Healthy Life Ad
Health Tips

လက်ဖက်စားရင်၊ လက်ဖက်ရည်ကြမ်းသောက်ရင် ဘယ်လို ကောင်းကျိုးတွေ ရနိုင်သလဲ . . .

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

လက်ဖက်စိမ်း၊ လက်ဖက်မည်း၊ အူလွန်၊ အဖြူ ရောင်လက်ဖက်စတာတွေက အရသာမတူညီကြသလို ဆေးဖက်ဝင်အာနိသင်တွေလည်း အသီးသီးရှိကြပါတယ်။ လက်ဖက်ခြောက်တွေကို ရေနွေးပူပူထဲ စိမ်ပြီး လက်ဖက်ရည်ကြမ်းအဖြစ် သောက်သုံးလေ့ရှိသလို လက်ဖက်ရွက်ကိုပဲနှပ်ပြီး စားလေ့လည်း ရှိကြပါတယ်။ လတ်ဆတ်တဲ့ လက်ဖက်ရွက်ဖြစ်ဖို့တော့ လိုအပ်ပါတယ်။ လက်ဖက်မှာ အောက်ပါ ကျန်းမာရေး အကျိုးကျေးဇူးတွေရှိနေပါတယ်။

– နှလုံးသွေးကြောကို ကျန်းမာစေပါတယ်
လက်ဖက်ရွက်မှာပါတဲ့ ဒြပ်ပေါင်းတွေက နှလုံးသွေးကြောကျဉ်းရောဂါလို နှလုံးသွေးကြောဆိုင်ရာ ပြဿနာတွေကို ဖြစ်နိုင်ခြေ လျော့ကျစေသလို ဖြစ် ပြီးသား နှလုံးရောဂါကိုလည်း သက်သာစေပါတယ်။ မေရီလန်းဆေးစင်တာတက္ကသိုလ်ရဲ့ လေ့လာမှုအရ လက်ဖက်စိမ်းဟာ ကောင်းတဲ့ ကိုလက်စထရောကို မြင့်တက်စေပြီး မကောင်းတဲ့ ကိုလက်စထရောကို လျော့ကျစေကြောင်း ဆိုပါတယ်။

– ခံတွင်း ရောင်ရမ်းမှု သက်သာစေပါတယ်
လက်ဖက်မှာ ပါတဲ့ ဖလေဗိုးနွိုက်နဲ့ ပိုလီဖီနော ဒြပ်ပေါင်းတွေက ရောင်ရမ်းမှုလျော့ကျစေတဲ့အစွမ်း ရှိပါတယ်။ ဥပမာပြောရရင် လက်ဖက်စိမ်းမှာပါတဲ့ ဒြပ်ပေါင်းတွေက အူရောင်ရမ်းမှုကို လျော့ကျစေသလို အဆစ်ရောင်ရမ်းနာကြောင့်ဖြစ်တဲ့ ရောင်ရမ်းမှုကိုလည်း ဟန့်တားနိုင်ပါတယ်။ အမည်းရောင် လက်ဖက်မှာလည်း ပိုလီဖီနောဒြပ်ပေါင်းပါဝင်တာကြောင့် ရောင်ရမ်းမှုကို လျော့ကျစေပါတယ်။ တချို့ လေ့လာမှုတွေအရ လက်ဖက်ထဲက ဘီတာကယ်ရိုတင်းနဲ့ အယ်လ်ဖာတိုကိုဖီရောဆိုတဲ့ အင်တီအောက် ဆီးဒင့်နှစ်မျိုးကြောင့် ဆေးလိပ်သောက်သူတွေမှာ ရောင်ရမ်းမှုဖြစ်နှုန်း လျော့ကျတယ်လို့ တွေ့ရှိထားပါတယ်။

– ကင်ဆာဖြစ်နှုန်း လျော့ကျစေပါတယ်
လက်ဖက်မှာ အင်တီအောက်ဆီးဒင့် ဗီတာမင်နဲ့ သတ္တုဓာတ်တွေ အများအပြား ပါဝင်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်ဆဲလ်တွေ ထိခိုက်မှု မဖြစ်အောင် ကာကွယ်ပေးနိုင်သလို ထိခိုက်ထားတဲ့ ဆဲလ်ပျက်စီးမှုကိုလည်း ပြန်လည်ပြုပြင်ပေးနိုင်ပါတယ်။ အင်တီအောက်ဆီးဒင့်တွေက ကင်ဆာအန္တရာယ်ကို လျော့ကျစေသလို ကူးစက်ပိုးဝင်မှု မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
လက်ဖက်ရည်ကြမ်း အများအပြား သောက်သုံးသူတွေဟာ အစာအိမ်ကင်ဆာ၊ အစာအိမ်အူလမ်းကြောင်း စနစ်ကင်ဆာနဲ့ ဆီးအိတ်ကင်ဆာစတဲ့ ကင်ဆာရောဂါတချို့ ဖြစ်နိုင်ခြေကို လျော့ကျစေကြောင်း လေ့လာမှုတွေအရ သိရပါတယ်။

– အရိုးနဲ့ သွားတွေကို သန်စွမ်းစေပါတယ်
လက်ဖက်ရွက်မှာ ပါဝင်တဲ့ ဖလိုရိုက်ဟာ အရိုးတွေနဲ့ သွားတွေကို သန်စွမ်းစေပြီး သွားပိုးစားတာကို တွန်းလှန်ပေးပါတယ်။

– စိတ်နဲ့ ခန္ဓာကို အပန်းပြေစေပါတယ်
လက်ဖက်စိမ်းရွက်ဟာ စိတ်နဲ့ ခန္ဓာကို အပန်းပြေစေတဲ့ အာနိသင်ရှိပါတယ်။ ဒါက လက်ဖက်စိမ်းမှာ ပါတဲ့ အမိုင်နိုအက်စစ် L-Theanine ကြောင့် ဖြစ်ပါတယ်။ L-Theanineက ဗဟိုအာရုံကြောစနစ်ကို ကောင်းတဲ့ သက်ရောက်မှုရှိစေပြီး စိတ်အပန်းပြေစေတာ၊ အကောင်းမြင်တာနဲ့ စိတ်တည်ငြိမ်တာစတဲ့ ကောင်းကျိုးတွေကို ဖြစ်စေပါတယ်။

– လေဖြတ်နိုင်ခြေကို လျော့ကျစေပါတယ်
အမျိုးသမီး ကိုးထောင်ကျော်ကို လေ့လာခဲ့တဲ့ ဂျပန်လေ့လာမှုတစ်ခုအရ တစ်နေ့မှာ ရေနွေးကြမ်း ငါးခွက်အောက်လျှော့သောက်တဲ့ အမျိုးသမီးတွေဟာ လေဖြတ်နိုင်ခြေ နှစ်ဆပိုများကြောင်းသိရပါတယ်။ လက်ဖက်ထဲမှာပါတဲ့ ဖီနောဓာတ်ဟာ ကိုလက်စထရော ကပ်ငြိမှုမဖြစ်အောင် ကာကွယ်ပေးပြီး သွေးကြော တွေကို ကျန်းမာပျော့ပျောင်းစေပါတယ်။

Tip!
လက်ဖက်စားတဲ့အခါ မှိုတက်နေတာ မဖြစ်စေဖို့ အထူးသတိထားသင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top