Healthy Life Ad
Men

အမျိုးသားတို့ သိလိုသည့် ပန်းသေပန်းညှိုးရောဂါ အမေးအဖြေ

ကိုထက်

ပန်းသေပန်းညှိုးရောဂါဖြစ်စေတဲ့ အကြောင်းရင်း နှစ်ခုရှိပါတယ်။ တစ်ခုက အခြေခံ ကျန်းမာရေးပြဿနာတွေကြောင့်ဖြစ်ပြီး နောက်အကြောင်းတစ်ခုကတော့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာတွေကြောင့်ပဲ ဖြစ်ပါတယ်။ အခြေခံကျန်းမာရေးပြဿနာတွေကြောင့် ပန်းသေပန်းညှိုးရောဂါ အဖြစ်များဆုံးအရွယ်တွေက အထူးသဖြင့် အသက်ကြီးတဲ့ အမျိုးသားတွေမှာ ဖြစ်ပါတယ်။ ပန်းသေပန်းညှိုးရောဂါနဲ့ ဆက်စပ်နေတဲ့ နာတာရှည်ရောဂါဝေဒနာတွေက အဝလွန်ရောဂါ၊ ဆီးချိုရောဂါနဲ့ သွေးတိုးရောဂါတို့ ဖြစ်ပါတယ်။

အသက်ငယ်တဲ့ အမျိုးသားတွေမှာတော့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေကြောင့် ပန်းသေပန်းညှိုးရောဂါ ဖြစ်တတ်ပါတယ်။ အဲဒါတွေက စိုးရိမ်ပူပန်မှုများတာ၊ စိတ်ဖိစီးမှုများတာ၊ အရင်က လိင်မှုဆိုင်ရာ အတွေ့အကြုံနဲ့ ပတ်သက်ပြီး စိတ်ထိခိုက်မှုရှိခဲ့တာ စတာတွေကြောင့် ဖြစ်တတ်ပါတယ်။ ပန်းသေပန်းညှိုးရောဂါနဲ့ ပတ်သက်ပြီး အမျိုးသားအများစု သိလိုတဲ့ အကြောင်းအရာတွေကို ဖော်ပြပေးလိုက်ပါတယ်။

ပန်းသေပန်းညှိုးရောဂါမဖြစ်အောင် ကျွန်တော် ဘယ်လိုကာကွယ်နိုင်ပါသလဲ။
အဓိကကတော့ ကျန်းမာရေးနဲ့အညီ နေထိုင်ပါ။ ကျန်းမာရေး ကောင်းဖို့ ဦးစားပေးလိုက်နာသင့်တဲ့ အချက်ခုနစ်ရပ် ရှိပါတယ်။

(၁) ကိုယ်အလေးချိန် လျှော့ချပါ
သင်က ကိုယ်အလေးချိန်များနေရင် အပိုကိုယ်အလေးချိန်က သင့်နှလုံးသွေးကြောစနစ်အပေါ် ဒဏ်သက်ရောက်စေနိုင်ပါတယ်။

(၂) ဆေးလိပ်ဖြတ်ပါ
ဆေးလိပ်သောက်ရင်သွေးစီးဆင်းမှုကို ထိခိုက်စေပြီး လိင်တံဆီကို သွေးစီးဆင်းရောက်ရှိမှု မမှန်ကန်တော့ပါဘူး။ ဒါကြောင့် ဆေးလိပ်ဖြတ်ပါ။

(၃) အရက်အလွန်အကျွံသောက်ခြင်းကို ရှောင်ပါ
အရက်ကို မသောက်ဘဲနေတာ အကောင်းဆုံးပါ။ အရက်ကို မသောက်ဘဲ မနေနိုင်ရင် အသင့်အတင့်သောက်သင့်ပါတယ်။ တစ်နေ့မှာ အရက် နှစ် ပက်ထက် ပိုမသောက်သင့်ပါဘူး။

