Healthy Life Ad
Life Style

ဘယ်သူမဆို ကြိုးစားရင် နေရာတစ်နေရာတော့ ရှိနေပါတယ်ဆိုတဲ့ မေဇင်အောင်

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်၊ တူးမြောင်းကျေးရွာ (ယခုအခါ တူးမြောင်းမြို့သစ်)တွင် မွေးဖွားခဲ့သော မေဇင်အောင်သည် မသန်စွမ်းဖြစ်မှန်း သိတတ်စကတည်းက စိတ်အားငယ်ခြင်းမရှိဘဲ သူ့တွင်ပိုင်ဆိုင်သော ခြေထောက်နှစ်ဖက်နှင့်ပင် အရာရာကို ကြိုးစားလုပ်ကိုင်ခဲ့သူဖြစ်သည်။

“စာမသင်ခင်ကတည်းက ကလေးတိုင်း သူတို့လက်နဲ့ ရေသောက်တယ်၊ လက်နဲ့အစာ စားတယ် .. ညီမမှာတော့ ခြေထောက်ရှိတဲ့အတွက် ခြေထောက်နဲ့ စားတယ်၊ ခြေထောက်နဲ့ သောက်တယ်၊ ကျောင်းစတက်ချိန်မှာ ညီမတို့ခေတ်တုန်းက အသက်ငါးနှစ်မှ စတက်ရတာလေ၊ တောကလည်းဖြစ်တော့ မူကြိုလည်း မရှိခဲ့ဘူး။ ဒါပေမဲ့ ကျောင်းစမတက်ခင်ကတည်းက အိမ်မှာ မိဘနဲ့ အစ်ကို၊ အစ်မတွေက စာသင်ပေးခဲ့ပါတယ်။

အဲဒီတော့ စာမရေးခင်ကတည်းက အစစအရာရာ ခြေထောက်နဲ့ လုပ်နေကျဖြစ်တဲ့အတွက် ညီမစာရေးတော့မယ်ဆိုတာနဲ့ ခြေထောက်နဲ့ပဲ ရေးရမယ်ဆိုတာ သိနေတယ်လေ၊ သင်ပေးတဲ့ သူတွေကလည်း ညီမခြေထောက်ကိုပဲကိုင်ပြီး သင်ပေးခဲ့ပါတယ်။ ပိုပြီး တည့်မတ်သွားတာက ကျောင်းရောက်သွားတဲ့အခါမှာ ဆရာမတွေက လက်ရေးလှအောင် ရေးတတ်ဖို့ ဘယ်သန်ဖြစ်တဲ့ ညီမကို ဘယ်ခြေထောက်ကိုင်ပြီး စနစ်တကျ သင်ပေးခဲ့ကြပါ တယ်”ဟု မေဇင်အောင်က ပြောသည်။

မောင်နှမငါးယောက်ရှိပြီး အငယ်ဆုံးဖြစ်သည့် မေဇင်အောင်အား အိမ်တွင် ခြေထောက်သုံးပြီး လုပ်ဆောင်တတ်စေရန် ဝိုင်းဝန်းကူညီထောက်ပံ့ပေးခဲ့ခြင်းက ဘဝတွင် အခြေခံအကျဆုံး အထောက်အပံ့များပင် ဖြစ်ခဲ့သည်။ “ညီမတို့က ဆင်းရဲတယ်ဆိုပေမယ့် အစ်ကို၊ အစ်မတွေ ကျောင်းတက်နေတာတွေ့တော့ ညီမက လိုက်တက်ချင်တယ်။ တချို့တွေကျတော့ ဆင်းကလည်း ဆင်းရဲ၊ မသန်စွမ်းကလည်း ဖြစ်နေတဲ့ အတွက် မောင်နှမတွေကလည်း ကျောင်းထားပေးဖို့ စိတ်ကူးတောင် မရှိကြပါဘူး။ အိမ်ထဲမှာပဲ ဝှက်ထားပြီး ဘယ်မှ မလွှတ်တာမျိုး ရှိပါတယ်။ ညီမကျတော့ မိဘနဲ့ မောင်နှမတွေက ဖေးမအားပေးမှုရရှိခဲ့တဲ့အတွက် အရမ်းကံကောင်းပါတယ်”ဟု မေဇင်အောင်က သူ့ငယ်ဘဝအကြောင်း ပြန်ပြောင်းပြောပြခဲ့သည်။

