Healthy Life Ad
Q & A

၆၀ကျော်အရွယ်တို့ အဆုတ်၊ နှလုံး၊ ကျောက်ကပ်နှင့် အသည်း ကျန်းမာစေရန်

ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကုဆရာဝန်ကြီး)နှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး. ကျွန်တော်က အသက် ၆၀ကျော် သက်ကြီးရွယ်အိုတစ်ဦးပါ။ အဆုတ်၊ နှလုံး၊ ကျောက်ကပ်နဲ့ အသည်း စတာတွေ ကျန်းမာစေဖို့အတွက် အနေအထိုင်၊ အစားအသောက်တို့ကို ဘယ်လို လိုက်နာသင့်တယ်ဆိုတာ ပြောပြပေးပါခင်ဗျာ။
ဦးသန့်ဇင်၊ ကျောက်တံတား။

ဖြေ. အသက် ၆၀ကျော် အရွယ်ဆိုရင် အဆုတ်၊ နှလုံး၊ ကျောက်ကပ်နဲ့ အသည်း စတဲ့ ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းတွေက အသုံးချမှု များလာတဲ့အတွက် အနည်းနဲ့ အများဆိုသလို ယိုယွင်းပျက်စီးမှုတွေရှိလာ နိုင်ပါတယ်။

အဆုတ် ကျန်းမာဖို့ . .

အဆုတ်ရဲ့ လုပ်ငန်းဆောင်တာက အသက်ရှူ သွင်း/ရှူထုတ်တဲ့ လုပ်ငန်းတွေကို အဓိက လုပ်ဆောင်ပါတယ်။ ငယ်ငယ်ရွယ်ရွယ်ကတည်းက ကိုယ်နေထိုင်တဲ့ ပုံစံက အဆုတ်ကျန်းမာရေးအပေါ် ဘယ်လောက်သက်ရောက်မှုရှိသလဲ ဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။ ငယ်ငယ်ကတည်းက လေကောင်းလေသန့်ရတဲ့ နေရာမှာနေခဲ့ရင် အဆုတ်က ပိုပြီး ကျန်းမာသန်စွမ်းတာကို တွေ့ရပါတယ်။

အဆုတ်ထိခိုက်စေနိုင်တဲ့ အကျင့်ဆိုးတွေကို အသက် ၆၀မတိုင်ခင်က မလုပ်ခဲ့ဘူးဆိုရင် ထွေထွေထူးထူး လိုက်နာစရာတော့ မရှိပါဘူး။ ဒါပေမဲ့ အသက် ၆၀ ကျော်အရွယ် အိမ်ထဲမှာပဲ နေတယ်၊ အိမ်ကလည်း လေကောင်းလေသန့် မရဘူး၊ ပတ်ဝန်းကျင်ကလည်း စက်ရုံ၊ အလုပ်ရုံတွေရှိပြီး လေထုညစ်ညမ်းမှုများတယ်၊ ဆေးလိပ်ငွေ့တွေ ရှူရှိုက်နေရတယ်ဆိုရင်တော့ အဆုတ်ကျန်းမာရေး ထိခိုက်မှု ရှိနိုင်ပါတယ်။

အသက်ကြီးသူတွေ အဆုတ်ကျန်းမာဖို့ဆိုရင် လေကောင်းလေသန့်ရတဲ့နေရာမှာ နေထိုင်သင့်ပါတယ်၊ ဆေးလိပ်သောက်တာကို ရှောင်ရပါမယ်၊ ခြင်ဆေးငွေ့၊ အကြော်ဆိုင်၊ ထမင်းဆိုင်က ထွက်လာတဲ့ အခိုးအငွေ့တွေကို ရှောင်ရပါမယ်။ ကျေးလက်ဒေသတွေမှာ သစ်ပင်ပန်းပင်တွေပေါတဲ့ ခြံဝန်းထဲ သီးသန့်နေနိုင်ရင်တော့ အဆုတ်ကျန်းမာရေးကို ကောင်းမွန်စေမှာ ဖြစ်ပါတယ်။

အသည်းကျန်းမာဖို့ . .