(၄) အစားအသောက်ကို မျှတညီညွတ်စွာ စားသုံးပါ
ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ များများပါတဲ့ အစာကို စားသုံးပါ။ ဆီကြော်စာနဲ့ တာရှည်ခံအောင် ပြုပြင်ထားတဲ့ အစာတွေကို တတ်နိုင်သမျှ ရှောင်ပါ။

(၅) သွေးဖိအားနှင့် သွေးတွင်းကိုလက်စထရောအဆင့်ကို ထိန်းချုပ်ပါ
သွေးတိုးစေမယ့် အငန်စာတွေကို တတ်နိုင်သမျှ ဆင်ခြင်ပါ။ သွေးတွင်းကိုလက်စထရော မတက်အောင် အစားအသောက် ဂရုစိုက်ပါ။ တတ်နိုင်သမျှ အပြင်စာကို မစားပါနဲ့။

(၆) ကိုယ်လက်လှုပ်ရှားမှု လုပ်ဆောင်ပါ
ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းကို တစ်နေ့ မိနစ် ၃၀ ပြုလုပ်တာကြောင့် သွေးလှည့်ပတ်စီးဆင်းမှုကို အားကောင်းစေပြီး စိတ်ဖိစီးမှုကို တည်ငြိမ်စေပါတယ်။

(၇) စိတ်ဖိစီးမှုလျှော့ချပြီး အိပ်ရေးဝ၀ အိပ်စက်ပါ
ညဘက်မှာ အနည်းဆုံး အိပ်ချိန် ၇ နာရီ ပြည့်ဝအောင် အိပ်စက်အနားယူပါ။

သွေးကြောကျန်းမာရေးနဲ့ ပန်းသေပန်းညှိုး ရောဂါ ဆက်စပ်မှုရှိပါသလား။
ရှိပါတယ်။ သွေးကြောတွေ ယိုယွင်းပျက်စီးထိခိုက်တာက ပန်းသေပန်းညှိုးရောဂါဖြစ်စေတဲ့အဓိက အကြောင်းရင်းပါ။ သွေးကြောဟာ ပုံမှန် သွေးလှည့် ပတ်စီးဆင်းမှုကို အားကောင်းစေပါတယ်။

ဆီးချိုသွေးချိုရောဂါနဲ့ ပန်းသေပန်းညှိုးရောဂါ ဆက်စပ်မှုကိုလည်း သိလိုပါတယ်။
ဆီးချိုသွေးချိုရောဂါက ပန်းသေပန်းညှိုးရောဂါ ဖြစ်စေတဲ့ အကြောင်းရင်းတစ်ခုပါ။ သွေးတွင်း သကြားဓာတ် ပုံမမှန်တဲ့အတွက် ကြာလာတဲ့အခါ သွေးကြောတွေ ထိခိုက်ရာက ပန်းသေပန်းညှိုးရောဂါ ဖြစ်လာတာမျိုး ဖြစ်ပါတယ်။ အမျိုးအစား (၂) ဆီးချိုရောဂါဟာ ကျန်းမာရေးနဲ့ ညီညွတ်မှုမရှိတဲ့ အစားအသောက် စားတာ၊ လေ့ကျင့်ခန်း မလုပ်တာစတာတွေကြောင့် ဖြစ်တတ်ပါတယ်။ နေထိုင်စားသောက်မှုပုံစံကို ကျန်းမာရေးနဲ့ ညီညွတ်အောင် ပြုပြင်လိုက်ရင် ဆီးချိုရောဂါကိုသာမက ပန်းသေပန်းညှိုးရောဂါကိုပါ မဖြစ်အောင် ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

