Healthy Life Ad
Life Style

အတွင်းနားတွင် အရည်စုသော ရောဂါ (Meniere’s Disease)

ပါမောက္ခဒေါက်တာခင်လှလှ (နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့်လည်ပင်းရောဂါပညာဌာန၊ ဆေးတက္ကသိုလ်-၁)၊ ရန်ကုန်

နွေလေရူးလေး အဝှေ့မှာ ကြွေကျလာတဲ့ သစ်ရွက်ခြောက်တွေ . . . အရိုးပြိုင်းပြိုင်းကျနေတဲ့ သစ်ပင်တွေ . . . နေ့ခင်းဘက် အပူဒဏ်တွေကို ခံစားရင်း ဗစ်တာခင်ညိုရဲ့ “ နွေရောက်ပြီလေ၊ ရိုးတံကျဲကျဲ ပင်အိုတို့ အလှချင်းလည်းပြိုင် . . .” ဆိုတဲ့ သီချင်းကို သတိရနေမိပါတယ်။ ကျွန်မတို့ငယ်ငယ်က စာမေးပွဲ ရာသီရောက်ရင် ဒီလိုပဲ သစ်ရွက်တွေကြွေပြီး ဥသြ တွန်သံလေးကိုကြားရပါတယ်။ ဥသြတွန်လေ၊ ကျွန်မတို့လည်း ရင်တုန်လေပေါ့။ စာမေးပွဲကြီးက နီးသထက် နီးလာတာကိုး။ တစ်နှစ်လုံး ကြိုးစားထားပြီး ပန်းတိုင်ရောက်ခါနီးဆိုလို့ မနေ့တုံးက မဟာသိပ္ပံ ဒုတိယနှစ်သင်တန်းသား၊ သင်တန်းသူတွေကို ကျွန်မစာသင်ရတယ်။ ဒီနှစ်စာမေးပွဲက စုစုပေါင်း ခြောက်ယောက်ဖြေမှာ . . သူတို့အားလုံးကို အောင်စေချင်တာ။ ကျွန်မတို့ စာမေးပွဲဖြေတုန်းကလည်း ကျွန်မတို့ ဆရာ၊ ဆရာမတွေ ဒီလိုပဲနေကြမှာပါ။ ကိုယ်တိုင်မိဘ ဖြစ်လာတဲ့အခါ မိဘမေတ္တာကို ပိုပြီး ခံစားနိုင်တာမျိုးပေါ့။

ဒီနေ့ သင်ပေးရတာကတော့ အတွင်းနားမှာ အရည်စုတဲ့ ရောဂါပါ။ Meniere’s Disease လို့ ခေါ်ပါတယ်။ ၁၈၆၁ ခုနှစ်မှာ Prosper Meniere ကစပြီး တွေ့ရှိခဲ့တာမို့ဂုဏ်ပြုခေါ်ဝေါ်တာ ဖြစ်ပါတယ်။ ပြင်ပလူနာဌာနမှာ ချာချာလည်မူးလို့လာပြတဲ့ လူနာတွေ ရဲ့ ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းဟာ ဒီရောဂါရှင်တွေဖြစ်တယ်။

ရောဂါဖြစ်ရတဲ့ အကြောင်းရင်း အတိအကျ မသိပေမယ့် အတွင်းနားကို သွေးရောက်ရှိမှု နည်းတာနဲ့ ကိုယ့်တစ်သျှူးတွေကို ကိုယ်ပြန်တိုက်တဲ့ အခြေအနေမျိုးတွေမှာ အတွင်းနားထဲမှာ အရည်တွေစုပြီး ချာချာလည်မူးတာ၊ နားထဲမှာ အသံကြားတာ၊ အကြားအာရုံလျော့တာ၊ နားထဲမှာတင်းတင်းကြီး ဖြစ်နေတာမျိုးလည်း ခံစားရတယ်။ အဲဒီလိုခံစားရတာဟာ အနည်းဆုံး ၁ နာရီကနေ အများဆုံး၂၄ နာရီပဲ ကြာတယ်။ ပြီးသွားရင် ပြန်ကောင်းသွားပြန်ရော။

လူနာကို စမ်းသပ်ကြည့်ရင်လည်း အများစုက ကောင်းနေတဲ့ အချိန်မှာလာပြကြတာဆိုတော့ အကုန်အကောင်းပဲ။ နားစမ်းတဲ့ စက်တစ်မျိုးနဲ့ စမ်းသပ်ကြည့်ရင်တော့ အကြားအာရုံမျိုးစုံပြောင်းနေတာတွေ့ရမယ်။ ဒီတစ်ခါစမ်းရင် အကြားအာရုံ ကောင်းလိုက်၊ နောက်တစ်ခါ မကောင်းလိုက်နဲ့။