အသည်းကျန်းမာဖို့ဆိုရင် အရက်ကို မသောက်ဘဲနေတာ အကောင်းဆုံး ဖြစ်ပါတယ်။ တကယ်လို့ အရက်သောက်တတ်ရင် ကျန်းမာရေး မထိခိုက်စေမယ့် အတိုင်းအတာ (အမျိုးသားဆိုရင် တစ်နေ့ နှစ်ယူနစ်၊ အမျိုးသမီးဆိုရင် တစ်နေ့ တစ်ယူနစ်)လောက်ပဲ ငယ်ငယ်ကတည်းက သောက်သုံးခဲ့တယ်ဆိုရင်တော့ အသည်း ထိခိုက်မှု နည်းပါလိမ့်မယ်။ အဲဒီလို မဟုတ်ဘဲ အသက် ၆၀ မတိုင်ခင်မှာ အရက်ကို ပမာဏ များများသောက်တယ် ဒါမှမဟုတ် စံချိန်မမီ အရည်အသွေးမကောင်းတဲ့ အရက်တွေ သောက်သုံးခဲ့တယ်ဆိုရင်တော့ အသည်းကို ထိခိုက်နိုင်ပါတယ်။

အသည်းထိခိုက်နိုင်တဲ့ တခြားအကြောင်းရင်းတွေက အသည်းရောင် အသားဝါ ဘီပိုးနဲ့ စီပိုးပဲ ဖြစ်ပါတယ်။ ဘီပိုး၊ စီပိုး ကူးစက်မှုမရှိဘူး၊ အရက်မသောက်ဘူးဆိုရင်တော့ အသည်းထိခိုက်မှုက တော်တော်နည်းနေမှာပါ။ ဒါဆိုရင် အခု အသက် ၆၀ ကျော် အရွယ်မှာ အသည်းကျန်းမာနေစေဖို့ ထပ်မံ ရှောင်သင့်တာတွေက အသည်းထိခိုက်နိုင်တဲ့ အစားအသောက်တွေပဲ ဖြစ်ပါတယ်။ အဲဒါတွေက ကင်ထားတဲ့ အစားအသောက်တွေ၊ ကျပ်တိုက်ထားတဲ့ အသား(ဥပမာငါးကျည်းကျပ်တိုက်)၊ မီးတောက်နဲ့ တိုက်ရိုက်ထိတွေ့ထားတဲ့ အသား၊ ငါးတွေကို ရှောင်သင့်ပါတယ်။

နောက်တစ်ခုက ဆိုးဆေးပါတဲ့ အစားအသောက်တွေ (အထူးသဖြင့် ခွင့်မပြုဆိုးဆေးပါတဲ့ အစားအသောက်တွေ)၊ မှိုတက်နေတဲ့ အစားအသောက်တွေ (အထူးသဖြင့် ငရုတ်သီးခြောက်မှိုတက်)တွေကို ရှောင်သင့်ပါတယ်။ ငရုတ်သီးခြောက်မှိုတက်တွေမှာ Alfatoxin ဆိုတဲ့ ဖန်းဂတ်စ်မှိုတစ်မျိုးပါတဲ့အတွက် အသည်းကင်ဆာ ဖြစ်စေနိုင်ပါတယ်။ မြေပဲမှိုတက်တွေကိုလည်း သတိထားရှောင်ရပါမယ်။

နှလုံးနှင့် ကျောက်ကပ်ကျန်းမာဖို့ . . .

