Healthy Life Ad
International

တစ်နေ့နှစ်ခါသွားတိုက်ခြင်းက အူကင်ဆာကို ကာကွယ်ပေးနိုင်

မိုးမင်းထွန်း

တစ်နေ့နှစ်ခါ ပုံမှန်သွားတိုက်တာက အူကင်ဆာနဲ့ဆက်စပ်တဲ့ ဘက်တီးရီးယားတွေကို လျော့နည်းစေကြောင်း လေ့လာမှုတစ်ခုက တွေ့ရှိခဲ့ပါတယ်။ သွားဖုံးသွေးယိုတာကိုဖြစ်စေတဲ့ ပါးစပ်ထဲက ဘက်တီးရီးယားတွေက သွေးကတစ်ဆင့် အူဆီရောက်ရှိနိုင်ကာ တည်ရှိနေတဲ့အကျိတ်တွေကို ပိုဆိုးစေနိုင်သလို ကင်ဆာရောဂါကိုလည်း ဖြစ်စေနိုင်ပါတယ်။ Fusobacteria ခေါ်တဲ့ ဒီဘက်တီးရီးယားတွေကို ပုံမှန်ဆဲလ်တွေမှာထက် ကင်ဆာဆဲလ်တွေမှာ အဆတစ်ရာ ပိုမိုတွေ့ရှိရကြောင်း လေ့လာမှုကဆိုပါတယ်။ ဘက်တီးရီးယားတွေက အောက်ဆီဂျင် မလိုအပ်တာကြောင့် အူထဲမှာ အသက်ရှင်နိုင်ကြကာ အူမှာရှိတဲ့ အကျိတ်တွေမှာ တွယ်ကပ်နေကြပြီး အကျိတ်ပိုမိုကြီးထွားအောင် လှုံ့ဆော်ပေးနိုင်တယ်လို့ သိရပါတယ်။

သုတေသီတွေက အကြိုကင်ဆာအကျိတ်ရှိတဲ့ ကြွက်နဲ့ အန္တရာယ်ပေးနိုင်တဲ့အကျိတ်ရှိတဲ့ ကြွက်နှစ်ကောင်ရဲ့ အမြီးသွေးပြန်ကြောထဲကို Fusobacteria တွေကို ထိုးသွင်းခဲ့ပါတယ်။ ကြွက်နှစ်ကောင်စလုံးမှာ Fusobacteria တွေက တခြားနေရာတွေမှာထက် အကျိတ်တွေမှာ သွားရောက်စုစည်းနေတာကို တွေ့ရှိခဲ့ပါတယ်။ ဟားဗတ်တက္ကသိုလ် ပြည်သူ့ကျန်းမာရေးဌာနမှ တွဲဖက်သုတေသီ ပါမောက္ခဝင်ဒီဂါးရက်က ဘက်တီးရီးယားတွေရဲ့ အလုပ်လုပ်ပုံကို ဒီထက်ပို နားလည်လာရင် ကင်ဆာအကျိတ်တွေဖြစ်တာ ကာကွယ်နိုင်မယ်လို့ ယူဆကြောင်း ပြောပါတယ်။

၂၀၁၂ခုနှစ်က လေ့လာမှုအရ ဘက်တီးရီးယားတွေနဲ့ ဖွဲ့စည်းထားတဲ့ သွားချေးပမာဏမြင့်တာက လူတွေကို ပုံမှန်ထက် ၁၃ နှစ် ပိုမိုအသက် စောစောသေဆုံးနိုင်ကြောင်း တွေ့ရှိထားပါတယ်။သွားနဲ့သွားဖုံးမျက်နှာပြင်တွေမှာ သွားချေးများတဲ့လူတွေက အရွယ်မတိုင်ခင် သေဆုံးနိုင်ခြေ ၈၀ရာခိုင်နှုန်းအထိရှိကြောင်းလည်း သိရှိရပါတယ်။
Ref; DM

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top