တူးမြောင်းကျေးရွာ၌ပင် သူငယ်တန်းမှ ကိုးတန်းအထိ ကျောင်းနေခဲ့သော မေဇင်အောင်သည် ၁၀ တန်းတက်ရန် မြို့ကျောင်းသို့ သွားရောက်ရမည်ဖြစ်ရာ မိသားစုက ဆင်းရဲသဖြင့် အိပ်မက်ပင် မမက်ရဲခဲ့ပေ။ “၁၀ တန်းရောက်တော့ တွဲဖက်ကျောင်း မရှိတော့ တတ်နိုင်တဲ့သူတွေက မြို့မှာ သွားတက်ကြတယ်၊ ညီမတို့တစ်တွေကျတော့ တတ်လည်း မတတ်နိုင်ဘူး၊ အဲဒီအပြင် ညီမက တစ်ယောက်တည်း သွားလို့လည်း မရဘူး၊ အစ်မနဲ့ နှစ်ယောက်အတူ သွားမှအဆင်ပြေမှာ၊ အဲဒီလိုဆိုတော့ ကျောင်းတက်ရင် နှစ်ယောက်စာကုန်မှာ . . မိဘကလည်း မတတ်နိုင်ခဲ့ဘူး၊ အဲဒီတော့ ကျောင်းဆက်မတက်ဖြစ်တော့ဘူးလို့ ညီမထင်ခဲ့တာ . . ဒါပေမဲ့ မြောင်းမြက မြို့နယ်ပညာရေးမှူးက ညီမတို့ရွာကို တာဝန်နဲ့ ရောက်လာခဲ့တယ်။

အဲဒီမှာ ညီမကိုတွေ့တော့ မိဘကလည်း ၁၀တန်း ဆက်မထားနိုင်ဘူးဆိုတာ သိသွားတယ်၊ “ကျောင်းတက်ချင်လား၊ တက်ချင်ရင် ကူညီပေးမယ်၊ အဘက မသန်စွမ်းကလေးတွေဆိုရင် ထောက်ပံ့ပေးဖို့ စိတ်ဝင်စားတယ်” လို့ မေးတော့ “တက်ချင်တယ်”လို့ ညီမပြန်ဖြေလိုက်တယ်။ အဲဒီကနေ ၁၀ တန်းရောက်တော့ မြောင်းမြ အထက(၁)မှာ တက်ခွင့်ရခဲ့တယ်။ ၁၀တန်းတစ်လျှောက်လုံး လိုအပ်တာမှန်သမျှ အကုန်လုံးထောက်ပံ့ပေးခဲ့ပါတယ်”ဟု သူ့ဘဝ တစ်ဆစ်ချိုး ပြောင်းလဲခဲ့ပုံအကြောင်းကို မေဇင်အောင်က ပြောပြခဲ့သည်။

“၁၀တန်းအောင်တော့ အဲဒီအဘကပဲ တက္ကသိုလ်ဆက်တက်နိုင်အောင် ညီမကိုပံ့ပိုးပေးခဲ့ပါတယ်။ တောက်လျှောက် လူကြီးတွေရဲ့ ထောက်ပံ့မှုနဲ့ ညီမကျောင်းတက်လာခဲ့တာပါ။ စာရင်းအင်းပညာနဲ့ ဘွဲ့ရခဲ့ပါတယ်။ ညီမပညာရေးအတွက် ဘဏ်ထဲမှာ ငွေစုပေးပြီး တစ်လဘယ်လောက်ဆိုတဲ့ လောက်ငနိုင်တဲ့ ပမာဏကို ထုတ်ပေးပါတယ်။ နေတာကတော့ တက္ကသိုလ်ဝင်းထဲမှာ နေရတယ်၊ စက်ဘီးလိုတယ်ဆိုရင် စက်ဘီးဝယ်ပေးတယ် . . အစစအရာရာ အဆင်ပြေအောင် လုပ်ပေးပါတယ်”ဟု မေဇင်အောင်က သူ့တက္ကသိုလ်ဘဝဖြတ်သန်းပုံ တစေ့တစောင်းကို ပြောပြခဲ့သည်။