နောက်တစ်မျိုးက lycerol Dehydration test ပါ။ ၅၀ ရာခိုင်နှုန်း ဂလူးကို့စ်ကို ပါးစပ်က တိုက်လိုက်လို့ အတွင်းနားထဲက အရည်တွေလျော့သွားပြီး အကြားအာရုံ ခဏပြန်ကောင်းသွားရင် ဒီရောဂါဖြစ်နေတယ်လို့ သတ်မှတ်တာ။ အဲဒီအချိန်မှာ နားပြန်စမ်းသပ်ရင်လည်း ကောင်းလာတာကို တွေ့ရတယ်။ ဒီရောဂါ မဟုတ်ပေမယ့် အလားတူ ရောဂါလက္ခဏာတွေနဲ့ လာတာတွေလည်း ရှိသေးတယ်။ ဥပမာ-အမှတ်(၈)နာဗ့်ကြောမကြီးကဖြစ်တဲ့ Acoustic Neuroma ပါ။

– ဒီရောဂါကို ကုသရာမှာ ဆေးဝါးနဲ့ အရင်ကုပါ တယ်။ ၈၀ ရာခိုင်နှုန်းလောက်ကတော့ ဆေးနဲ့ပဲ သက်သာသွားကြပါတယ်။

– ပထမဆုံးလုပ်ရမှာက အစားအသောက်ပါ။ဆားတို့၊ ရေတို့ လျှော့ရမယ်။ အတွင်းနားထဲမှာ အ ရည်ပိုစုနေမှာ စိုးလို့။

– အတွင်းနားကို သွေးစီးတာ များအောင် ပေး တဲ့ ဆေး၊

– အတွင်းနား ငြိမ်သက်အောင်လုပ်တဲ့ဆေး (Labyrinthine sedatives)၊

– ဆီးဆေး စတာတွေနဲ့ သက်သာသွားတတ်ပါ တယ်။

ဆေးဝါးနဲ့ ကုသလို့ မသက်သာတဲ့သူတွေကိုတော့ ခွဲစိတ်ကုသပါတယ်။ အဓိကကတော့ အတွင်းနားမှာစုနေတဲ့ အရည်အိတ်ကလေးကို ဖောက်ထုတ်တာပါပဲ။ Endolymphatic sinus surgeryလို့ ခေါ်ပါတယ်။ လုပ်ပြီးပြီးချင်း ၉၀ ရာခိုင်နှုန်းလောက် သက်သာပေမယ့် ၅နှစ်လောက်ကြာတော့ ၆၀ ရာခိုင်နှုန်းလောက်ပဲ သက်သာတော့တယ်။

နားအကြားအာရုံ ကောင်းနေသေးတဲ့သူတွေမှာ ဟန်ချက်ထိန်းတဲ့ အာရုံကြောကို ဖြတ်ပစ်ပါတယ်။ ခုနကနည်းထက် ပိုအန္တရာယ်များပေမယ့် ၁၀နှစ်ကြာတဲ့အထိ လူနာ ၉၀ ရာခိုင်နှုန်းလောက်က သက်သာနေတယ်လို့ ဆိုတယ်။ ဟန်ချက်ထိန်းတဲ့ အတွင်းနားအပိုင်းကို အာထရာဆောင်းတို့၊ နားကို ထိခိုက်စေတဲ့ ဆေး ဥပမာ- ဂျန်တာမိုင်ဆင်ဆေးတို့နဲ့ ဖျက်ဆီးပစ်တာလည်းရှိတယ်။

နားအကြားအာရုံ မကောင်းတော့တဲ့သူတွေမှာတော့ အတွင်းနားတစ်ခုလုံး (အကြားအာရုံ အပိုင်းရော၊ ဟန်ချက်ထိန်းတဲ့ အပိုင်းရော)ကိုပါ ဖျက်ဆီးလိုက်တယ်။
ဒီရောဂါဟာ စဖြစ်ပြီး ၁၀ နှစ်လောက်ကြာရင် ချာချာလည် မူးတာသက်သာသွားပြီး နားအကြား အာရုံကတော့ ပိုပြီး ထိခိုက်လာတတ်တယ်။ လူနာသုံးပုံ တစ်ပုံမှာလည်း နောက်နားတစ်ဖက်ကို ကူးသွားတတ်ပါတယ်။

[Unicode]
Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top