Healthy Life Ad
Child

အလယ်နားမှာအရည်စုတဲ့ရောဂါ(Otitis Mdeia with Effusion, OME )

ပါမောက္ခဒေါက်တာခင်လှလှ (နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်းရောဂါပညာဌာန၊ ဆေးတက္ကသိုလ်-၁)၊ ရန်ကုန်

နှာစေးပြီးနောက် နားအကြားအာရုံလျော့တယ်ဆိုရင် အလယ်နားမှာ အရည်စုတဲ့ရောဂါ ဖြစ်နိုင်တာကို သတိရပြီး ဆေးရုံ၊ ဆေးခန်းတွေမှာ ကုသမှုခံယူစေချင်ပါတယ် …

“ အစ်မရေ၊ သမီး Otitis Mdeia with Effusion နဲ့ ကျမ်းပြုစုရင်ကောင်းမလားလို့ ”
ချောချောတစ်ယောက် အမောတကောနဲ့ အဆိုပြုတင်ပြလာတာကတော့သူတို့အတွက် မလုပ်လို့မဖြစ်တဲ့ ကျမ်းငယ်ပြုစုရာမှာ လိုအပ်တဲ့ ကျမ်းငယ်ခေါင်းစဉ်ဖြစ်ပါတယ်။ ဒီနှစ် မဟာသိပ္ပံသင်တန်းသား၊ သင်တန်းသူများတာမို့ ခေါင်းစဉ်ရှာရ နည်းနည်းခက်ပါတယ်။

“ ကောင်းသားပဲ ချောချော . . ဒီရောဂါကတွေ့ရတာများတဲ့အတွက် Case မရမှာ မပူရဘူး။ တချို့ ခေါင်းစဉ်တွေက ကောင်းတော့ကောင်းပါရဲ့။သိပ်မတွေ့ရတော့ Case မပြည့်ဘဲ ပြဿနာတက်ကုန်ရော၊ ဂျာနယ် ဖတ်လိုက်ပါလား ”

_ _ _

အလယ်နားမှာ အရည်စုတဲ့ရောဂါဟာ ကလေးတွေမှာအဖြစ်များပြီး ကလေးတွေမှာတွေ့ရတဲ့ နားအကြားအာရုံ လျော့နည်းခြင်းရဲ့ အရေးပါတဲ့အကြောင်းရင်းတစ်ခု ဖြစ်ပါတယ်။ ဒီရောဂါမဖြစ်ခင် ကလေးတွေဟာ နှာစေးတတ်ပါတယ်။ အဲဒီအခါ ကလေးလေးရဲ့ Eustachian Tube က အလုပ်ကောင်းကောင်းမလုပ်ဘဲ ရောဂါပိုးတွေက အဲဒီပြွန်ကလေးကနေ အလယ်နားကို ရောက်လာတာဖြစ်ပါတယ်။

အဲဒီပြွန်ကလေးဟာ ပုံမှန်အချိန်မှာ ပိတ်နေပြီး အစားအသောက် မျိုချတဲ့အချိန်နဲ့ သမ်းဝေတဲ့အချိန်တွေမှာ ပွင့်ပါတယ်။ တစ်နည်းအားဖြင့်လည်း အလယ်နားထဲကဖိအားကို ထိန်းညှိပေးပါတယ်။ အခု ရောဂါဖြစ်တဲ့အခါမှာ အဲဒီပြွန်ကလေး အလုပ်ကောင်းကောင်းမလုပ်နိုင်တော့တာမို့ အလယ်နားမှာဖိအား ကျဆင်းပြီး အလယ်နားထဲကို အရည်တွေထွက်လာတာ ဖြစ်ပါတယ်။

အလယ်နားမှာ ပုံမှန်ကတော့ လေတွေပဲရှိတာ။ အသံလှိုင်းတွေဟာ အလယ်နားရဲ့ အရိုးတံတားလေးကိုဖြတ်ပြီး အတွင်းနားကိုသွားတဲ့အခါ လေအစား အရည်တွေကိုဖြတ်ရတဲ့အခါ အကြားအာရုံ လျော့သွားရတာပါ။ နှာစေးပြီးနောက် နားအကြားအာရုံ လျော့တယ်ဆိုရင် အလယ်နားမှာ အရည်စုတဲ့ရောဂါ ဖြစ်နိုင်တာကိုသတိရပြီး ဆေးရုံ၊ ဆေးခန်းတွေမှာ ကုသမှု ခံယူစေချင်ပါတယ်။

