Healthy Life Ad
Life Style

အလုပ်အကိုင် ဆောင်ရွက်ရာတွင် သင့်ကို လူကြီးလူကောင်းဆန်သည့် အမျိုးသားအဖြစ် မြင်စေလိုလျှင်

ကိုမိုး

အလုပ်လုပ်တဲ့အခါ လုပ်ဖော်ကိုင်ဖက်တွေက သင့်ကို လူကြီးလူကောင်းဆန်တဲ့ အမျိုးသားအဖြစ်  အထင်အမြင်ကောင်းစေဖို့ လူကြီးလူကောင်းဆန်တဲ့ အမူအကျင့်တချို့ကို အကြံပြုလိုက်ပါတယ်။

စတွေ့ချိန် အထင်အမြင်ကောင်းစေဖို့ ပြုံးပြပေးပါ
လူတစ်ယောက်နဲ့စတွေ့တဲ့ အချိန်သုံးစက္ကန့် လောက်အတွင်းမှာ မြင်မြင်ချင်းအထင်အမြင် ကောင်းစေဖို့အပြုံးက အရေးကြီးပါတယ်။ သင့်စိတ်ထဲမှာ ပျော်ပျော်၊ မပျော်ပျော် ကိုယ်ရဲ့ ရပ်တည်မှုအတွက် ကျေနပ်တယ်ဆိုတဲ့ အပြုံးမျိုးပြုံးတတ်ဖို့ လိုပါတယ်။ လေ့လာမှုအရ ပြုံးတာက စိတ်ခံစားမှုနဲ့ ကိုယ်ခံစွမ်းအားစနစ်ကိုကောင်းစေပြီး သွေးဖိအားလျော့ကျကာ စိတ်ဖိစီးမှုကို တွန်းလှန်နိုင်တယ်လို့ သိရပါတယ်။

အလုပ်ကို ချစ်မြတ်နိုးစွာ လုပ်ကိုင်ဆောင်ရွက်ပါ
အလုပ်ကို ချစ်မြတ်နိုးတန်ဖိုးထားပြီး လုပ်ကိုင်တာက အောင်မြင်မှုရဲ့ သော့ချက်ပါပဲ။ လေ့လာမှုအရ အလုပ်မှာ အောင်မြင်သူတွေက သူတို့လုပ်တဲ့အလုပ်အပေါ် နက်ရှိုင်းတဲ့ စိတ်ဝင်စားမှုရှိနေပြီး သူတို့ရဲ့ ရည်မှန်းချက်ပန်းတိုင်ကိုလည်း နှလုံးရည်၊ လက်ရုံးရည်နဲ့ ဉာဏ်ရည်တို့ပေါင်းစပ်ပြီး လျှောက်လှမ်းနေတာ ဖြစ်ပါတယ်။ အလုပ်ကို သူတို့ချစ်တဲ့ သားသမီးလေးလို သဘောထားပြီး လုပ်ကိုင်နေတာကြောင့် အောင်မြင်မှုကို ရရှိတာပါ။

အရာရာကို အကောင်းဘက်က ရှူမြင်သုံးသပ် ပေးပါ
အကောင်းမြင်သဘောထားနဲ့ နေထိုင်တာကြောင့် စိတ်ကို ရွှင်ပြစေပါတယ်။ အကောင်းမြင်တာကြောင့် အိုမင်းတဲ့ လက္ခဏာကို နှေးစေပါတယ်။ ဘဝမှာ အရေးပါတာတွေကို တန်ဖိုးထားပြီး အရေးမပါတာတွေကို မေ့ပစ်လိုက်ဖို့နဲ့ ကြုံလာသမျှ အဆိုးတွေကို လျစ်လျူရှူပြီး ရှေ့ဆက်ဖို့ လိုပါတယ်။

ကိုယ်လက်လှုပ်ရှားမှု လုပ်ပေးပါ
ဉာဏ်ရည်ထက်မြက်လိုစေဖို့အတွက် အိပ်ရေးဝ၀အိပ်စက်ပေးဖို့ လိုသလို ကိုယ်လက်လှုပ်ရှားမှုလည်း လုပ်ရပါမယ်။ လေ့လာမှုအရ တစ်ပတ်မှာ အေရိုးဗစ်လေ့ကျင့်ခန်းနဲ့ ကြွက်သားသန်စွမ်းစေတဲ့ လေ့ကျင့်ခန်းကို ၁၂၀-၁၅၀မိနစ်လောက် လုပ်ဆောင်ပေးတာက ကိုယ်အလေးချိန်ကို ထိန်းနိုင်တဲ့အပြင် ကြွက်သားတွေ သန်စွမ်းကာ အသက်ရှည်ရှည်နေရကြောင်း သိရပါတယ်။

တစ်ကိုယ်ရေသန့်ရှင်းမှုကို အလေးထားပါ
ကိုယ်ရနံ့ သင်းပျံ့နေတာကလည်း သင့်ကို အမြဲတမ်းယုံကြည်မှု ရှိစေတဲ့အချက်ပဲ ဖြစ်ပါတယ်။ ကိုယ်ရနံ့နဲ့ ခံတွင်းရနံ့သင်းပျံ့တာက တခြားသူတွေနဲ့ ပေါင်းဖော်တဲ့အခါမှာ ဆွဲဆောင်မှုပိုရှိစေပါတယ်။ ရေကို မှန်မှန်ချိုးပြီး သန့်ရှင်းတဲ့ အဝတ်အစားတွေကို ဝတ်ဆင်ပေးပါ။ ပြီးရင် အမျိုးအစားကောင်းတဲ့ ရေမွှေးကို သုံးပေးပါ။ သွားနဲ့ သွားဖုံးတွေကျန်းမာပြီးရနံ့ သင်းပျံ့နေအောင် သွားမှန်မှန်တိုက်ပေးကာ အစာ စားပြီးတိုင်း ပလုတ်ကျင်းပေးပါ။