ပုသိမ်မြို့တွင် တက္ကသိုလ်ဆက်တက်ရာ၌ လူကြီးများ၏ ထောက်ပံ့မှုကြောင့် အစစအရာရာ အဆင်ပြေခဲ့သော မေဇင်အောင်သည် သူစိတ်ပါဝင်စားသော ကွန်ပျူတာကို လေ့လာလိုစိတ် ပြင်းပြခဲ့သည်။ “ညီမ ၁၀ တန်းအထိ ကွန်ပျူတာကို မသုံးဖူးဘူး၊ သူများကိုင်တာပဲ တွေ့ဖူးတယ်၊ ကိုယ်က သေချာမကိုင်ဖူးဘူး။ တက္ကသိုလ်တက်နေတုန်း ကွန်ပျူတာသင်တန်း တက်ချင်စိတ် အရမ်းကိုပြင်းပြခဲ့တယ်။ အဲဒီမှာ ဘုန်းဘုန်း အရှင်ဆေကိန္ဒကြွလာတော့ သွားဖူးခဲ့တယ်။ ဘုန်းဘုန်းက ‘လိုအပ်တာရှိရင် ဖုန်းဆက်ဆိုပြီး သူ့ဒကာမဖုန်းကို ပေးထားတယ်’။

အဲဒီမှာ ညီမက ကွန်ပျူတာသင်တန်းတက်ချင်တော့ လူကြီးတွေကိုလည်း သိပ်မပြောရဲဘူး။ အဲဒါနဲ့ ဘုန်းဘုန်းကလျှောက်လိုက်တယ်။ အဲဒီတော့ ဘုန်းဘုန်းက ကွန်ပျူတာသင်တန်းတက်ဖို့ဆိုပြီး ထောက်ပံ့ပေးပါတယ်။ ညီမ တက္ကသိုလ်မှာ First Semester ပြီးတော့ နှစ်လပိတ်တယ်၊ Second Semester ပြီးတော့လည်း နှစ်လပိတ်တယ်၊ အဲဒီအချိန်တွေမှာ ပုသိမ်မှာပဲ ဘုန်းဘုန်းရဲ့ ထောက်ပံ့မှုနဲ့ ကွန်ပျူတာ သင်တန်းတွေတက်ခဲ့ပါတယ်။ နောက်ဆုံးကျတော့ အဲဒီသင်တန်းကပဲ Graphic Design ကို အခမဲ့ သင်ပေးလိုက်ပါတယ်”ဟု မေဇင်အောင်က ဆိုသည်။

ဘွဲ့ရပြီးချိန်တွင် မေဇင်အောင်သည် ရွာသို့ပင် ပြန်ခဲ့သော်လည်း သူ့ကို ၁၀တန်းမှ ဘွဲ့ရသည်အထိ ထောက်ပံ့ပေးခဲ့သော အဘကပင် ထပ်မံဆက်သွယ်လာခဲ့သည်။ “ပုသိမ်တိုင်းပညာရေးမှူးကတစ်ဆင့် ဖုန်းဆက်ပြီး” ပုသိမ်ကို အဘ အဲဒီရက်ရောက်မယ်၊ သမီး စောင့်နေ”ဆိုတာနဲ ့ ညီမပုသိမ်ကို ပြန်သွားဖြစ်တယ်။