Eustachian Tube အလုပ်ကောင်းကောင်း မလုပ်နိုင်အောင်လုပ်တဲ့အကြောင်းကို တိတိကျကျ မသိပေမယ့် သူနဲ့တွဲပြီး တွေ့ရတာတွေလည်းရှိတယ်။ နှာစေးချောင်းဆိုးဖြစ်တာ၊ ဓာတ်မတည့်တာ၊ မိဘတစ်ဦးဦး ဆေးလိပ်သောက်တာစတာတွေ ဖြစ်ပါတယ်။ နှာခေါင်းအနောက်ဖက်မှာရှိတဲ့ Adenoid အစုအဝေးကြောင့်လည်း ဖြစ်နိုင်ပါတယ်။ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲကလေးတွေမှာလည်း ပိုတွေ့ရတတ်ပါတယ်။ Down’s Syndrome ကလေးတွေ မှာလည်း ပိုတွေ့ရပါတယ်။

အဲဒီပြွန်လေး အလုပ်ကောင်းကောင်းမလုပ်နိုင်တဲ့အခါ အလယ်နားမှာ ဖိအားမညှိနိုင်တော့ဘဲ ဖိအားလျော့ကျပါတယ်။ နောက်ဆုံးကျတော့ အရည်ပျစ်ပျစ်တွေ ထွက်လာတယ်။ ၉၀ ရာခိုင်နှုန်းလောက်က ပြန်ကောင်းသွားတတ်ပေမယ့် ၁၀ ရာခိုင်နှုန်းလောက်က ဖြစ်လိုက်၊ ကောင်းလိုက်နဲ့ . . ။ သိပ်ဆိုးရင်တော့ နားစည်အတွင်းကို ချိုင့်ဝင်ပြီး holesteotoma ဆိုတာဖြစ်ပြီး နာတာရှည် နားပြည်ယို တတ်ပါတယ်။

ဒီရောဂါဖြစ်တဲ့ကလေးတွေဟာ အကြားအာရုံလျော့တာကို မိဘတို့၊ ဆွေမျိုးတို့က သတိထားမိပြီး လာပြတာအပြင် ကျောင်းကျန်းမာရေး စစ်တုန်းတွေ့တာလည်းဖြစ်နိုင်ပါတယ်။

ဒီလိုရောဂါဖြစ်တဲ့ ၄၀ရာခိုင်နှုန်းလောက်က အသက်နှစ်နှစ်အောက်ပါ။ ဘာသာစကား သင်ယူတတ် မြောက်ရမယ့်အချိန်မှာ နားကောင်းကောင်း မကြားရလို့ စကားပြောနောက်ကျတာ၊ စာပေသင်ကြားရာမှာ အခက်အခဲဖြစ်တာတို့ ဖြစ်နိုင်ပါတယ်။

စမ်းသပ်ကြည့်ရင် ရောဂါအဆင့်ပေါ်မူတည်ပြီး တွေ့ရပါမယ်။ နားစည်ဟာ အပြင်ကို ဖောင်းထွက်နေနိုင်ပါတယ်။ ဒါမှမဟုတ် အတွင်းကို ချိုင့်ဝင်နေနိုင်ပါတယ်။ ပုံမှန်နားစည်လို ပြောင်မနေဘူး။ လေပူဖောင်းတွေကိုလည်း တွေ့ရတတ်ပါတယ်။

နားကို စက်နဲ့စမ်းသပ်တဲ့အခါ နှစ်မျိုးစမ်းပါတယ်။ ပထမစမ်းတာက အကြားအာရုံ စမ်းတာဖြစ်ပြီး ဒုတိယကတော့ အလယ်နားကောင်း၊ မကောင်း စမ်းသပ်တာဖြစ်တယ်။
ကုသရာမှာ ဆေးနဲ့ကုလို့ မပျောက်ရင် နားစည်ကို အပေါက်ဖောက်ပြီး စက်နဲ့စုပ်ထုတ်ပါတယ်။ထွက်လာတဲ့ အရည်ကပျစ်နေရင် ပြွန်ကလေးထည့်ရပါတယ်။

အလယ်နားမှာ အရည်စုတဲ့ရောဂါကို ကောင်းကောင်းကုသရင် နောက်ပိုင်းဖြစ်လာနိုင်တဲ့ နားအကြားလျော့နည်းတာကို ကာကွယ်ရာ ရောက်ပါတယ်။

[Unicode]
Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top