Healthy Life Ad
Life Style

ပန်းသေပန်းညှိုးရောဂါကို ကျော်လွှားနိုင်မည့် သဘာဝနည်း ငါးသွယ်

ကိုထက်
အခုအချိန်မှာ သင်က အသက် ၂၀ အရွယ်ကလို မြန်မြန် ပြေးနိုင်နေတုန်းပဲလား၊ တင်းနစ်ဘောလုံးကို အရင်လို အရှိန်ပြင်းပြင်းနဲ့ ရိုက်နိုင်နေတုန်းပဲလား၊ အသက်ကြီးလာပေမယ့် ငယ်ငယ်တုန်းကလိုပဲ အားကစားတွေကို လုပ်နိုင်စွမ်း ရှိနေတုန်းဆိုရင် သင့်အနေနဲ့ ကျန်းမာနေပြီး လိင်စွမ်းဆောင်နိုင်စွမ်းမှာလည်း ငယ်ငယ်တုန်းကလိုပဲ ဖြစ်နေပါလိမ့်မယ်။

ပန်းသေပန်းညှိုးရောဂါဆိုတာ အကြောင်းပြချက်အမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ တစ်ခါတလေ ဆေးတချို့ရဲ့ ဘေးထွက်ဆိုးကျိုးကြောင့် ဖြစ်တတ်သလို တစ်ခါတစ်ခါမှာ စိတ်ဖိစီးမှုကြောင့်လည်း ဖြစ်တတ်ပါတယ်။ အများအားဖြင့် ပန်းသေပန်းညှိုးရောဂါဖြစ်တဲ့ အမျိုးသား ၇၅ ရာခိုင်နှုန်းမှာ ရှုပ်ထွေးတဲ့ ကျန်းမာရေး ပြဿနာတွေရှိနေတတ်ပါတယ်။ သွေးကြောဆိုင်ရာ ရောဂါ၊ အာရုံကြောဆိုင်ရာ ဝေဒနာ၊ ဆီးချိုသွေးချိုရောဂါ၊ ဆီးကျိတ်ကုသမှု စတာတွေနဲ့လည်း ဆက်နွှယ်မှု ရှိတတ်ပါတယ်။

သင်က ပန်းသေပန်းညှိုးရောဂါ ခံစားနေရလို့ပဲ ဖြစ်ဖြစ်၊ ပန်းသေပန်းညှိုးရောဂါဖြစ်မှာ စိုးရိမ်လို့ပဲ ဖြစ်ဖြစ် ပိုကောင်းမွန်တဲ့ လိင်မှုဘဝရရှိစေဖို့ အောက်ပါ နည်းလမ်း ငါးခုက ကူညီပေးမှာပဲ ဖြစ်ပါတယ်။

(၁) လမ်းလျှောက်ပါ
ဟားဗတ်လေ့လာမှုတစ်ခုအရ တစ်နေ့ မိနစ် ၃၀လောက် လမ်းလျှောက်ပေးရုံနဲ့ ပန်းသေပန်းညှိုး ရောဂါဖြစ်နှုန်းကို ၄၁ ရာခိုင်နှုန်း လျော့ကျစေတယ်လို့ သိရပါတယ်။ အသင့်အတင့် လေ့ကျင့်ခန်းလုပ်ပေးရင် ပန်းသေပန်းညှိုးရောဂါဖြစ်တဲ့ သက်လတ် ပိုင်းအရွယ် အဝလွန်သူတွေမှာ လိင်စွမ်းဆောင်နိုင်စွမ်း ပြန်လည်ကောင်းမွန်လာပါတယ်။

