Healthy Life Ad
Life Style

နားမှာ အရိုးခိုင်နေလို့တဲ့ (Otosclerosis)

ပါမောက္ခဒေါက်တာခင်လှလှ (နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်းရောဂါပညာဌာန၊ ဆေးတက္ကသိုလ်-၁၊ ရန်ကုန်)

ရန်ကုန်နေကလည်း ပူလိုက်တာ။ မန္တလေး နေ့လယ်အပူကိုများ အမှီလိုက်နေသလားမသိ။ မရောက်တာကြာပြီဖြစ်တဲ့ ပန်းဆိုးတန်းဘက်ကိုရောက်ပြန်တော့ အရင်တုန်းက စာအုပ်အဟောင်းဆိုင်တွေ မွှေနှောက်ခဲ့ရတာတွေကို သတိရမိတယ်။ မှတ်မှတ်ရရ ဆရာမြသန်းတင့်ရဲ့ စစ်နဲ့ ငြိမ်းချမ်းရေး စာအုပ် အတွဲလိုက်ဝယ်တာ အဲဒီစာအုပ်ဆိုင်တွေကပေါ့။ ကျွန်မငယ်ငယ်ကတည်းက စာအုပ်တွေကြားထဲနေရရင် ပျော်နေတာ။ ပြီးတော့ အခုခေတ်ကလေးတွေလောက် ကျုရှင်တွေ၊ ဂိုက်တွေမများသေးတော့ ကျောင်းစာအပြင် အပြင်စာတွေဖတ်ဖို့ အချိန်ရတယ်။

ဟော ‘ ဟိုရှေ့နားမှာ လက်ဖက်ရည်ဆိုင်ပါလား၊ မြို့ထဲရောက်တုန်း ဝင်သောက်ဦးမှ’ ဆိုင်ထဲမှာလည်း လူတော်တော်များပါတယ်။ ဘယ်ထိုင်ခုံမှာ ထိုင်ရမလဲကြည့်နေတုန်း ကျွန်မနာမည်ခေါ်သံ ကြားလိုက်ရပါတယ်။ လှည့်ကြည့်လိုက်တော့ ဒေသကောလိပ်တုန်းက သူငယ်ချင်း။

“ ဟဲ့ . . . စိုးကြီးပါလား၊ နင်အခုဘယ်မှာနေလဲ။ နင်မိန်းမယူတာကြားလိုက်တယ်။ ကလေးရောဘယ်နှယောက်ရပြီလဲ”
“ဟာ . . နင်ကလဲ . . ငယ်ငယ်က အကျင့်မပျောက်သေးဘူး။ လူလယ်ခေါင်မှာ ငါ့ကိုကြော်ငြာနေတယ်။ အော်လံလေးရော ယူဦးမလား၊ ငါအခု အလုပ်ထဲကထွက်ပြီး ဆေးခန်းပဲထိုင်နေတာ။ တောင်ဥက္ကလာမှာ။ ငါသမီးနှစ်ယောက်ရပြီ။ အတော်ပဲ။နင် က ENT ယူထားတာဆိုတော့ ငါ့မိန်းမအကြောင်း ပြောရဦးမယ်”

“ ဘာလဲ . . နင့်မိန်းမချောကြောင်း လှကြောင်း ဘာညာပြောမလို့မလား။ နေဦး . . မုန့်ဟင်းခါးနဲ့ လက်ဖက်ရည်မှာပေးဦး။ စားရင်းသောက်ရင်း ပြောကြတာပေါ့”
စိုးကြီးကိုတွေ့တော့ ဒေသကောလိပ်ရော၊ဆေး တက္ကသိုလ်(၁)မှာပါ နှစ်လည်မဂ္ဂဇင်းတွေမှာ စာရေးကြတာသတိရတယ်။ မြန်မာလိုရေးတဲ့သူတွေ အများကြီး၊ ပြီးတော့ ကိုယ့်ထက်လည်းတော်ကြတော့ တိုးမပေါက်ပါဘူး။ ဒါနဲ့ ကျွန်မတို့က English Section မှာပဲ လက်စွမ်းပြရတာပေါ့။ အနုပညာသမားမို့ သူ့မဟေသီရဲ့ အလှအပကို တွက်ဆလို့ရပြီးသားပါ။

စိုးကြီးပြောပြချက်အရ သူ့မဟေသီလေးဟာ သူ့အတွက်ချစ်စရာကောင်းတဲ့ သမီးလေးနှစ်ယောက်မွေးပေးတယ်။ တစ်သားမွေး တစ်သွေးလှလာပေမယ့် နားအကြားအာရုံကတော့ လျော့သွားတယ်တဲ့။ ဒါ့အပြင် နားထဲမှာလည်း အသံတွေကြားနေရတယ်လို့ဆိုပါတယ်။ သူ့ပြောပြချက်တွေအရ Otosclerosis လို့ခေါ်တဲ့ အလယ်နားအရိုးခိုင်တဲ့ ရောဂါဖြစ်နိုင်ပါတယ်။ ဒါနဲ့ နားကို စက်နဲ့ စမ်းသပ်ကြည့်ဖို့ ညွှန် ပါတယ်။ အဖြေရလာတော့ ထင်တဲ့အတိုင်းပါပဲ။

