Healthy Life Ad
Men

တိုနာဆိုတာ . .

မေး- တိုနာဖြစ်ရင် မိန်းမကိုယ်အမွေးကို မီးရှို့ပြီးရှူရတယ်လို့ ကြားဖူးပါတယ်ဆရာ။ ဟုတ်ပါသလား။ တိုနာဆိုတာ ဘာကိုပြောတာပါလဲ။
KKZ(FB)
ဒေါက်တာမိုးအောင်ကျော်နိုင်
(အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး)
မှ ဖြေကြားပေးပါသည်။

ဖြေ- တိုနာဆိုတာ လူအများကြားမှာ သုံးနှုန်းတဲ့ရောဂါနာမည်ပါ။ ဆေးပညာမှာ ဆရာတို့သင်ကြားခဲ့တဲ့ အထဲမှာတော့ ရုပ်ပိုင်းဆိုင်ရာရောဂါလက္ခဏာတွေ နဲ့ စိတ်ပိုင်းဆိုင်ရာရောဂါလက္ခဏာတွေဆိုပြီး နှစ်ပိုင်း ရှိပါတယ်။ အဲဒီမှာတိုနာဆိုတဲ့ အရပ်ထဲကရောဂါဟာ ဆေးပညာထဲက ရုပ်ပိုင်းဆိုင်ရာရောဂါလက္ခဏာထဲမှာ နာမည်တပ်လို့မရဘူး။ နာမည်မပါဘူး။

တိုနာဆိုတာ ဘာကိုဆိုလိုသလဲဆိုတော့ အမျိုးသားအင်္ဂါက တဖြည်းဖြည်းနဲ့ တိုဝင်ကျုံ့ဝင်သွားပြီးတော့ ကိုယ့်ခန္ဓာကိုယ် ဗိုက်ထဲဝင်သွားရင်သေတတ်တယ် ဆိုတဲ့ အရပ်သုံးကောလဟာလရောဂါတစ်ခုပဲ ဖြစ်ပါတယ်။ တကယ်တမ်းကျတော့ သူတို့ထင်သလို အမျိုးသားအင်္ဂါက ဗိုက်ထဲ တိုမဝင်သွားနိုင်ပါဘူး။

ဆရာတို့ဆီကို တိုနာဖြစ်လို့ဆိုပြီး လာပြတဲ့လူနာနှစ်ဦး ကြုံဖူးတယ်။ သူတို့က တိုဝင်သွားတယ်ဆိုတဲ့သဘောနဲ့ လာပြကြတယ်။ အဲဒီအခါမှာ ဆရာတို့ကတော့ ပြောတယ်။ “စိတ်မပူနဲ့၊ အမျိုးသားအင်္ဂါက ခန္ဓာကိုယ်အတွင်းပိုင်းထဲ ဝင်သွားစရာအကြောင်း မရှိဘူး၊ ဘာလို့လဲဆိုတော့ အရွတ်နဲ့ ပိုင်းထားတယ်၊ သွေးဝင်လာရင်ဖောင်းလာပြီးတော့ သွေးဝင်တာမရှိရင် ကျုံ့သွားတယ်။ အဲဒီလို တည်ဆောက်ထားတာဆိုတော့ အလွန်ဆုံးဝင်ရင် ဆီးခုံရိုးနဲ့ပဲကပ်လို့ရတယ်။ ခန္ဓာကိုယ်ထဲ ဝင်သွားစရာမရှိဘူး”ဆိုပြီး ဒီရောဂါနဲ့ ပတ်သက်ပြီး စိတ်ပူပင်မှုမရှိအောင် အမျိုးသားအင်္ဂါတည်ဆောက်ပုံကို ရှင်းပြတယ်။

နောက်တစ်ဆင့်အနေနဲ့ ဘာလို့တိုဝင်သွားတာလဲဆိုတော့ အမျိုးသားအင်္ဂါဆိုတာ အေးရင် ကျုံ့တယ်၊ ကြောက်ရင် ကျုံ့တယ်၊ ဒါကို တိုဝင်တယ်လို့ ထင်နေတာပါ။ စိတ်ပူပင်သောကများတဲ့ စိတ်ဝေဒနာရှိရင် ကျုံ့ဝင်သွားတတ်တယ်။ အဲဒါကို ကြောက်တဲ့အခါ ကြောက်လေ တိုလေ၊ တိုလေ ကြောက်လေ သံသရာလည်ပြီးအထဲကို ကပ်သလို ဖြစ်သွားတယ်။ အဲဒါကို မြင်ပြီး စိတ်ပိုင်းဆိုင်ရာ သောကများပြီး ဆရာဝန်ဆီ လာပြလေ့ရှိပါတယ်။

အရပ်ကလည်း မိန်းမကိုယ်အမွှေးကို မီးရှို့ပြီးရှူလိုက်ရင် ပုံမှန်ပြန်ဖြစ်တယ်ဆိုတဲ့ စကားကလည်း ရှိတယ်။ တချို့ကလည်း အဲဒီလို အမွှေးအမှင်တစ်ခုခုမီးရှို့ပြီး ရှူလိုက်ရင် စိတ်ပိုင်းဆိုင်ရာအရ ကောင်းသွားပြီလို့ ထင်ပြီး ပုံမှန်ပြန်ဖြစ်လာပါတယ်။ တစ်နည်းအားဖြင့် ပြောရရင် တိုနာဆိုတာ ရုပ်ပိုင်းဆိုင်ရာရောဂါထဲမှာ ပါဝင်ခြင်းမရှိဘဲ စိတ်ပိုင်းဆိုင်ရာနဲ့ နှီးနွှယ်တဲ့အခြေအနေပဲ ဖြစ်ပါတယ်။

တိုနာလို့ထင်ပြီး စိတ်သောကများတဲ့သူတွေက လူလတ်ပိုင်းအရွယ်တွေ အဖြစ်များတယ်၊ တစ်ဖက်ကလည်း လိင်မှုကိစ္စလိုက်စားတတ်တာလေးတွေ ရှိတယ်။ ဒါမျိုးဆိုရင် ဒီလိုဖြစ်တတ်တယ်လို့ ကြားဖူးတော့ တိုများဝင်နေသလား မသိဘူးဆိုပြီး စိုးရိမ်မှုကြောင့် ပိုပြီးတိုဝင်သွားတာပါ။ ဒါကို စိုးရိမ်ပူပင်မှုလွန်ကဲတဲ့ဝေဒနာလို့ ယူဆပါတယ်။ သာမန်ရှင် ပြလို့ မသက်သာရင် စိတ်ပိုင်းဆိုင်ရာဆရာဝန်နဲ့ တိုင်ပင်ဖို့ လွှဲပေးရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top