“သမီးကျောင်းပြီးပြီဆိုတော့ ဘာလုပ်မလဲ၊ အလုပ် လုပ်ချင်လား”လို့ အဘက မေးပါတယ်။ ညီမကလည်း အစကတည်းက အလုပ်လုပ်ချင် နေတဲ့သူဆိုတော့ “ဟုတ်ကဲ့၊ အလုပ်လုပ်ချင်ပါတယ်၊ ကွန်ပျူတာတော့ ရတယ်”ဆိုပြီး ဖြေလိုက်ပါတယ်။ အဲဒါနဲ့ နောက်သုံးလေးရက်ကြာတော့ အဘက ဖုန်းဆက်လာတယ်။ “ရန်ကုန်မှာ ဆွေမျိုးအိမ်ရှိလား”လို့ မေးတယ်။ ဆွေမျိုးတွေကလည်း အဆက်အသွယ်ပြတ်နေတာကြာပြီဆိုတော့ “ရှိတော့ရှိတယ်၊ ဒါပေမဲ့ ဘယ်မှာနေမှန်း မသိတော့ဘူး။ ဒါပေမဲ့ သမီး အဆောင်နေမယ်”လို့ ပြန်ဖြေလိုက်ပါတယ်။

အဲဒါနဲ့ အဘက ညနေလောက်ကျတော့ “ရန်ကုန်မှာ အကုန်စီစဉ်ပေးထားပြီးပြီ၊ အရေးကြီးတဲ့ အရာမှန်သမျှ ယူလာခဲ့ – – – ရက်မှာ ရန်ကုန်ကို လာခဲ့”ဆိုတာနဲ့ အစ်မနဲ့ ညီမတို့ ရန်ကုန်ရောက်လာခဲ့ပါတယ်”ဟု မေဇင်အောင်က ရန်ကုန်သို့ ရောက်ရှိခဲ့သည့် သူ့ဘဝဖြစ်အင်ကို ပြောပြခဲ့သည်။ ရွှေမင်းသားဖောင်ဒေးရှင်းတွင် ကွန်ပျူတာ အလုပ်သွင်းပေးခဲ့ပြီး ဖောင်ဒေးရှင်းနှင့်နီးသည့် ပညာရေးဝင်းထဲမှာပင် အိမ်တစ်လုံးဆောက်လုပ်ပေးကာ နေထိုင်ခွင့်ပေးခဲ့ကြောင်း သိရသည်။

“၂၀၁၀ ကတည်းက ရွှေမင်းသားမှာ အလုပ်လုပ်ခဲ့တာ၊ အိမ်ထောင်ကျပြီးတဲ့အထိပဲ၊ အခုလောလောဆယ်မှာကျတော့ ညီမက အလုပ်ထွက်တာလည်း မဟုတ်သေးပါဘူး၊ ကလေးကလည်း ငယ်နေသေးတော့ ညီမပြန်လုပ်ဖို့ အဆင်မပြေသေးတာနဲ့ ခဏနားနေတဲ့ သဘောပါ။ ရွှေမင်းသားမှာ ညီမက ကွန်ပျူတာသုံးပြီး အိုင်တီပိုင်းလုပ်ဆောင်ရပါတယ်” ရွှေမင်းသားဖောင်ဒေးရှင်းတွင် အလုပ်လုပ်ရင်း ဖူးစာရှင်ကို အွန်လိုင်း၌ ဆုံတွေ့ခဲ့ကြောင်း မေဇင်အောင်က ဆိုသည်။