နှလုံးနဲ့ ကျောက်ကပ်ကတော့ သွေးကြောကျန်းမာရေးနဲ့ ဆက်စပ်နေပါတယ်။ လူတွေ အသက် ၂၀ ကျော်လာချိန်မှာ တဖြည်းဖြည်းချင်း သွေးကြောတွေ ကျဉ်းလာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သွေးကြောထဲမှာရှိတဲ့ ကိုလက်စထရောအဆီဓာတ်က သွေးကြောနံရံမှာ သွားကပ်ပြီး ကျဉ်းစေတဲ့ဖြစ်စဉ်ကို ဦးတည်နေပါတယ်။ ဒါက အသက် ၂၀ ကျော်ကတည်းက စတာဖြစ်ပါတယ်။ ဘယ်လို အခြေအနေမှာ သွေးကြောပိုကျဉ်းသလဲဆိုရင် ဆေးလိပ်သောက်တဲ့သူတွေ၊ ဆီကြော်စာ များများစားတဲ့သူတွေ၊ အပြင်စာ များများစားတဲ့သူတွေမှာ နှလုံးသွေးကြောကျဉ်းနိုင်သလို ကျောက်ကပ်သွားတဲ့ သွေးကြောလည်း ကျဉ်းနိုင်ပါတယ်။ နှလုံးသွေးကြောကျဉ်းရင်တော့ နောက်ဆက်တွဲ နှလုံးသွေးကြောကျဉ်းပြီး ပိတ်တာ၊ နှလုံးအောင့်တာတို့ ဖြစ်နိုင်ပါတယ်။

ကျောက်ကပ်သွားတဲ့ သွေးကြောကျဉ်းရင် ကျောက်ကပ်ရဲ့ လုပ်ငန်းဆောင်တာ ကျဆင်းသွားပါတယ်။ ပြီးရင် ကျောက်ကပ် အားနည်းပျက်စီးသွားတတ်ပါတယ်။ သွေးထဲမှာရှိတဲ့ အချိုဓာတ်မြင့်မားရင် ဆီးချိုရောဂါဖြစ်ပြီး ဆီးချိုရောဂါကြောင့် တစ်ကိုယ်လုံးမှာရှိတဲ့ သွေးကြောတွေကို ကျဉ်းစေပြန်ပါတယ်။ အဲဒီအတွက် နှလုံးသွေးကြော၊ ကျောက်ကပ်သွေးကြောတွေကို ကျဉ်းစေပါတယ်။

နှလုံးနဲ့ ကျောက်ကပ် ကျန်းမာဖို့ဆိုရင် သွေးကြောကျဉ်းစေတဲ့ အရာအားလုံးကို ရှောင်ရပါမယ်။ အဲဒါတွေက သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ သွေးသွင်းနှုန်းများတာ၊ ကိုယ်အလေးချိန် မြင့်နေတာ စတာတွေ ပါဝင်ပါတယ်။ အဲဒီအတွက် အသက် ၆၀ ကျော်ပြီးချိန်မှာ ခန္ဓာကိုယ်အလေးချိန်ကို ပုံမှန်ရှိနေအောင် ထိန်းသိမ်းသင့်ပါတယ်။ အထူးသဖြင့် BMI၂၅ အောက်မှာ ထိန်းသိမ်းသင့်ပါတယ်။ ကိုယ်အလေးချိန်များနေရင် နှလုံးအဆီဖုံးတာ၊ ကျောက်ကပ်သွေးကြော ထိခိုက်တာတွေ ဖြစ်တတ်ပါတယ်။

ကိုယ်ဘာမှန်းမသိတဲ့ ဆေးတွေက ခန္ဓာကိုယ်ထဲ ရောက်တဲ့အခါ အသည်းနဲ့ ကျောက်ကပ်က ဖြေရှင်းပေးရပါတယ်။ အဲဒီအထဲမှာ အသည်းနဲ့ ကျောက်ကပ်ကို ထိခိုက်နိုင်တဲ့ ဒြပ်ပေါင်းတွေပါလာရင် အသည်းကော ကျောက်ကပ်ပါ ထိခိုက်နိုင်ပါတယ်။ ဒါကြောင့် ဆေးတွေ စွဲစားရင်း စားရင်း ဆေးစစ်လိုက်မှ ကျောက်ကပ်ပျက်နေတာမျိုး . . .