လူငယ်တွေမှာ ပန်းသေပန်းညှိုးဖြစ်နိုင်ပါသလား။
လူငယ်တွေမှာလည်း ရံဖန်ရံခါဆိုသလို ပန်းသေပန်းညှိုးရောဂါ ဖြစ်တတ်ပါတယ်။ လူငယ်တွေမှာ ပန်းသေပန်းညှိုးရောဂါ ဖြစ်ရတဲ့ အဓိကအ ကြောင်းရင်းက ပူပင်သောကများတာနဲ့ စိတ်ဖိစီးမှုများတာကြောင့် ဖြစ်ပါတယ်။ မူးယစ်ဆေးဝါးတွေ သုံးစွဲတာနဲ့ ကျားဟော်မုန်း တက်စတိုစတီရုန်းအဆင့် မြင့်တက်တာတို့ ဖြစ်ရင်လည်း ပန်းသေပန်းညှိုးရောဂါကို ဖြစ်စေနိုင်ပြီး လိင်ဆန္ဒလျော့နည်းတတ်ပါတယ်။ ငယ်ရွယ်ချိန် ပူပင်သောကကြောင့် ပန်းသေပန်းညှိုးရောဂါဖြစ်ရင် စိတ်ကျန်းမာရေးဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။

အိမ်ထောင်ရေးအဆင်မပြေရင်ကော ပန်းသေပန်း ညှိုးရောဂါ ဖြစ်နိုင်ပါသလား။
အိမ်ထောင်ရေးအဆင်မပြေတဲ့ စုံတွဲတွေမှာ လိင်ပိုင်းဆိုင်ရာ ပြဿနာတင်မက နှလုံးကျန်းမာရေး ပြဿနာတွေတောင် တွေ့ရတတ်ပါတယ်။ လိင်ပိုင်းဆိုင်ရာ အခက်အခဲရှိရင်လည်း အိမ်ထောင်ရေးအ ဆင်မပြေဖြစ်တတ်ပါတယ်။

ပန်းသေပန်းညှိုးဖြစ်ရင် လေ့ကျင့်ခန်းလုပ်ပြီး ကုသနိုင်သလား။
အင်္ဂလန်အနောက်ပိုင်းတက္ကသိုလ်ရဲ့ လတ်တလောလေ့လာမှုအရ လေ့ကျင့်ခန်းလုပ်တာက ပန်းသေပန်းညှိုးရောဂါမဖြစ်အောင် ကာကွယ်ပေးတာကို တွေ့ရှိရပါတယ်။ ဒါ့အပြင် ပန်းသေပန်းညှိုးရောဂါ ရှိသူတွေမှာ လေ့ကျင့်ခန်းလုပ်ရင်လည်း လိင်တံထောင်မတ်နိုင်စွမ်း သိသိသာသာ တိုးတက်မှုရှိတယ်လို့ လေ့လာတွေ့ရှိရပါတယ်။
တင်ပဆုံကွင်း သန်စွမ်းအောင် ပြုလုပ်ရတဲ့ လေ့ကျင့်ခန်းတွေကလည်း ဆီးမထိန်းနိုင်တဲ့ ပြဿနာမဖြစ်အောင် ထိန်းပေးနိုင်သလို ပန်းသေပန်းညှိုး ရောဂါမဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။

လေ့ကျင့်ခန်းကို ပုံမှန်ပြုလုပ်ပေးတာကြောင့် အထွေထွေကျန်းမာရေး အခြေအနေကိုသာမက လိင်စွမ်းဆောင်နိုင်စွမ်းကိုလည်း တိုးတက်စေပါတယ်။ အကြောင်းကတော့ လေ့ကျင့်ခန်းလုပ်ရင် သွေးလှည့်ပတ်မှုစနစ် ကောင်းမွန်လို့ ဖြစ်ပါတယ်။ တစ်နေ့မှာ မိနစ် ၃၀ ခန့် လေ့ကျင့်ခန်းလုပ်ပေးရင် သွေးတိုးကို ထိန်းနိုင်ပြီး သွေးစီးဆင်းမှု ကောင်းမွန်ကာ အထွေထွေကျန်းမာရေးအခြေအနေကို တိုးတက်လာစေပါတယ်။ တခြားအားကစားတွေ မလုပ်နိုင်ရင်တောင် လမ်းလျှောက်ပေးပါ။
Ref; dred

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top