Healthy Life Ad
Health Tips

လက်ဖက်စိမ်းလက်ဖက်(Green Tea)က ဆဲလ်ကောင်းများ မထိခိုက်စေဘဲ ကင်ဆာဆဲလ်များကို သေစေနိုင်

———၊ ကိုထက် ၊———

လက်ဖက်စိမ်းလက်ဖက်ထဲမှာ ပါဝင်တဲ့ EGCG ဒြပ်ပေါင်းတစ်မျိုးက ဆဲလ်ကောင်းတွေကို ထိခိုက်စေခြင်းမရှိဘဲ ခံတွင်းကင်ဆာဆဲလ်များကို သေစေနိုင်တယ်လို့ တွေ့ရှိခဲ့ရပါတယ်။ အခုတွေ့ရှိမှုက ခံတွင်းကင်ဆာ ကုထုံးအသစ် ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။

လက်ဖက်စိမ်းလက်ဖက်ထဲမှာ ပါတဲ့ ဒြပ်ပေါင်းတွေက ရောဂါဖြစ်စေတဲ့ ဆဲလ်တွေကိုပဲ ဦးတည်တိုက်ခိုက်လေ့ရှိကြောင်း အမေရိကန် ပန်းပြည်နယ်မှ သိပ္ပံပညာရှင်တို့က ဆိုပါတယ်။

လက်ဖက်စိမ်းလက်ဖက်ထဲမှာ တွေ့ရတဲ့ EGCG ဒြပ်ပေါင်းတစ်မျိုးဟာ ပုံမှန်ဆဲလ်တွေကို မထိခိုက်စေဘဲ ခံတွင်းကင်ဆာဆဲလ်တွေကို သေစေတဲ့အကြောင်းရင်းကို သေချာမသိကြသေးပေမယ့်လည်း စွမ်းအင်ထွက်ရှိစေတဲ့ ဆဲလ်အတွင်းရှိ မိုက်တိုကွန်ဒရီးယားဖြစ်စဉ်ကို အားပေးတာကြောင့်လို့ သိပ္ပံပညာရှင်တို့က ယုံကြည်ထားကြပါတယ်။

ခံတွင်းကင်ဆာက အသက် ၄၅ နှစ်ကျော်ချိန်မှာ ပိုအတွေ့ရများပြီး အမျိုးသမီးတွေမှာ ဖြစ်နှုန်း ပိုများတတ်ပါတယ်။ ခံတွင်းကင်ဆာမှာ နှုတ်ခမ်း၊ လျှာ၊ သွားဖုံး၊ ပါးစောင်၊ အာခေါင်မိုးနဲ့ အံဆုံးသွားနေရာ စတာတွေပါဝင်ပြီး ဆေးလိပ်သောက်ခြင်းနဲ့ အရက်အလွန်အကျွံ သောက်ခြင်းတို့ကြောင့် ဖြစ်တတ်ပါတယ်။ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစာစားခြင်း၊ သွားကို သေချာမတိုက်ခြင်းနဲ့ သွားဆရာဝန်ထံ ပုံမှန်ပြသမှု မရှိခြင်းတို့ကလည်း ခံတွင်းကင်ဆာဖြစ်နိုင်ခြေ မြင့်မားတတ်ပါတယ်။

အဖြစ်များတဲ့ လက္ခဏာနှစ်ရပ်မှာ ခံတွင်းအနာဖြစ်ပြီး အနာမကျက်တာနဲ့ ခံတွင်းထဲမှာ နာကျင်ပြီး မသက်မသာ ဝေဒနာဖြစ်တာတို့ ခံစားရတတ်တာပါပဲ။ တခြားလက္ခဏာတွေကတော့ ခံတွင်းထဲမှာ အဖြူကွက်၊ အနီကွက်များထင်ခြင်း၊ နှုတ်ခမ်းထူခြင်း၊ အစာကြိတ်ဝါးရခက်ခဲခြင်း၊ အစာဝါးရင်နာခြင်း၊ အစာမျိုရခက်ခဲခြင်း၊ စကားမပြောနိုင်ခြင်း၊ ခံတွင်းမှ သွေးထွက်ခြင်း၊ ထုံခြင်း၊ လည်ပင်းမှာ အလုံးအကျိတ်ပေါ်ခြင်း၊ ကိုယ်အလေးချိန် လျော့ကျခြင်းနဲ့ ခံတွင်းအနံ့ဆိုး ထွက်ခြင်းတို့ ခံစားရတတ်ပါတယ်။

(Ref;DM)

Most Popular

Healthy Life Ad
To Top