“ညီမနဲ့သူက အွန်လိုင်းမှာ သူငယ်ချင်းပါ၊ အွန်လိုင်းမှာ Myanmar Family ဆိုတဲ့ ဝက်ဘ်ဆိုဒ်က အိုင်တီနဲ့ပတ်သက်တဲ့ ပညာတွေရတယ်လို့ သူငယ်ချင်း တစ်ယောက်က ညွှန်လိုက်တယ်။ အဲဒီမှာ ဝင်ပြီးလေ့လာရင်း ကဏ္ဍမျိုးစုံမှာ စာပေသမားဆို စာပေစိတ်ဝင်စားသူ၊ အိုင်တီသမားဆို အိုင်တီစိတ်ဝင်စားသူ စသဖြင့် အစုံရှိတယ်။ ပညာ တအားရတဲ့ ဝက်ဘ်ဆိုဒ် ဖြစ်ပါတယ်။ အဲဒီဆိုဒ်ထဲက လူတွေကလည်း တွေ့ဆုံပွဲတွေ လုပ်ကြ၊ အကူအညီတွေပေးကြနဲ့ တကယ့်မိသားစုလိုပဲ ရင်းနှီးချစ်ခင်ဖေးမကြတယ်။ အဲဒီထဲမှာညီမဖူးစာရှင်နဲ့ဆုံပါတယ်။ ဖြစ်ချင်တော့ ညီမမွေးနေ့ ဧပြီလ ၁၀ ရက်နေ့မှာ တွေ့မယ်ဆိုပြီး ချိန်းလိုက်တဲ့အခါ ရုံးပိတ်ရက်ဖြစ်နေတဲ့အတွက် နယ်ပြန်တဲ့သူ ပြန်နဲ့ ဘယ်သူမှမလာနိုင်ဘူး ဖြစ်သွားတယ်။

ဒါပေမဲ့ သူကတော့ ညီမမွေးနေ့ကိုလာပြီး ဘုရားလည်း လိုက်ပို့ပေးခဲ့တယ်။ အဲဒီမှာ စတွေ့ဖြစ်ခဲ့တာပါ။ နောက်ပိုင်း သူကလာတွေ့ပြီး ရုံးသွား ရုံးပြန် အကြိုအပို့ လုပ်ပေးခဲ့တယ်” ချစ်သူသက်တမ်း ၉လခန့်အကြာတွင် နားလည်မှုရှိစွာလက်ထပ်ခဲ့ကြပြီး ယခုအခါ အိမ်ထောင်သက်တမ်း လေးနှစ်အတွင်း ချစ်စရာကောင်းလှသည့် တစ်နှစ်သမီးလေး ပန်းရောင်နှင့်အတူ ပျော်ရွှင်ဖွယ်မိသားစုဘဝ ထူထောင်နိုင်ခဲ့ပြီဖြစ်သည်။ မသန်စွမ်းဖြစ်သော်လည်း အမြဲတမ်း တက်တက်ကြွကြွ သွားလာလှုပ်ရှားနေသည့် အားမန်အပြည့်ရှိသူ မေဇင်အောင်အတွက် ငယ်စဉ်ကတည်းက ခွဲခြားဆက်ဆံမှု မခံခဲ့ရသလောက်နီးပါးပင်။

ရွာမှာ အကုန်လုံးကလည်း ဆွေမျိုးတွေချည်းဆိုတော့ ခွဲခြားဆက်ဆံတဲ့သူဆိုတာ မရှိခဲ့ဘူး။ ကျောင်းတက်ချိန် မှာလည်း အကုန်လုံးက ရွာကပဲဆိုတော့ ဘယ်သူမှ ခွဲခြားဆက်ဆံမှုမရှိဘူး။ အဲဒီမှာ ဘာကောင်းသွားလဲဆိုတော့ ညီမမှာ စိတ်ဓာတ်ခွန်အား ရသွားခဲ့ပါတယ်။ ညီမကိုယ်ညီမ ငါမသန်စွမ်းတစ်ယောက်ပဲဆိုပြီး အားငယ်ရမယ့်အချိန် မရှိတော့ဘူး။ ငယ်ဘဝမှာ စိတ်ခံစားချက် မရခဲ့တဲ့အတွက် ရှက်တယ်၊ ကြောက်တယ်ဆိုတာ မရှိခဲ့ဘူး . . .

