Healthy Life Ad
Life Style

ကိုယ်ဝန်ရှိစဉ် ငှက်ပျောသီးကို ရွှေမှုန်ကပ်ပြီး စားသင့်သလား

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကု ဆရာဝန်ကြီး)

မေး။ ။ ကလေးဉာဏ်ကောင်းမယ့်နည်းလို့ အမေက ပြောပါတယ်ရှင့်။ ငှက်ပျောသီးကို ရွှေမှုန်ကပ်ပြီး စားခိုင်းတာပါ။ ကိုယ်ဝန်လေးလမှာ စားရတယ်လို့ ဆိုပါတယ်။ ကိုယ်ဝန်ဆောင်တုန်း အဲဒီလို စားရင် ကလေးကို ဉာဏ်ကောင်းစေပါတယ်တဲ့။ ကျွန်မ အနေနဲ့ ကိုယ့်ကလေးကို ဉာဏ်ကောင်းစေချင်တဲ့ အတွက်စားချင်ပါတယ်။ ဒါပေမဲ့ ဗိုက်ထဲက ကလေးကို ထိခိုက်မှာလည်း စိုးမိပါတယ်။ စားသင့်ပါ သလားရှင် . . .

ကလေးဉာဏ်ကောင်းဖို့ ရွှေနဲ့ ဘာမှမဆိုင်ပါဘူး။ ရွှေက သတ္တု (Mineral) ဖြစ်နေတယ်။ အဲဒီအတွက် တချို့လူတွေမှာ ရွှေနဲ့တောင် ဓာတ်မတည့်တာမျိုး ဖြစ်တတ်ပါတယ်။ မတည့်တဲ့သူတွေဆိုရင် လည်ပင်းမှာ ရွှေဆွဲကြိုး ဆွဲလိုက်တယ်၊ လည်ပင်းနီရဲပြီး အနာဖြစ်လာတယ်။ ဒါက ရွှေနဲ့ မတည့်တဲ့ သူတွေမှာ တွေ့ရတာပါ။ ရှားတော့ ရှားပါတယ်။ ၁၀ဝ မှာ တစ်ယောက်လောက် ဖြစ်တာမျိုးပါ။ ဒါပေမဲ့ သိထားသင့်တာက ရွှေဆိုတာ စားရတဲ့ အရာမဟုတ်ပါဘူး။ ကြေညက်နိုင်စွမ်းလည်း မရှိပါဘူး။ အဲဒီအတွက် ရွှေကိုစားရင် အန္တရာယ်ရှိပါတယ်။ ဒါကြောင့် ငှက်ပျောသီးကို ရွှေမှုန်ကပ်ပြီး စားတာတို့၊ ဘာတို့က မလုပ်သင့်ပါဘူး။

ဆရာဝန်အနေနဲ့ကြည့်ရင် ရွှေမှုန်ကို အရေပြားမှာ ပွတ်ပြီး စိမ့်ဝင်အောင်လုပ်တာမျိုးကို လက်မခံပါဘူး။ အလှအပဘက်ကတော့ မပြောတတ်ပါဘူး။
ကလေးတွေကို ဉာဏ်ကောင်းစေချင်ရင် အိုမီဂါ ၃ ဖက်တီးအက်ဆစ်များများပါတဲ့ အစာကို ပိုစား ပေးသင့်ပါတယ်။ ဥပမာ ငါးစားပေးရပါမယ်။ ငါးဆိုရင်တောင်ခပ်ကြီးကြီး ပင်လယ်ငါးဆိုရင် မစားသင့်ပါဘူး။ ပြဒါး(မာကျူရီ)ပါမှာ စိုးလို့ပါ။ ငါးသေးသေး လေးတွေစားရပါမယ်။ ထောပတ်သီးလိုကောင်းတဲ့ အဆီပါတဲ့ အစာစားသင့်ပါတယ်။ ငှက်ပျောသီး လည်းစားလို့ရပါတယ်။ တူနာငါး စားသင့်ပါတယ်။

ဒီလို ငှက်ပျောသီးကိုရွှေမှုန်ကပ်ပြီး စားတာ မျိုးမလုပ်သင့်ပါဘူး။ ရွှေဟာ အစာအိမ်အူလမ်းကြောင်းမှာ စုပ်ယူနိုင်မှု မရှိပါဘူး၊ အဲဒီအတွက် သွေးထဲကိုလည်း မရောက်နိုင်ပါဘူး။ လူ့ခန္ဓာကိုယ်က ရွှေစားလို့လည်း ဘာမှမရရှိပါဘူး၊ ဝမ်းထဲကနေပဲ ပြန်ထွက်သွားမှာပဲ ဖြစ်ပါတယ်။ ရွှေမှာ ကြေးနီပါတဲ့အတွက် ကြေးနီပမာဏများရင်တော့အဆိပ်သင့်နိုင်ပါတယ်။ ရွှေစားတဲ့အတွက် ဗိုက်နာတာ ဖြစ်နိုင်သလို တချို့လူတွေမှာ ဓာတ်မတည့်တာ ဖြစ်တတ်ပါတယ်။ ဒါကြောင့် မကောင်းတဲ့ သက်ရောက်မှုပဲဖြစ်နိုင်လို့ လုံးဝ မစားသင့်ပါဘူး။ ရွှေမှာ အရသာမရှိသလို ကယ်လိုရီလည်း မရှိပါဘူး။ အဲဒီအတွက် ငွေကုန်ပြီးအကျိုးလည်းမရှိပါဘူး၊ အန္တရာယ်ပဲဖြစ်နိုင်ပါတယ်။

တချို့လူတွေက ရွှေစားရင် နှလုံးရောဂါကာကွယ်တယ်၊ အဆစ်အမျက်နာကျင်ကိုက်ခဲတာ ကာကွယ်တယ် စသဖြင့် ထင်မြင်ချက်တွေ ရှိပါတယ်။ ဒါတွေအားလုံးက သေချာသက်သေပြနိုင်တဲ့ အထောက်အထားလည်း မရှိသေးပါဘူး။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top