Healthy Life Ad
Child

နားထဲသို့ ပြင်ပပစ္စည်းဝင်ခြင်း (Foreign Body In Ear)

ပါမောက္ခဒေါက်တာခင်လှလှ (နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့်လည်ပင်းရောဂါပညာဌာန၊ ဆေးတက္ကသိုလ်-၁၊ ရန်ကုန်)

ဒီနေ့ ကျွန်မတို့အဖွဲ့အလှည့်ကျတာကတော့ ပြင်ပလူနာဌာနပေါ့။ ကျွန်မတို့ဆေးရုံမှာ အဖွဲ့ ၅ ဖွဲ့ ရှိတာ ကိုယ့်အလှည့်နဲ့ကိုယ် ပြင်ပလူနာကြည့်တဲ့ရက်၊ ခွဲစိတ်ခန်းပြီး ခွဲစိတ်တဲ့ရက်၊ အသေးစားခွဲစိတ်တဲ့ရက်၊ လူနာဟောင်းတွေကို ပြန်ကြည့်တဲ့ရက်၊ မှန်ပြောင်းနဲ့ မှန်ဘီလူးကြည့်တဲ့ရက်ဆိုပြီး ရှိပါတယ်။ မှန်ပြောင်းက လည်ချောင်းထဲက အသံအိုးတို့၊ အစာရေမျိုတို့၊ နှာခေါင်းနောက်နားက နေရာတို့ကို ကြည့်တာဖြစ်ပြီး မှန်ဘီလူးကနားကို ကြည့်တာဖြစ်ပါတယ်။ ကျွန်မတို့ နား၊ နှာခေါင်း၊ လည်ချောင်းအထူးကု အောင်ပြီးစက ဒီလိုပစ္စည်း အပြည့်အစုံမရှိသေးပါဘူး။ မှန်ပြောင်းမရှိသေးတော့ မှန်သေးသေးလေးနဲ့ ကြည့်ရပါတယ်။ တော်တော်ခက်ခဲပါတယ်။ နားဆိုရင်လည်း မှန်ဘီလူးနဲ့ကြည့်ရင် ပုံကြီးချဲ့ပေးတော့ ပိုမြင်ရတာပေါ့။ အခန်းဝမှာ အမျိုးသမီးနှစ်ယောက်ကို တွေ့ပါတယ်။ တစ်ယောက်က မကျေမနပ်နဲ့ ပြောနေတယ်။

“ သူတို့က မွေးရုံပဲမွေးပြီး ကလေးကို ထားသွားတာ။ ဒီက အဒေါ်ကပဲ ဘာဖြစ်ဖြစ် အကုန်လုပ်ပေးနေရတာ။ အခုလည်း ဘယ်တုန်းက ထည့်လိုက်သလဲမသိဘူး။ နားထဲကို ခဲဖျက်ထည့်ထားတာတဲ့။ ပြီးတော့ ငြိမ်ငြိမ်မနေတော့ ဆရာက ဒီအတိုင်းထုတ် လို့မရဘူးတဲ့။ ဆေးထိုးပြီး ထုတ်ရတော့မယ်။ အလုပ်ရှုပ်လိုက်တာလွန်ရော . .” အော် . . နားထဲကို အပြင်က ပစ္စည်းဝင်တာကိုး ။ဟုတ်ပါတယ်။ အဲဒီလိုလူနာမျိုးက ကလေးတွေပါ။ တစ်ခါတလေတော့ လူကြီးတွေမှာလည်း ပိုးဟပ်တို့၊ မီးပိုးကောင်တို့ ဝင်တတ်တယ်။ ဝင်တဲ့ပစ္စည်းတွေကို သက်ရှိနဲ့ သက်မဲ့လို့ ခွဲခြားနိုင်ပါတယ်။