“ညီမက မွေးကတည်းကလည်း ရွာမှာပဲ မွေးခဲ့တာ၊ ကျောင်းမနေခင် လေးငါးနှစ်အတွင်းမှာကို ဒီရွာ ကျဉ်းကျဉ်းလေးမှာ အကုန်လုံးက မျက်မှန်းတန်းမိခဲ့တာ၊ ရွာမှာ အကုန်လုံးကလည်း ဆွေမျိုးတွေချည်းဆိုတော့ ခွဲခြားဆက်ဆံတဲ့သူဆိုတာ မရှိခဲ့ဘူး။ ကျောင်းတက်ချိန်မှာလည်း အကုန်လုံးက ရွာကပဲဆိုတော့ ဘယ်သူမှ ခွဲခြားဆက်ဆံမှု မရှိဘူး။ အဲဒီမှာ ဘာကောင်းသွားလဲဆိုတော့ ညီမမှာ စိတ်ဓာတ်ခွန်အား ရသွားခဲ့ပါတယ်။ ညီမကိုယ်ညီမ ငါမသန်စွမ်းတစ်ယောက်ပဲဆိုပြီး အားငယ်ရမယ့် အချိန်မရှိတော့ဘူး။ ငယ်ဘဝမှာ စိတ်ခံစားချက် မရခဲ့တဲ့အတွက် ရှက်တယ်၊ ကြောက်တယ်ဆိုတာ မရှိခဲ့ဘူး။ ဒါကြောင့် ညီမကို ကြည့်လိုက်ရင် ပြုံးရယ်ပြီး တက်တက်ကြွကြွ ရှိနေတယ်လို့ လူပြောများကြတာပါ”

သို့ရာတွင် မသန်စွမ်းဆိုပြီး ခွဲခြားခြင်း ခံရသည်မှာ မြို့ကျောင်းတက်ရသည့် ၁၀ တန်းတွင် ဖြစ်သည်။ “မြို့ကျောင်းက ညီမအတွက် ပတ်ဝန်းကျင်အသစ် ဖြစ်သွားတယ်။ ညီမကို သူငယ်တန်းကလေးတွေထားတဲ့ အခန်းထဲမှာ အခန်းဖွဲ့ပြီး နေခွင့်ပေးခဲ့တယ်။ အဲဒီမှာ သူငယ်တန်းကလေးတွေက အရမ်းစပ်စုတယ်လေ၊ ကျောင်းဆင်းပြီဆိုတာနဲ့ အပေါက်ကနေလာပြီး ချောင်းကြည့်ကြတယ်။ အစက လူအချင်းချင်း ဘာလို့ လာကြည့်တာလဲဆိုပြီး စိတ်ဆိုးမိတယ်။ ကိုယ်က မသန်စွမ်းဆိုတာ ခံယူမထားဖူးကိုး . . နောက်ကျမှ ပြန်တွေးမိတယ်၊ ‘အော် သူတို့မှ မတွေ့ဖူးတာ၊ ထူးဆန်းနေမှာပေါ့’ဆိုပြီး စိတ်ထဲ မထားတော့ဘူး”ဟု မေဇင်အောင်က ဆိုသည်။

မွေးလာကတည်းက ယခု အသက် ၂၉နှစ်အရွယ်အထိ ချစ်သူခင်သူဖေးမကြင်နာသူများ ဝန်းရံရှင်သန်ခဲ့ရသည့်အတွက် မေဇင်အောင်သည် အခက်အခဲတိုင်းကို ကျော်လွှားအနိုင်ယူနိုင်ခဲ့ခြင်းဖြစ်သည်။ “အခက်အခဲကတော့ သူ့နေရာနဲ့သူ ရှိခဲ့တာပဲ။ ဘယ်အရာမှ လွယ်လွယ်ကူကူ ရခဲ့တာတော့ မဟုတ်ပါဘူး။ ငယ်ဘဝဆိုလည်း တော်တော်ခက်ခက်ခဲခဲနဲ့ ရုန်းကန်ခဲ့ရတာပါပဲ။ ညီမတို့ မိသားစုတွေ၊ မောင်နှမတွေက အရမ်းဆင်းရဲတယ်၊ ကျောင်းနေတဲ့အခါ ကျောင်းသွားရတဲ့ လမ်းတွေကလည်း ရွှံ့တွေ ဗွက်တွေနဲ့ ကြမ်းတမ်းပါတယ်။

