၊ စိတ်ခံစား တုန့်ပြန်မှုလည်း ချို့ယွင်းနေတယ်၊ နေ့စဉ်လူမှုဆက်ဆံရေးအတွက် လိုအပ်တဲ့စိတ်ခံစားတုန့်ပြန်မှုတုံးနေတယ်။ အကြောင်းမဲ့ ပြင်းထန်တဲ့ စိတ်ခံစားတုန့်ပြန်မှုတွေလည်းရှိတတ်တယ်။

တစ်ခုခုကို ထပ်တလဲလဲ ပြုမူပြောဆို လုပ်ကိုင်တတ်တယ်။ အပေါင်းအသင်းမလုပ်ချင်ဘူး။ လူတွေထက် သူရဲ့ကစားစရာပစ္စည်းနဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေမှာ ပိုပြီးစိတ်ဝင်စားတယ်၊ နာ ကျင်တာကိုဒဏ်ခံနိုင်တယ်။ ဒါပေမဲ့သာမန်အသံဗလံနဲ့ အလင်းရောင်ကိုတော့ မခံစားနိုင်သလို ပြုမူ တတ်တယ်။ ဒါကြောင့်ဂျိမ်းရဲ့ရောဂါဟာ အော်တစ်ဇင်ရောဂါ ဖြစ်နိုင်တယ်လို့ ကျွန်တော်ထင်ပါတယ်…

မှန်ပါတယ် ဒေါက်တာဘရက်ဒီ၊ ဂျိမ်းကို စစ်ဆေးတဲ့အခါ ပိုမိုသေချာအောင် အော်တစ်ဇင် ရောဂါစစ်ဆေးလွှာကို အသုံးပြုဖို့ ဆရာအကြံပေးပါတယ်။ အော်တစ်ဇင်ရောဂါနဲ့ ပတ်သက်ပြီး ဒေါက် တာဘရက်ဒီ ဘာတွေတင်ပြဆွေးနွေးချင်သလဲ……ကျွန်တော် လေ့လာထားတာရှိပါတယ်။ အော်တစ်ဇင်ရောဂါ ဖြစ်ပွားနှုန်းဟာ တစ်နိုင်ငံနဲ့တစ်နိုင်ငံ ကွာခြားချက်ရှိနေပါတယ်။ သြစတြေးလျနိုင်ငံမှာ ကလေး ဝ ဒသမ ၅ ရာခိုင်နှုန်းဟာ အော်တစ်ဇင်ရောဂါ ခံစားနေရတယ်လို့ဆိုပါတယ်။ အမေရိကန်နိုင်ငံမှာတော့ တစ်ရာမှာ တစ်ယောက်နှုန်းလို့ ဆိုပါတယ်။ ရောဂါသတ်မှတ်ပုံ သတ်မှတ်နည်း ကွဲလွဲလို့လားဆရာ……

ဖြစ်နိုင်ပါတယ်။ ဥပမာ သုတေသနပြုတဲ့ရောဂါ သတ်မှတ်ပုံစံညွှန်းနဲ့ လေ့လာတဲ့စာတမ်းတွေမှာ ကလေးတစ်သောင်းမှာ ရှစ်ဦးသာအော်တစ်ဇင်ရောဂါလို့ ပြောနိုင်တယ်တဲ့။ ဆရာရဲ့မိခင်နိုင်ငံဖြစ် တဲ့ မြန်မာနိုင်ငံမှာ ကလေးငါးသိန်းကျော် အော်တစ်ဇင်ရောဂါရှိတယ်လို့ ဖတ်ရဖူးပါတယ်။ တစ်ရာမှာတစ်ယောက်နှုန်းလောက်ပါပဲ။ အော်တစ်ဇင်ရောဂါရှိတဲ့ကလေးတွေမှာ ထူးခြားတာတွေ ရှိတတ်တယ်။ ဒေါက်တာဘရက်ဒီသိသလား……

အော်တစ်ဇင်ရောဂါရှိတဲ့ ကလေးတွေဟာ ဘယ်သန်လိုလို ညာသန်လိုလိုရှိတတ်ပါတယ်။ လက်ဝဲဘက်လက်နဲ့ လက်ယာဘက်လက် နှစ်မျိုးလုံးကို အသုံးပြုကြပါတယ်။ နောက်ပြီး သူတို့မှာထူးခြားတဲ့ လက်ဗွေပုံစံရှိတတ်ပါတယ်။ ၃၀ ရာခိုင်နှုန်းကျော်မှာ ပင်ကိုဉာဏ်ရည်အဆင့်နိမ့်တာတွေ့ရှိရပါတယ်…..

မှန်ပါတယ် ဒေါက်တာဘရက်ဒီ၊ ဒါပေမဲ့ တချို့အော်တစ်ဇင်ရောဂါရှင်တွေဟာ ဉာဏ်ရည် ထက်မြက်ကြပါတယ်။ တချို့ကတော့ တစ်ခုခုမှာထူးချွန်တဲ့ အရည်အချင်းရှိပါတယ်။ အော်တစ်ဇင်ဉာဏ် ကြီးရှင် ( Autistic ) လို့ခေါ်ပါတယ်။

ကျွန်တော်ဖတ်ရဖူးပါတယ်ဆရာ။ အော်တစ်ဇင်ကလေး ၁၀ ဦးမှာ တစ်ယောက်နှုန်းရှိတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့တချို့က အော်တစ်ဇင်ရောဂါ ရှိတာမဟုတ်ပါဘူး။ အဲဒီရောဂါနဲ့ ဆင်တူတဲ့ အပြု အမူတွေရှိနေလို့ပါ။ တကယ်အစစ်အမှန် အော်တစ်ဇင်ဉာဏ်ကြီးရှင် ….. ကတော့ ရှားပါးပါတယ်။ အော်တစ်ဇင်ရောဂါရှင် တစ်ရာမှာတစ်ဦးနှုန်းပါအများအားဖြင့်တွေ့ရှိရတာ ဘယ်လိုအရည်အချင်းတွေလဲ ဒေါက်တာဘရက်ဒီ…..

သူတို့မှာ ထူးခြားတဲ့ မှတ်ဉာဏ်ရှိတတ်ပါတယ်။ ဥပမာ ဝတ္ထုစာအုပ်တစ်အုပ်လုံးကို အလွတ် ရွတ်ဆိုနိုင်တာမျိုး၊ နှစ်တစ်ရာပြက္ခဒိန်ထဲမှာပါတဲ့ နေ့စွဲတွေကို မှန်အောင်ပြောနိုင်တာမျိုး ဖြစ်ပါတယ်။ တချို့ကတော့ တေးဂီတနဲ့ပန်းချီပညာမှာ ထူးချွန်တတ်ပါတယ်။ ဂျိမ်းမှာအဲဒီလို အရည်အချင်းတွေ ရှိတယ်လို့ ဘက်တီရဲ့စာထဲမှာ ရေးမထားပါဘူး…..

အော်တစ်ဇင်ရောဂါနဲ့ဆင်တူတဲ့ ရောဂါတွေ ရှိတယ်၊ ဂျိမ်းကို စစ်ဆေးရင် အဲဒါတွေကို သတိထားရမယ်…..ဟုတ်ပါတယ်ဆရာ၊ ကျွန်တော်တင်ပြဆွေးနွေးပါမယ်…..

ရှေ့တစ်ပတ် ဆက်ဖတ်ပါ

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top