သက်ရှိဆိုရင် အဲဒီအကောင်သေအောင်အရင် သတ်ရပါတယ်။ ဒီနေရာမှာ ကျွန်မကို အင်တာဗျုးလုပ်တာ သတိရပါတယ်။ ကျွန်မက အခုလိုပဲ နားထဲကို ပြင်ပပစ္စည်းဝင်တဲ့အကြောင်းကို ဖြေရတာ။သက်ရှိဆိုရင် အရင်သတ်ရမယ်။ ရတဲ့အရည်ထည့်၊ အကောင်သေရင် ပြီးပြီဆိုပြီး နောက်ပိုင်းမှာ သေသွားတဲ့အကောင်ကို ထုတ်တဲ့အကြောင်း ဆက်ပြောတာ။ ကျန်းမာရေးအစီအစဉ်အစမှာ ကျွန်မရဲ့ အကောင်သေရင် ပြီးပြီဆိုတာနဲ့ ပြတ်သွားတော့ တစ်မျိုးဖြစ်နေတာလေးကို ရှင်းပြချင်ပါတယ်။ ပြီးပြီဆိုတာက အရေးပေါ်မဟုတ်တော့တာကို ပြောတာပါ။ထုတ်တော့ ပြန်ထုတ်ရမှာပါ။

သက်မဲ့ဆိုရင်လည်း ပဲစေ့လို ရေနဲ့ထိရင် ပွတာမျိုးရှိသလို၊ ရေနဲ့ထိရင်မပွတာမျိုး ဥပမာ-ကျောက်ခဲ လိုမျိုးလည်းရှိတယ်။ အဲဒီနှစ်မျိုးမှာ ရေနဲ့ထိရင်ပွတာ ကပိုဆိုးတယ်။ သူတို့တွေက ရေကိုစုပ်ပြီး ပွလာကြရော။ အဲဒီအခါ အပြင်နားရောင်ပြီး နားကိုက်လာတယ်။ ဒါကြောင့် ဒီလိုအမျိုးအစားတွေမှာ နားထဲရေ မဝင်အောင် ဂရုစိုက်ရတယ်။ ရေထည့်ပြီးတော့လည်း ထုတ်လို့ မရဘူး။

နား၊ နှာခေါင်း၊ လည်ချောင်းဆိုတဲ့ ဒွါရအပေါက်တွေက အပြင်နဲ့ ဆက်သွယ်နေလေတော့ ပြင်ပပစ္စည်းတွေဟာ အဲဒီသုံးမျိုးစလုံးထဲ ဝင်တတ်ပါတယ်။ အဲဒါတွေကို ထုတ်ပေးနိုင်ဖို့ လိုအပ်တာတွေနဲ့ ပြည့်စုံရပါမယ်။ အရေးကြီးတာကတော့ အထုတ်ခံမယ့်သူက ငြိမ်နေမှရမှာပါ။ မဟုတ်ရင် အထဲမှာ ရှိ၊ မရှိတောင် ကြည့်ဖို့ မလွယ်ဘူး။ ရှိမှန်းသိရင်လည်း ကိုယ်ကထုတ်ဖို့ ချိန်လိုက်၊ သူက လှုပ်လိုက်ဆိုရင် ဘယ်လွယ်ပါ့မလဲ။ ကလေးတွေကလည်း ငြိမ်ခံတာ နည်းပါတယ်။ငယ်တဲ့ကလေးတွေဆိုရင် ပိုဆိုးတာပေါ့။

