Healthy Life Ad
Health Tips

သင့်ကျောက်ကပ်ကျန်းမာရေးအတွက် အကောင်းဆုံးအစာများ

———၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊———

ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ သွေးတိုးရောဂါ စတာတွေကို ခံစားနေရသူတွေမှာ နာတာရှည်ကျောက်ကပ်ရောဂါ ဖြစ်နိုင်ခြေများပါတယ်။ ကျောက်ကပ်ရောဂါ ဖြစ်နိုင်ခြေ လျော့ကျစေဖို့ အောက်ပါအစားအစာတွေကို စားသင့်ပါတယ်။

(၁) ကြက်သွန်ဖြူ

ကြက်သွန်ဖြူဟာ ကျောက်ကပ်အတွက် အကောင်းဆုံးအစာပါ။ ရောင်ရမ်းမှုကို ဟန့်တားနိုင်တဲ့ အစွမ်းရှိပြီး ကိုလက်စထရော လျော့ကျစေပါတယ်။ ကြက်သွန်ဖြူထည့်ထားတဲ့ ဟင်းလျာတွေဟာ ဆိုဒီယမ်(ဆား) ပိုထည့်စရာမလိုဘဲ အရသာရှိစေပါတယ်။ ကြက်သွန်ဖြူမှာ အင်တီအောက်ဆီးဒင့် ပါဝင်မှုမြင့်မားတဲ့အတွက် ကြက်သွန်ဖြူကို ပုံမှန်စားပေးရင် ကင်ဆာကို တွန်းလှန်ပေးနိုင်ပါတယ်။ ပြဿနာက ကြက်သွန်ဖြူက လေပွစေနိုင်တာပဲဖြစ်ပါတယ်။ ဆာလဖာဒြပ်ပါဝင်တဲ့အတွက် ခန္ဓာကိုယ်က လေထတာနဲ့ လေပွတာကို ဖြစ်စေတဲ့ အဆိပ်တွေကို ချေဖျက်ပေးပါတယ်။

(၂) ဆလတ်ရွက်

ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီစိမ်းနဲ့ ပန်းဂေါ်ဖီပွင့်တို့လိုပဲ ဆလတ်ရွက်မှာ အမျှင်ဓာတ်၊ ဗီတာမင်စီနဲ့ ဗီတာမင်ကေတို့ များစွာပါဝင်တဲ့အတွက် ကျောက်ကပ်ကို လုပ်ငန်းဆောင်တာ အကောင်းဆုံးလုပ်ဆောင်နိုင်ဖို့ ကူညီပေးပါတယ်။ ဆလတ်ရွက်မှာ သံဓာတ်အများအပြား ပါဝင်တဲ့အပြင် ဘီတာကယ်ရိုတင်း၊ ဗီတာမင်ကေနဲ့ ကယ်လ်စီယမ်ဓာတ်တွေလည်း ပါဝင်မှုများပါတယ်။ ပိုတက်စီယမ်ပါဝင်မှုမများတဲ့အတွက် ကျောက်ကပ်ရောဂါရှိသူတွေ စားနိုင်ပါတယ်။ ဆလတ်ရွက်ကို ဟင်းရွက်သုပ်ထဲထည့်စားပါ။

(၃) ကြက်ဥအကာ၊ ဘဲဥအကာ

ကြက်ဥ၊ ဘဲဥအကာမှာ မရှိမဖြစ် ဗီတာမင်နဲ့ သတ္တုဓာတ်တွေများစွာ ပါဝင်တဲ့အတွက် အထွေထွေကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ ကြက်ဥ၊ ဘဲဥအကာမှာ ပရိုတင်းဓာတ်ပါဝင်မှုများပြီး ပိုတက်စီယမ်နဲ့ ဖော့စ်ဖရပ်စ်ပါဝင်မှုနည်းကာ သံဓာတ်ခပ်များများ ပါဝင်တာကြောင့် ကျောက်ကပ်ကို အကောင်းဆုံးကျန်းမာနေစေပါတယ်။ အဆီမပါတဲ့အပြင် ကာဗိုဟိုက်ဒရိတ်ပါဝင်မှုက တစ်ရာခိုင်နှုန်းအောက်ပဲရှိပါတယ်။

