Healthy Life Ad
Health Tips

ကိုယ်ဝန်ဆောင် ကလေးမွေးပြီးချိန် ဆံပင်ကျွတ်ခြင်း ကင်းဝေးစေမည့် အကောင်းဆုံး နည်းလမ်းများ

၊ ငွေကြယ်စင်ယံ ၊

ကိုယ်ဝန်ဆောင် ကလေးမွေးပြီးချိန်မှာ အမျိုးသမီး ၅၀ ရာခိုင်နှုန်းက ဆံပင်ကျွတ်နှုန်းများတယ်လို့ ဆိုကြပါတယ်။ တချို့အမျိုးသမီးတွေဆိုရင် ဆံပင်ကျွတ်လွန်းလို့ ဦးရေပြားအထိ ထိုးဖောက်မြင်ရမှာကို တောင် စိုးရွံ့နေကြပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ပြီးချိန်မှာ ဆံပင်ကျွတ်တာ ရပ်တန့်သွားစေဖို့ သိထားသင့်တဲ့ နည်းလမ်းတွေကို ဖော်ပြလိုက်ပါတယ်။

(၁) အာဟာရ ပြည့်ဝသော အစားအသောက်စားပါ
ကိုယ်ဝန်ဆောင်စဉ်ကတည်းက သင်နဲ့ သင့်ကလေးကျန်းမာရေးအတွက်သာမက ဆံပင်သားနဲ့ ဦးရေပြား ကျန်းမာဖို့အတွက်ပါ အကျိုးရှိတဲ့ အစားအသောက်တွေကို ရွေးချယ် စားသုံးသင့်ပါတယ်။ အဲဒီ အစာတွေထဲမှာ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေ အဓိက ပါဝင်သင့်ပါတယ်။ ဒီအစာတွေထဲမှာ အထူးသဖြင့် အင်တီအောက်ဆီးဒင့်နဲ့ ဖလေဗနွိုက်ပါတာကြောင့် ဆံချည်မျှင်အိတ်တွေ မထိခိုက်အောင် ကာကွယ်ပေးနိုင်သလို ဆံပင်သား သန်စွမ်းကြီးထွားစေပါတယ်။ ဗီတာမင်အီး၊ ဗီတာမင်စီ၊ ဗီတာမင်ဘီ အုပ်စုနဲ့ ဇင့်(သွပ်)ဓာတ်တွေက ဆံပင်သားကို သန်စွမ်းကျန်းမာစေတဲ့အတွက် အဲဒီဓာတ်တွေပါတဲ့ အစေ့အဆန်၊ ချဉ်တဲ့ အသီးအနှံတွေ၊ ကောက်နှံတစ်ခုလုံးနဲ့ လုပ်ထားတဲ့ အစာ၊ ပင်လယ်စာ စတာတွေကို လည်း စားသင့်ပါတယ်။

(၂) ဆီလီကာ သို့မဟုတ် ဘိုင်အိုတင်ပါသော ရှမ်ပူကို သုံးပါ
ကိုယ်ဝန်ဆောင်ချိန်မှာ ဆီလီကာ ဒါမှမဟုတ် ဘိုင်အိုတင်ဓာတ်ပါတဲ့ ရှမ်ပူကို ရွေးချယ်ပါ။ ဒီပါဝင်ပစ္စည်းတွေက ဆံချည်မျှင်အိတ် ကြီးထွားမှုကို လှုံ့ဆော်ပေးပြီး ဆံပင်တွေကို သန်စွမ်းကျန်းမာစေပါတယ်။ ခေါင်းလျှော်ပြီးတိုင်း ဆံပင်ကို ရေအေးနဲ့ စင်အောင် လောင်းချပေးတာကြောင့် ဆံပင်သားကို သန်စွမ်းစေပါတယ်။

(၃) ဘီးကျဲဖြင့် ခေါင်းဖြီးပါ
ဆံပင်တွေကို ဘယ်တော့မှ မရှုပ်ထွေးပါစေနဲ့။ ဆံပင်တွေကို ရှင်းတဲ့အခါ ဘီးကျဲနဲ့ ဖြီးပေးပါ။ ဒါ့အပြင် ဆံပင်တွေကို ကျစ်ဆံမြီးကျစ်တာ၊ ပိုနီတေးစည်း နှောင်တာစတာတွေကို ရှောင်သင့်ပါတယ်။

(၄) စိတ်ဖိစီးမှုကို တတ်နိုင်သမျှ လျှော့ချပါ
ကိုယ်ဝန်ဆောင်ချိန်မှာ စိတ်ဖိစီးမှုများတာကြောင့် သင်နဲ့ သန္ဓေသားရဲ့ ကျန်းမာရေးကို ထိခိုက်စေတဲ့အပြင် ဆံပင်ကျွတ်နှုန်း များစေပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ တရားထိုင်တာ၊ ယောဂကျင့်တာ၊ သီချင်းနားထောင်တာ စတဲ့ နည်းတွေနဲ့ စိတ်ဖိစီးမှုကို လျှော့ချကာ အပန်းဖြေပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top