ထမင်းစားရာတွင် စနစ်တကျ စားပေးပါ
အစာစားတဲ့အခါမှာ စားပွဲမှာ အကျအနထိုင်ပြီး အနေအထားမှန်မှန်ထိုင်ကာ စားသောက်တတ်ပါတယ်။ အစာကို ကြေညက်အောင် ကြိတ်ဝါးပြီး စားတတ်ပါတယ်။ အစာမစားခင်မှာ လက်ကို စက္ကန့် ၂၀ လောက် စင်ကြယ်အောင်ဆေးပါတယ်။

ကြင်နာပြီး ယဉ်ကျေးမှုရှိရှိ နေထိုင်ပါ
ပျော်ရွှင်မှုရှိဖို့အတွက် ကောင်းတဲ့ ပေါင်းသင်း ဆက်ဆံရေး လိုအပ်ပါတယ်။ ပတ်ဝန်းကျင်က လူတွေအပေါ် ယဉ်ယဉ်ကျေးကျေးနဲ့ ကြင်ကြင်နာနာ ဆက်ဆံတတ်တာက သူတို့ကို တန်ဖိုးထားရာရောက်သလို သင့်အသွင်အပြင်ကိုလည်း ပိုမို တောက်ပစေပါတယ်။

အခမ်းအနားအလိုက် ဝတ်ဆင်ပေးပါ
လူကြီးလူကောင်းဆန်တယ်ဆိုတဲ့ သူတွေက နေရာနဲ့ အချိန်အခါကိုကြည့်ပြီး ဝတ်ဆင်တတ်ပါတယ်။ အမြဲတမ်း သပ်သပ်ရပ်ရပ်ဝတ်တတ်ပြီး ဆံပင်တွေ၊ လက်သည်းတွေကို သေချာညှပ်ထားတတ်ပါတယ်။ လက်ဝတ်လက်စားတွေနဲ့ တခြားအသုံး အဆောင်တွေကို အဆင့်အတန်းရှိရှိသာ ဝတ်ဆင်တတ်ပါတယ်။

အချိန်ကို လေးစားလိုက်နာပါ
အချိန်အတိအကျ လုပ်ဆောင်တတ်တယ်ဆိုတာက သင့်အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်ပြီး သင့်ပတ်ဝန်းကျင်က လူတွေကိုလည်း လေးစားမှုရှိ တယ်ဆိုတာဖော်ပြရာရောက်ပါတယ်။ စကားတစ်ခွန်းမှ ပြောစရာမလိုဘဲ လူတွေကို လေးစားကြောင်း၊ အချိန်ကို တန်ဖိုးထားကြောင်း ပြသနေသလိုပါပဲ။

ကူညီပါ
စေတနာ့ဝန်ထမ်းလုပ်ပြီး ကူညီတာက ကောင်းပါတယ်။ တကယ်လို့ အဲဒီလို လုပ်ဖို့ အချိန်မပေးနိုင်ဘူးဆိုရင်လည်း သင့်ပတ်ဝန်းကျင်က လူတွေကို တတ်နိုင်သမျှ ကူညီလိုက်ပါ။ ကူညီတတ်တဲ့သူတွေက ပျော်ရွှင်မှု၊ ကိုယ့်ကိုယ်ကိုယ် လေးစားမှုတို့ တိုးမြင့်ပြီး စိတ်ဓာတ်ကျရောဂါ မဖြစ်စေပါဘူး။

ရယ်မောပျော်ရွှင်ပါ
ကျယ်လောင်တဲ့ အသံနဲ့ ရယ်မောလိုက်တာက ဆေးကောင်းတစ်လက်ကို မှီဝဲလိုက်သလိုမျိုး သင့်ကို ကျန်းမာစေပါတယ်။ လေ့လာမှုအရ ရယ်မောတာက သွေးကြောတွေကို ကျန်းမာစေပြီး နှလုံးရောဂါဖောက်တာ (Heart attack )နဲ့ နှလုံးရောဂါတို့မဖြစ်အောင် ကာကွယ်ပေးတယ်လို့ သိရပါတယ်။ ဒါကြောင့် ရယ်မောရတဲ့ ဇာတ်ကားတွေကို ကြည့်ပေးပါ။ တစ်နေ့တာမှာ ရယ်မောတဲ့အလေ့အထကို ကျန်းမာရေးအတွက် ပါဝင်အောင် ထည့်ပေးပါ။

အသင့်အတင့်ကို နားလည်ပေးပါ
ဘယ်အရာမဆို အသင့်အတင့် လုပ်ဆောင်တာက သင့်ကို ကျန်းမာရေးနဲ့ ညီညွတ်စေသလို လူကြီးလူကောင်း ပီသစေပါတယ်။ အစားအစာကို အာဟာရပြည့်ဝတာရွေးချယ်ပြီး စားသောက်ပါ။ အရက်ကို တစ်နေ့နှစ်ခွက်ထက် ဘယ်တော့မှ ပိုမသောက်ပါနဲ့။ လေ့ကျင့်ခန်းကို တစ်ပတ်မှာ ငါးရက်လောက် လုပ်ပေးဖို့ လိုပါတယ်။

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top