(၄) ကြက်သွန်နီ

ကြက်သွန်ဖြူလိုပဲ ကြက်သွန်နီမှာ အစွမ်းထက် အင်တီအောက်ဆီးဒင့် ပါဝင်တာကြောင့် ကင်ဆာနဲ့ နှလုံးရောဂါကို တွန်းလှန်ပေးနိုင်ကာ နှလုံးသွေးကြောကျန်းမာရေးကို ပိုမိုကောင်းမွန်စေပါတယ်။ ကြက်သွန်နီကို အထူးသဖြင့် အစိမ်းစားရင် ရောင်ရမ်းမှုကျစေတဲ့ အာနိသင်ရှိတာကြောင့် ကျောက်ကပ်ရောဂါရှိသူတွေမှာ ဝေဒနာသက်သာစေပါတယ်။

(၅) လတ်လတ်ဆတ်ဆတ် ငါး

လတ်ဆတ်တဲ့ ရေအေးငါးတွေဖြစ်တဲ့ ဆယ်လ်မွန်ငါး၊ ဆာဒင်းငါးနဲ့ ထရောက်ငါးတွေမှာ ပရိုတင်းနဲ့ အိုမီဂါ ၃ ဖက်တီးအက်စစ် ပါဝင်မှုများပါတယ်။ အိုမီဂါ ၃ ဖက်တီးအက်စစ်ကို ခန္ဓာကိုယ်ကနေ အလိုလို မထုတ်နိုင်ပါဘူး။ လတ်ဆတ်တဲ့ငါးကို စားသုံးသူတွေဟာ နှလုံးရောဂါ၊ သွေးတိုးရောဂါနဲ့ သွေးတွင်းကိုလက်စထရောများတာတို့ လျော့ကျနိုင်ခြေ များပါတယ်။ ဒီလိုကောင်းကျိုးရှိတာကြောင့် နာတာရှည်ကျောက်ကပ်ရောဂါ ဖြစ်နိုင်ခြေကို သိသိသာသာ လျော့ကျစေနိုင်တာ ဖြစ်ပါတယ်။

(၆) ပန်းသီး

တစ်နေ့ ပန်းသီးတစ်လုံးစားတာကြောင့် နှလုံးရောဂါ၊ တချို့ကင်ဆာရောဂါဖြစ်နှုန်းကို လျော့ကျစေပြီး ကိုလက်စထရောများနေရင် လျော့ကျစေနိုင်ပါတယ်။ ပန်းသီးမှာ ရောင်ရမ်းမှုကျစေတဲ့ ဒြပ်ပေါင်းတွေ ပါဝင်တဲ့အတွက် ကျောက်ကပ်ရောဂါရှိသူတွေအတွက် အသင့်တော်ဆုံး သရေစာပါ။

(၇) သံလွင်ဆီ

သံလွင်ဆီကို နှလုံးရောဂါ၊ ကင်ဆာရောဂါ၊ ကျောက်ကပ်ရောဂါ ခံစားနေရသူတွေ ဟင်းချက်ဆီအဖြစ် အသုံးပြုသင့်ပါတယ်။ သံလွင်ဆီမှာ အင်တီအောက်ဆီးဒင့် ပါဝင်တဲ့အတွက် ဖရီးရယ်ဒီကယ်လ်ကြောင့် ထိခိုက်မှုမဖြစ်အောင် ကာကွယ်ပေးပြီး သွေးကြောရောင်ရမ်းမှုကို လျော့ကျစေပါတယ်။

(Ref; womenosophy)

Most Popular

Healthy Life Ad
To Top