ကျောက်ကပ်ထိခိုက်နိုင်တဲ့ အစားအသောက်တွေ ရှောင်ရမှာဖြစ်သလို ကိုယ်ဘာမှန်းမသိတဲ့ ဆေးတွေ၊ တိုင်းရင်းဆေးတွေကို ရှောင်ကြဉ်သင့်ပါတယ်။ ကိုယ်ဘာမှန်းမသိတဲ့ ဆေးတွေက ခန္ဓာကိုယ်ထဲရောက်တဲ့အခါ အသည်းနဲ့ ကျောက်ကပ်က ဖြေရှင်းပေးရပါတယ်။ အဲဒီအထဲမှာ အသည်းနဲ့ ကျောက်ကပ်ကို ထိခိုက်နိုင်တဲ့ ဒြပ်ပေါင်းတွေပါလာရင် အသည်းကော ကျောက်ကပ်ပါ ထိခိုက်နိုင်ပါတယ်။ ဒါကြောင့် ဆေးတွေ စွဲစားရင်း စားရင်း ဆေးစစ်လိုက်မှ ကျောက်ကပ်ပျက်နေတာမျိုး၊ အသည်းမကောင်းတော့တာမျိုး တွေ့ရတတ်ပါတယ်။ ဒါကြောင့် ဖြည့်စွက်ဆေးဝါးတွေဆိုရင်တောင် တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်ညွှန်ကြားမှ သောက်သင့်ပါတယ်။

အသက် ၆၀ ကျော်အရွယ်မှာ အဆုတ်၊ အသည်း၊ နှလုံးနဲ့ ကျောက်ကပ် ကျန်းမာချင်တယ်ဆိုရင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နေထိုင်စားသောက်မှု ပုံစံကို လိုက်နာရပါမယ်။ ကိုယ်အလေးချိန်ကို ပုံမှန်ရှိနေအောင် ထိန်းရပါမယ်။ အဆီများတဲ့ အစားအသောက်တွေကို တတ်နိုင်သမျှ ရှောင်ရပါမယ်။ ခြေလေးချောင်းသားကို တစ်ပတ်မှာ နှစ်ရက်ပဲ အလွန်ဆုံး စားသင့်ပါတယ်။ ငါးကို ပိုစားပေးသင့်ပါတယ်။ အသီးအရွက်၊ အသီးအနှံတွေကို များများ စားသင့်ပါတယ်။

အဆင်သင့်အစာတွေနဲ့ ကြာရှည်ခံအောင် ပြုပြင်ထားတဲ့ အစာတွေကို ရှောင်သင့်ပါတယ်။ အသက် ၆၀ ကျော်ချိန်မှာ ဝိတ်လျှော့ချင်ရင် အဆီနဲ့ အချိုဓာတ်ကို ရှောင်သင့်ပါတယ်။ ကော်ဖီ၊ လက်ဖက်ရည်၊ အအေးပုလင်းဘူးတွေကို မသောက်သင့်ပါဘူး။ ဟင်းအနှစ်၊ အုန်းနို့၊ မလိုင်စတာတွေကို မစားသင့်ပါဘူး။ ထမင်း၊ ခေါက်ဆွဲလို ဆန်၊ ဂျုံနဲ့ လုပ်ထားတဲ့ အစာတွေကို သင့်တင့်ရုံ စားပေးနိုင်ပါတယ်။

ကိုယ်လက်လှုပ်ရှားမှုအနေနဲ့ လမ်းလျှောက်တဲ့ လေ့ကျင့်ခန်းကို တစ်နေ့ မိနစ် ၃၀နဲ့ တစ်ပတ် ငါးရက်လောက် ပြုလုပ်ပေးသင့်ပါတယ်။ ဒါတွေအပြင် သက်ရှည်ကျန်းမာချင်ရင် စိတ်ဖိစီးမှုကို လျှော့ချရပါမယ်။ ကြုံလာတဲ့ ဖိစီးမှုကို လျှော့ချနိုင်ဖို့ ကိုးကွယ်ရာ ဘာသာတရား လိုက်စားရပါမယ်၊ တရားထိုင်တာ၊ တရားနာတာတွေ လုပ်ပေးရပါမယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top