ဒါမျိုးဆိုရင် ကလေးကို ခဏငြိမ်သွားအောင် ဆေးထိုးပြီး ထုတ်ပေးရပါတယ်။ မှန်ဘီလူးနဲ့ကြည့်ရင် သေသေချာချာ မြင်ရပြီးကောင်းကောင်းထုတ်ပေးနိုင်တော့ မထိခိုက်မိဘူးပေါ့။ အဲဒီလိုမဟုတ်ဘဲ ကလေးကလည်း ရုန်းကန်၊ ကိုယ့်မှာလည်း ပစ္စည်းကိရိယာမစုံလင်၊ ကောင်းကောင်းလည်း မမြင်ရဘဲ ထုတ်ရင် နားစည်တို့၊ အပြင်နား တူးမြောင်းတို့ ထိခိုက်မိနိုင်ပါတယ်။တစ်ခါတလေဆိုရင် နားစည်ပေါက်ပြီး အလယ်နားထဲဝင် သွားရင် အပ်နဲ့ထွင်းရမှာ ပုဆိန်နဲ့ပေါက်ရတဲ့ အဆင့်ရောက်ရော။

အဲဒီလိုဖြစ်ရင် နားခွဲစိတ်ပြီးမှ ထုတ်ရတယ်။ ဒါကြောင့် ကိုယ့်မှာ ပစ္စည်းကိရိယာမစုံလင်လို့ပစ္စည်း ကိရိယာစုံတဲ့ နား၊ နှာခေါင်း၊ လည်ချောင်း ဆေးရုံကိုလွှဲပေးတဲ့ ဆရာဝန်တွေအပေါ် အမြင်မစောင်းစေချင်ပါဘူး။ နားထဲ ခဲဖျက်ဝင်တာလေးများဆိုပြီး ဂရုမစိုက်ရင်ပြဿနာမျိုးစုံနဲ့ကြုံတွေ့နိုင်ပါတယ်။ ကိုယ့်ကို အထင်သေးချင်သေးပါစေ၊ ကိုယ့်ထက်ပိုပြီး လုပ်ပေးနိုင်မယ့်နေရာကို လွှတ်ပေးနိုင်တဲ့၊ လူနာ့အကျိုးကို ဦးစားပေးတဲ့ဆရာဝန်တွေကို လူနာရှင်တွေက ကျေးဇူးတောင်တင်သင့်ပါတယ်။ ကျွန်မတို့ငယ်ငယ်က သင်ယူခဲ့တဲ့စကားလေးကို သတိရမိပါတယ်။ Do no harm တဲ့။ ကိုယ်လုပ်လိုက်လို့ ပိုဆိုးမှာဆိုရင် ဘာမှမလုပ်တာကိုပဲ ကျေးဇူးတင်ရမှာ။

ဒါဆိုရင် လူနာအကုန်လုံး လွှဲရမလားဆိုရင် မဟုတ်ပါဘူး။ ကိုယ်ကလည်း ကျွမ်းကျင်မယ်၊ ပစ္စည်းလည်းစုံမယ်၊ အလင်းရောင်ကောင်းကောင်းရှိပြီး မြင်ရမယ်၊ လူနာကလည်းငြိမ်မယ်ဆိုရင်တော့ ဆရာဝန်တွေအနေနဲ့ ထုတ်ကြည့်နိုင်ပါတယ်။ ဘယ်လိုလူနာမျိုးတွေကို လွှဲပေးရမလဲဆိုတော့ . . . ခုနအခြေအနေတွေနဲ့ ပြောင်းပြန်အခြေအနေမျိုးရယ်၊ ထုတ်ကြည့်ပြီး မရတဲ့အခါမျိုးရယ်. . . ပိုးဝင်ပြီး ရောင်ရမ်းနေတဲ့အခါ အပြင်နားတူးမြောင်းမှာ ကြပ်ညပ်နေတဲ့အခါ လွှဲပေးရပါမယ်။ နားထဲကို ရေမဝင် အောင်လည်း ဂရုစိုက်ရဦးမှာနော်။ ကာကွယ်ခြင်းက ကုသခြင်းထက် ပိုကောင်းတာမို့ ကလေးတွေ နားမှာပြင်ပပစ္စည်းတွေ တတ်နိုင်သလောက် မရှိအောင် ဂရုစိုက်ဖို့လည်း သတိပေးချင်ပါတယ်။

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top