အလယ်နား အရိုးခိုင်သည့် ရောဂါဖြစ်နိုင်ခြေများသူများ
အလယ်နား အရိုးခိုင်တဲ့ ရောဂါ (Otosclerosis)ဟာ အမျိုးသမီးတွေမှာ အမျိုးသားတွေထက် နှစ်ဆလောက်ပိုဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်တာ၊ သွေးဆုံးတာတွေကြောင့် ပိုဆိုးလာနိုင်ပါတယ်။

ရောဂါလက္ခဏာများ
၁။ နားအကြားလျော့ခြင်း
အသံလှိုင်း သယ်ဆောင်တဲ့လမ်းကြောင်းမှာ ရောဂါဖြစ်နေတာမို့ နားအကြားလျော့ပါတယ်။ ဘေးနားမှာ ဆူနေမှ ပိုကြားတာမျိုးလည်း တွေ့ရပါတယ်။

၂။ နားထဲတွင် အသံများကြားနေခြင်း
လူနာတွေရဲ့ ၇၅ ရာခိုင်နှုန်းလောက်မှာ တွေ့ရ ပါတယ်။

၃။ ချာချာလည်မူးခြင်း
သိပ်အဆိုးကြီး မဟုတ်ဘူး။ အကြာကြီးလည်း မဖြစ်ဘူး။ ခဏလောက်ပါပဲ။

နားကို စမ်းသပ်ကြည့်ရင် . . .
လူနာတွေရဲ့ ၁၀ရာခိုင်နှုန်းလောက်မှာ အလယ်နားထဲက သွေးကြောတွေထောင်နေလို့ အပြင်က ကြည့်ရင်နားစည်မှာ ပန်းရောင်သန်းနေတာကို တွေ့ရပါတယ်။ Signvkh ခေါ်တယ်။

စမ်းသပ်ချက်များ
အရေးကြီးတဲ့ စမ်းသပ်ချက်ကတော့ နားကို စက်နဲ့ စမ်းတာပါ။ အဲဒီလိုစမ်းတဲ့အခါ လေလမ်းကြောင်းက သွားတဲ့အသံကို သိပ်မကြားရဘဲ အရိုးကနေ သွားတာကို 2KHz ကလွဲလို့ ကောင်းကောင်းကြားတယ်။ အဲဒီနေရာမှာ အကြားလျော့သွားတာကို တွေ့ရင် ဒီရောဂါလို့ သတ်မှတ်ကြပါတယ်။

ကုသနည်းများ
(၁) ဆိုဒီယမ်ဖလူအိုရိုက်- ပေးမယ်၊ မပေးဘူး နဲ့ ငြင်းနေတုန်းပါပဲ။

(၂) နားကြားကိရိယာ- ခွဲစိတ်စရာ မလိုဘဲ ချက်ချင်းကြားသွားတာပေါ့။ တချို့ကတော့ သိပ်မတပ်ချင်ဘူး။ လှချင်တာကိုး။ အခုတော့ သိပ်မသိသာတဲ့ နားကြားကိရိယာတွေ ရှိနေပါပြီ။

(၃) ခွဲစိတ်ခြင်း (Stapedectomy)
ခိုင်နေတဲ့အရိုး (Stapes)ကိုဖြုတ်ပြီး အစားထိုး ပစ္စည်းထည့်တာပါ။ မခွဲခင်မှာ ခွဲစိတ်တာနဲ့ ပတ်သက်တာအားလုံး ရှင်းပြရပါမယ်။ အကြံပြုဆွေးနွေးမှု (Counselling) ကောင်းကောင်းလုပ်ရပါမယ်။ ခွဲစိတ်ပြီး ညွှန်ကြားချက်တွေကလည်း အရေးကြီးပါတယ်။ဒီခွဲစိတ်ခြင်းဟာလည်း တခြားခွဲစိတ်တာတွေလိုပဲ နောက်ဆက်တွဲပြဿနာတွေ ရှိနိုင်ပါတယ်။နား စည်ပေါက်သွားတာ၊ အာရုံကြောထိခိုက်တာ၊ အတွင်းနားထိခိုက်တာ၊ အစားထိုးပစ္စည်း ပြုတ်ထွက်တာ စတာတွေပေါ့။

အတွင်းနားသို့ ရောက်ရှိခြင်း (Cochlear Otosclerosis)
ရောဂါဖြစ်တဲ့ဖြစ်စဉ်မှာ cochlea လို့ ခေါ်တဲ့ အကြားအာရုံနဲ့ ဆိုင်တဲ့ အတွင်းနားအထိ ရောက်လာနိုင်ပါတယ်။ အမေ၊ အစ်မ၊ ညီမ စတဲ့ မိသားစုဝင် တစ်ယောက်ယောက်မှာ ဒီရောဂါရှိတဲ့သူမှာ ပိုဖြစ်တတ်တယ်လို့ ဆိုပါတယ်။ ကုသလို့ ပြီးချိန်မှာ ကျွန်မသူငယ်ချင်းရဲ့ မဟေသီလေးကတော့ နားကြားကိရိယာ အကောင်းစား လေ တပ်ပြီး ပြန်သွားပါတယ်။

[Unicode]
Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top