တောင်ပေါ်မှာရှိတဲ့ ကျောင်းလေးကို ၁၅ မိနစ်-မိနစ် ၂၀ လောက် လမ်းလျှောက်သွားရတယ်။ မိုးတွင်းဆိုရင် လမ်းမှာ နုံးတွေနဲ့ ကြမ်းလွန်းလို့ အဖေ၊ အမေ ဒါမှမဟုတ် အစ်ကိုအစ်မတွေက ချီပြီး လိုက်ပို့ပေးရတယ်။ ပညာသင်ချင်လွန်းလို့ ခက်ခက်ခဲခဲ သွားခဲ့ရပါတယ်။ များသောအားဖြင့် ငယ်ဘဝမှာ အခက်ခဲဆုံး ကြုံတွေ့ရတာကတော့ ငွေကြေးအခက်အခဲပါပဲ။ ညီမ သူငယ်တန်းတက်တဲ့နှစ်မှာ တစ်ရွာလုံး မီးလောင်သွားခဲ့သေးတယ်။ ဘာပစ္စည်းမှလည်း မကျန်တော့တဲ့အတွက် အခက်အခဲတွေ အများကြီးရှိခဲ့တာပေါ့”ဟု မေဇင်အောင်က ဆိုသည်။

မသန်စွမ်းပဲဖြစ်ဖြစ်၊ သန်စွမ်းတဲ့ သူပဲဖြစ်ဖြစ် ဘယ်သူမဆို ကြိုးစားမယ်ဆိုရင် ကိုယ့်အတွက် နေရာတစ်နေရာတော့ ရှိနေပါတယ်။ ငါကြိုးစားလည်း ဘာမှဖြစ်မလာဘူးလို့ တချို့တွေက ပြောတတ်ကြပါတယ်။ အဲဒီလို မဟုတ်ပါဘူး။ တကယ် ကြိုးစားကြည့်လိုက်ပါ . .

ဘဝကို ရိုးရှင်းအေးဆေးစွာ နေထိုင်လိုသည့် မေဇင်အောင်သည် ဘွဲ့ရပညာတတ်ဖြစ်လာသလို ခြေထောက်နှစ်ဖက်နှင့်ပင် ကွန်ပျူတာကျွမ်းကျင်စွာ ကိုင်တွယ်အသုံးပြုနိုင်လာခဲ့ပြီး ယခုအခါ PinkyMay Online Shopping လုပ်ငန်းကို တစ်ပိုင်တစ်နိုင် ဆောင်ရွက်ကာ အသက်မွေးဝမ်းကျောင်း ပြုလျက်ရှိသည်။

ဘဝတွင်လောကဓံရိုက်ခတ်မှုများအကြား ရုန်းကန်ရှင်သန်နေထိုင်သူအားလုံးသို့-“မသန်စွမ်းပဲဖြစ်ဖြစ်၊ သန်စွမ်းတဲ့သူပဲဖြစ်ဖြစ် ဘယ်သူမဆို ကြိုးစားမယ်ဆိုရင် ကိုယ့်အတွက် နေရာတစ်နေရာတော့ ရှိနေပါတယ်။ ငါကြိုးစားလည်း ဘာမှဖြစ်မလာဘူးလို့ တချို့တွေက ပြောတတ်ကြပါတယ်။ အဲဒီလို မဟုတ်ပါဘူး။ တကယ် ကြိုးစားကြည့်လိုက်ပါ . .တစ်နေ့တစ်လံ ပုဂံဘယ်ရွေ့မလဲဆိုတဲ့ မြန်မာစကားပုံလိုပဲ တစ်နေ့တစ်လံပဲ သွားကြည့်လိုက်ပါ၊ ပုဂံဆိုတာ ရောက်ကို ရောက်ပါတယ်။ အဲဒီလိုပါပဲ. . ကြိုးစားရင် ဖြစ်နိုင်ပါတယ်”ဟု မေဇင်အောင်က အားပေးစကား ပြောကြားလိုက်ပါသည်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top