Healthy Life Ad
Health Tips

အဆိပ်သင့်ခြင်းအတွက် ရှေးဦးပြုစုခြင်း

ဦးအုန်းသွင် (သင်တန်းအရာရှိ၊ ရှေးဦးပြုစုခြင်းနှင့် အန္တရာယ်ကင်းရှင်းရေးဌာန)မြန်မာနိုင်ငံကြက်ခြေနီအသင်း။

ခန္ဓာကိုယ်ထဲ အဆိပ်တွေ ဝင်ရောက်တာကြောင့် ကျန်းမာရေးချို့တဲ့မှု၊ ကိုယ်လက်အင်္ဂါချို့တဲ့မှု၊ နာမကျန်းဖြစ်မှုနဲ့ အသက်သေဆုံးတာတွေအထိ ဖြစ်စေနိုင်ပါတယ်။

အဆိပ်ဝင်ရောက်နိုင်သည့် နည်းလမ်းများ
ခန္ဓာကိုယ်ထဲကို အဆိပ်ဝင်ရောက်နိုင်တဲ့ နည်းလမ်းတွေကတော့ ပါးစပ်က စားပြီး ဝင်ရောက်နိုင်တာရှိပါတယ်။ ရှူရှိုက်ပြီး ဝင်ရောက်တာ ရှိပါတယ်။ အရေပြားကနေ စိမ့်ပြီး ဝင်တာလည်း ရှိပါတယ်။ အဆိပ်ရှိတဲ့ သတ္တဝါတွေ ကိုက်တယ်၊ ထိုးသွင်းတယ်ဆိုရင်လည်း ဖြစ်တတ်ပါတယ်။ ဥပမာ- ပျားဆိုရင် သူ့အစွယ်နဲ့ ထိုးရင် အဆိပ်သင့်တတ်ပါတယ်။

မတည့်တဲ့ ဆေးတွေ ထိုးသွင်းမိတယ်ဆိုရင်လည်း အဆိပ်သင့်တတ်ပါတယ်။ သက်တမ်းကုန်နေတဲ့ အစာတွေ၊ ဆေးတွေ စားမိရင်လည်း ဖြစ်တတ်ပါတယ်။ အမျိုးအမည်မသိတဲ့ အစာ (ဥပမာ-မှို)တွေ စားမိတဲ့အခါ၊ မတည့်တဲ့အရာ(ဥပမာ အက်ဆစ်) သောက်မိတဲ့အခါလည်း အဆိပ်သင့်တတ်ပါတယ်။ တချို့ကျတော့ မတော်တဆ အဆိပ်သင့်တတ်ပေမယ့် တစ်ခါတလေ တမင်တကာ ကြံရွယ်ပြီး အဆိပ်သင့်တာလည်း ရှိပါတယ်။ ဥပမာ ဆေးပြားတွေ သောက်လိုက်တာ၊ အက်ဆစ်တွေ သောက်လိုက်တာတို့ ဖြစ်ပါတယ်။ ဒါပေမဲ့ တမင်တကာကြံရွယ်ပြီး အဆိပ်သင့်တာထက် မတော်တဆ အဆိပ်သင့်တာကို အများဆုံး တွေ့ရပါတယ်။

အဆိပ်သင့်ခြင်းကို ကာကွယ်နည်း
ဆေးပုလင်းတွေကို အမျိုးအမည် သိအောင် နာမည်တွေ ကပ်ထားရပါမယ်။ ဆေးတွေကို တခြား ပုလင်းထဲထည့်လိုက်ရင် မှားသောက်မိတတ်တဲ့အတွက် ဆေးအမည်(ဥပမာ- စားဆေး၊ လိမ်းဆေး)ကို သေချာကပ်ထားရပါမယ်။ တချို့က သောက်နေကျဆေးကို အိပ်ရာခေါင်းရင်းမှာ စီတန်းထားပြီး ယူသောက်မိတဲ့အခါ မှားတတ်ပါတယ်။ ဒါကြောင့် ညဘက်အမှောင်ထဲမှာ ဆေးမသောက်ရပါဘူး။ ကလေးတွေ လက်လှမ်းမမီတဲ့ နေရာတွေ၊ ဘီရိုတွေထဲမှာ ဆေးတွေနဲ့ အဆိပ်ဖြစ်စေတဲ့ ပစ္စည်းတွေကို သိမ်းထားရပါမယ်။ အချိုရည်ပုလင်းအလွတ်တွေထဲ ပိုးသတ်ဆေး၊ ရေနံဆီစတာတွေ ထည့်တာမျိုး မလုပ်သင့်ပါဘူး။

ဓာတုဗေဒဆေးရည်တွေကို အကာအကွယ်မပါဘဲ ကိုင်တွယ်တာမျိုး မလုပ်ရပါဘူး။ ကိုင်ပြီးရင် လက်ကို သေချာစင်ကြယ်အောင် ဆေးကြောရပါမယ်။ အိမ်ထဲမှာ အဆိပ်ရှိသတ္တဝါတွေ ခိုအောင်းမှုမရှိအောင် ရှင်းရပါမယ်။

ရှေးဦးပြုစုနည်း
– အက်ဆစ်သောက်တဲ့ သူတွေကို ရေ၊ နွားနို့ တိုက်ရပါမယ်။ ဒါဆိုရင် ဓာတ်ပြုပြီး အဆိပ်လျော့သွားတတ် ပါတယ်။

– ဆေးတွေမှားသောက်မိတဲ့အခါ ရှေးဦးပြုစုခြင်းအနေနဲ့ ကြက်ဥအကာ၊ ရေတွေ သောက်ခိုင်းပါတယ်။

– လောင်စေတဲ့ အရာ (ဓာတ်ဆီ၊ ရေနံဆီ) စတာတွေ သောက်မိရင် ရေများများ တိုက်ရပါမယ်။

– ရှူရှိုက်မိတဲ့အခါ လူနာကို သတိရှိတယ်၊ မရှိဘူး စစ်ရပါမယ်။ လေကောင်းလေသန့်ရတဲ့ နေရာမှာ ထားရပါမယ်။ လိုအပ်ရင် CPR ပေးရပါမယ်။

– အဆိပ်တွေ ထိုးသွင်းမိတဲ့ သူတွေဆိုရင် CPR ပေးရပါမယ်။

– အဆိပ်တွေ ချက်ချင်းသင့်တာမျိုး မဟုတ်ဘဲ တစ်နေ့ချင်း နည်းနည်းစီ ဝင်တဲ့အခြေအနေဆိုရင် ဝင်ရောက်တဲ့ ပမာဏများလာတဲ့အခါ အဆိပ်သင့်တတ်ပါတယ်။ ဥပမာ စိုက်ပျိုးရေးသမားတွေ ပိုးသတ်ဆေးဖြန်းတဲ့အခါ ခန္ဓာကိုယ်ထဲကို လေထဲကနေဖြည်းဖြည်းချင်း စိမ့်ဝင်တတ်ပါတယ်။ ဒါမျိုးကျတော့ မလုပ်ခင်ကတည်းက လက်ရှည်အင်္ကျီ ဝတ်ရပါမယ်၊ နှာခေါင်းစည်းတပ်ရပါမယ်။ ဒါတွေနဲ့ ကာကွယ်လို့ရပါတယ်။ ပြီးရင်တော့ အနီးစပ်ဆုံး ဆေးရုံကို အမြန်ဆုံး ပို့ဆောင်ရပါမယ်။

See More

CPR နည်းဖြင့် အသက်ကယ်ပြုစုနည်းလမ်းညွှန်

[Unicode]
Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top