Healthy Life Ad
Health Tips

ကြက်သွန်ဖြူစားပြီး အနံ့ပျောက်အောင် ဘယ်လိုလုပ်သင့်သလဲ

၊ ငွေကြယ်စင်ယံ ၊

ကြက်သွန်ဖြူစားရင် ကင်ဆာကို တွန်းလှန်ပေးနိုင်တယ်၊ သွေးတွင်းမကောင်းတဲ့ ကိုလက်စထရောအဆင့်ကို လျော့ကျစေတယ်၊ သွေးတိုးကိုထိန်းပေးတယ် . . ဒီလိုကောင်းကျိုးတွေ ရှိမှန်းသိပြီးသားဖြစ်မှာပါ။ ကြက်သွန်ဖြူစားပြီး ခံတွင်းနံ့ထွက်ရင် လူတိုင်းစိတ်အနှောင့်အယှက် ဖြစ်ရတဲ့အတွက် ခံတွင်းနံ့ကင်းစေမယ့် အောက်ပါနည်းလမ်းတွေထဲက တစ်ခုကို လိုက်နာကြည့်သင့်ပါတယ်။

– တရုတ်နံနံ ဝါးစားပါ
ကြက်သွန်ဖြူထဲမှာပါတဲ့ ဆာလဖာဒြပ်ပေါင်းတွေက ခံတွင်းထဲမှာ ထွက်ရှိရုံသာမက အူထဲမှာလည်းထွက်ရှိစေပြီး အဆုတ်နဲ့အရေပြားထဲ စိမ့်ထွက်လာပါတယ်။ ဒီလိုဖြစ်တဲ့အတွက် ခံတွင်းနံ့လုံးဝကင်းစေဖို့ တရုတ်နံနံကို ကြိတ်ဝါးပေးသင့်ပါတယ်။ တရုတ်နံနံမှာပါတဲ့ ကလိုရိုဖီးလ်နဲ့ ပိုလီဖီနောဓာတ်တွေဟာ ကြက်သွန်ဖြူထဲက ဆာလဖာဒြပ်ပေါင်းနဲ့ ပေါင်းစပ်ရာက ခံတွင်းနံ့ကို ပျက်ပြယ်စေပါတယ်။ ပင်စိမ်းရွက်၊ စမုံစပါး၊ ပူဒီနာ(ပူစီနံ)တွေမှာလည်း ဒီအာနိသင်တွေပါရှိပါတယ်။

– မှိုကြော်စားပါ
မှိုထဲမှာပါတဲ့ ပိုလီဖီနောဓာတ်ဟာ ကြက်သွန်ဖြူစားလို့ ခံတွင်းနံ့နံတာကို တွန်းလှန်ပေးနိုင်ပါတယ်။

– နွားနို့သောက်ပါ
အစာမစားခင် ဒါမှမဟုတ် အစာစားချိန်အတွင်း နွားနို့သောက်တာကြောင့် ကြက်သွန်ဖြူနံ့ကို လျော့ကျစေပါတယ်။ နွားနို့ထဲကရေဟာ ခံတွင်းသန့်စင်စေပြီး အဆီကဆာလဖာကို ဓာတ်ပြယ်စေပါတယ်။

– လက်ဖက်စိမ်းလက်ဖက်ရည်သောက်ပါ
လက်ဖက်စိမ်းလက်ဖက်ရည်မှာပါတဲ့ ပိုလီဖီနောဟာ ကြက်သွန်ဖြူကြောင့် ခံတွင်းအနံ့ဆိုးထွက်တာကို လျော့ကျစေပါတယ်။

– သစ်သီးစိတ်ဝါးစားပါ
ပန်းသီး၊ စတော်ဘယ်ရီသီး၊ နာနတ်သီးနဲ့ ကီဝီသီး စတဲ့သစ်သီးတွေမှာပါတဲ့ သဘာဝအင်ဇိုင်းတွေဟာ ကြက်သွန်ဖြူရဲ့ ဆာလဖာဒြပ်ပေါင်းကို ချေဖျက်ပေးနိုင်ပါတယ်။

– ခံတွင်းသန့်စင်ဆေးရည်ဖြင့် ပလုတ်ကျင်းပါ
ကြက်သွန်ဖြူစားပြီးတဲ့အခါ ထွက်လာတဲ့ ဆာလဖာဒြပ်ပေါင်းတွေ ဓာတ်ပြယ်စေဖို့ ကလိုရင်းဒိုင်အောက်ဆိုက် ဒါမှမဟုတ် ဇင့်(သွပ်)ဓာတ်ပါတဲ့ ခံတွင်းသန့်စင်ဆေးရည်နဲ့ ပလုတ်ကျင်းပေးရပါမယ်။

– သံပရိုသီးစိတ် စုပ်ပေးပါ
ထောင်းထားတဲ့ ကြက်သွန်ဖြူကိုစားပြီးရင် သံပရိုသီးစိတ် စုပ်ပေးပါ။ သံပရိုသီးမှာပါတဲ့ အက်ဆစ်ဓာတ်ဟာ ကြက်သွန်ဖြူနံ့ထွက်စေတဲ့ အင်ဇိုင်း Alliinase ကို ချေဖျက်ပေးပါတယ်။

– သွားပွတ်ကြိုးထိုးပါ
သွားပွတ်ကြိုးထိုးတာကြောင့် သွားကြားထဲမှာ ကပ်ငြိနေတဲ့ ကြက်သွန်ဖြူအဖတ်တွေနဲ့ ကြက်သွန်ဖြူနံ့ကို ကင်းစင်စေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top