(၂) သင့်တော်မျှတသည့် အစာစားပါ
မက်ဆာချူးဆက်လေ့လာမှုတစ်ခုအရသစ်သီး ဝလံ၊ ဟင်းသီးဟင်းရွက်၊ ကောက်နှံတစ်ခုလုံးအစာနဲ့ ငါးစတာတွေကို များများ စားပြီး အနီရောင်အသား၊ ပြုပြင်ထားတဲ့ အသားနဲ့ အခွံချွတ်ထားတဲ့ ကောက်နှံစာတွေကို လျှော့စားတာကြောင့် ပန်းသေပန်းညှိုးရောဂါ ဖြစ်နှုန်းလျော့ကျစေတယ်လို့ သိရပါတယ်။ ဗီတာမင် B12 ချို့တဲ့တာ ကြာရှည်သွားရင် ပန်းသေပန်းညှိုးရောဂါဖြစ်စေနိုင်ပါတယ်။ မာလ်တီဗီတာမင်နဲ့ အားဖြည့်အစာတွေစားရင် ဗီတာမင် B12 စုပ်ယူနိုင်စွမ်း လျော့နည်းတဲ့ သက်ကြီးရွယ်အိုအများစုအတွက် အကောင်းဆုံး ဖြစ်ပါတယ်။

(၃) သွေးကြောကျန်းမာရေးကို အလေးထားပါ
သွေးတိုးခြင်း၊ သွေးတွင်းသကြားဓာတ် များခြင်း၊ သွေးတွင်းကိုလက်စထရောများခြင်း၊ သွေးတွင်းအဆီများခြင်း စတာတွေက နှလုံးသွေးကြောတွေကို ထိခိုက်စေနိုင်ပြီး နှလုံးရောဂါထခြင်း (Heart Attack )နဲ့ လေဖြတ်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် လိင်တံထိခိုက်ပြီး ပန်းသေပန်းညှိုးရောဂါကို ဖြစ်စေနိုင်ပါတယ်။ သွေးတွင်းကောင်းတဲ့ ကိုလက်စထရော လျော့နည်းပြီး ခါးအတိုင်းအတာ တုတ်တာကလည်း ပန်းသေပန်းညှိုးရောဂါကို အားပေးပါတယ်။ ဒါကြောင့် ကျန်းမာရေး စစ်ဆေးကြည့်သင့်ပါတယ်။

(၄) ဝမ်းဗိုက်ချပ်ရပ်စေရန် ကြိုးစားပါ
ခါးအတိုင်းအတာ ၄၂ လက်မရှိတဲ့ အမျိုးသားက ခါးအတိုင်းအတာ ၃၂ လက်မရှိသူထက် ပန်းသေပန်းညှိုးရောဂါ ဖြစ်နိုင်ခြေ ၅၀ ရာခိုင်နှုန်း ပိုများပါတယ်။ အဝလွန်တာက သွေးကြောရောဂါနဲ့ ဆီးချိုရောဂါတို့ ဖြစ်နိုင်ခြေမြင့်မားစေပြီး ပန်းသေပန်းညှိုးရောဂါ ဖြစ်စေနိုင်တဲ့ အချက်တွေ ဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကိုယ်အလေးချိန်ဖြစ်အောင် ထိန်းတာနဲ့ ဝမ်းဗိုက်ချပ်ရပ်အောင်ကြိုးစားတာကလည်း ပန်းသေပန်းညှိုးရောဂါ မဖြစ်အောင် ရှောင်လွှဲပေးနိုင်ပါတယ်။

(၅) တင်ပဆုံကွင်းကြွက်သားသန်စွမ်းစေရန် လေ့ကျင့်ပါ
တင်ပဆုံကွင်းကြွက်သားတွေ သန်စွမ်းစေဖို့ Kegel လေ့ကျင့်ခန်းကို လုပ်ဆောင်ပေးပါ။ ဒီနည်းက ဆီးသွားချိန်မှာ သွားလိုက်၊ ထိန်းလိုက် လုပ်ပေးတဲ့နည်းပါ။ ဒီလေ့ကျင့်နည်းကို တစ်နေ့နှစ်ကြိမ်လုပ်ဆောင်ပြီး ဆေးလိပ်ဖြတ်တာ၊ ကိုယ်အလေးချိ်န် လျှော့ချတာ၊ အရက်ကို မသောက်ဘဲ နေတာ (မသောက်ရမနေနိုင်ရင် အသင့်အတင့်ပဲ သောက်တာ) စတဲ့ နေထိုင်မှုပုံစံကို တွဲဖက်မယ်ဆိုရင် လိင်စွမ်းဆောင်နိုင်စွမ်းမှာ ပိုမို အားကောင်းလာမှာ ဖြစ်ပါတယ်။
Ref; HD

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top