Healthy Life Ad
Child

နားပြည်ယိုတာလေးများဆိုပေမယ့် . . .

ပါမောက္ခဒေါက်တာခင်လှလှ (နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့်လည်ပင်းရောဂါ ပညာဌာန၊ ဆေးတက္ကသိုလ်-၁၊ ရန်ကုန်)

ကျွန်မတို့တစ်တွေ ကိုယ်ပိုင်အချိန်လေးတွေကို ဖဲ့ပြီး ကျန်းမာရေးပညာပေးဆောင်းပါးတွေ ရေးနေကြတာဟာ ကျွန်မတို့ရဲ့ စာတွေကို ဖတ်မိတဲ့သူတွေ ကျန်းမာရေ ဗဟုသုတရပါစေ၊ အဲဒီဗဟုသုတရတဲ့အတွက် ဘာဖြစ်ရင်ဘာလုပ်သင့်တယ်ဆိုတာ သိပြီး အကျိုးရှိအောင်လို့ပါ။ ကျွန်မတို့ ရေးတဲ့စာတွေ ဖတ်ပြီး အကျိုးရှိတယ်ဆိုရင် ကျွန်မတို့ အပင်ပန်းခံရကျိုးနပ်တာပေါ့။

လွန်ခဲ့တဲ့ ၉နှစ်လောက်က ကျွန်မရေးတဲ့ ကျန်းမာရေးဂျာနယ်က အမေးအဖြေကဏ္ဍမှာ မေးခွန်းလေးတစ်ခုဖြေခဲ့ရတာ မှတ်မိပါသေးတယ်။ မေးထားတာကတော့ “ သူ့မိတ်ဆွေမှာ ကိုးနှစ်အရွယ်ကလေး နှစ်ယောက်ရှိပါတယ်။ မကြာခင်က ဦးနှောက်အမြှေး ရောင်ရောဂါနဲ့ ကွယ်လွန်သွားတယ်။ ဦးနှောက် အမြှေးရောင်ရောဂါမဖြစ်ခင်မှာ နားပြည်ယိုတယ်။အဲဒီရောဂါနှစ်ခု ဆက်စပ်မှုရှိလား။ တကယ်လို့ ဆက်စပ်မှုရှိရင် နားပြည်ယိုတာကို ဖိဖိစီးစီး ကုလိုက်ရင် ဦးနှောက်အမြှေးရောင်တာကို ကာကွယ်နိုင်သလား”လို့ မေးထားပါတယ်။

ကျွန်မတို့ပတ်ဝန်းကျင်မှာ နာတာရှည်နားပြည်ယိုတဲ့သူတွေ အများကြီးတွေ့ဖူးမှာပါ။ ဘာမှလည်း ပြဿနာမပေါ်တော့ ခပ်အေးအေးပဲ။ သိပ်ဂရုမစိုက်ကြဘူးပေါ့။ နားပြည်ယိုတာလေးများပေါ့။နားပြည်ယိုလိုက်၊ ပြန်ကောင်းသွားလိုက်နဲ့။ ကျွန်မ နား၊ နှာ ခေါင်း၊ လည်ချောင်းသင်တန်းတက်ဖို့ ဝင်ခွင့်စာမေးပွဲမှာ လူတွေ့ဖြေတာကို သတိရမိပါတယ်။

နာတာရှည် နားပြည်ယိုတဲ့သူတစ်ယောက် ခေါင်းကိုက်မယ် ၊ ဖျားမယ် ၊ နားကိုက်မယ် ၊ ချာချာလည်မူးမယ်ဆိုရင် ဆေးရုံကို မြန်မြန်သွားပြရပါမယ်။ ဒါမှ လိုအပ်တဲ့ကုသမှုတွေကို မြန်မြန်ပေးနိုင်ပြီး လူနာရဲ့ အသက်ကိုကယ်တင်နိုင်မှာ . . .

စာမေးပွဲစစ်တဲ့ ခွဲစိတ်ဆရာဝန်ကြီးက-
“ မင်းက နား၊ နှာခေါင်း၊ လည်ချောင်းတက်မယ်ဆိုတော့ နားပြည်ယိုတာတွေ တွေ့ရမှာ။ ဒါနဲ့ နားပြည်ယိုတာ အရေးကြီးလား” လို့ မေးပါတယ်။
ကျွန်မကလည်း နားပြည်ယိုတာ အရေးကြီးကြောင်း၊ ဦးနှောက်ရှိတဲ့ middle cranial fossa ထဲကို ရောဂါပျံ့သွားရင် အသက်အန္တရာယ်ရှိကြောင်း ဖြေပါတယ်။ ဆရာကြီးက “ အလယ်နားနဲ့ middle cranial fossa ကြားမှာ ဘာရှိလဲ” လို့ ထပ်မေးပါတယ်။ အဲဒီနှစ်ခုကြားမှာ အရိုးပါးလေးပဲ ခြားထားတာကို ဖြေနိုင်လိုက်လို့ တော်ပါသေးရဲ့။

– – – – – – – – – – – –

နား၊ နှာခေါင်း၊ လည်ချောင်းသင်တန်းတက်တော့ နားပြည်ယိုတဲ့ ကလေးတွေ အများကြီး တွေ့ရပါတယ်။ တချို့က နားပြည်ယိုတာ ရက်ပိုင်းလောက်ပဲရှိသေးတယ်။အများစုကတော့ နာတာရှည်နားပြည်ယိုတာပါ။ နာတာရှည်ဆိုတဲ့အတိုင်း နားပြည်ယိုလိုက်၊ ပျောက်သွားလိုက်၊ နားထဲရေဝင်လိုက်၊ ပြန်ပြီး ပြည်ယိုလိုက်နဲ့ပေါ့။ ကျွန်မတို့ ပြင်ပလူနာကုဌာနရဲ့ ဖောက်သည်တွေပေါ့။

နာတာရှည်နားပြည်ယိုတာကို အသက်အန္တရာယ်မရှိတဲ့ အမျိုးအစားနဲ့ အသက်အန္တရာယ်ရှိတဲ့ အမျိုးအစားဆိုပြီး ခွဲခြားနိုင်တယ်။ အစပိုင်းမှာ ရေးထားတဲ့ ကလေးသေဆုံးရတာ အသက်အန္တရာယ်ရှိတဲ့ အမျိုးအစားဖြစ်လို့ သေဆုံးရတာဖြစ်ပါတယ်။

အသက်အန္တရာယ်မရှိတဲ့ အမျိုးအစားခံစားရတဲ့ လူနာတွေဟာ နာတာရှည်နားပြည်တည်တာအပြင် အကြားအာရုံ လျော့တာနဲ့လည်း လာလေ့ရှိပါတယ်။ စမ်းသပ်ကြည့်တဲ့အခါ နားစည်အလယ်ပိုင်းမှာ အပေါက်ပေါက်နေတာကို တွေ့ရမယ်။ ဒီအမျိုးအစားက နောက်ဆက်တွဲပြဿနာ သိပ်မရှိဘူး။ နာတာရှည်နားပြည်ယိုပြီး ဘာမှမဖြစ်ဘူးဆိုတဲ့ အမျိုးအစားပေါ့။ ဒါပေမဲ့ အသက်အန္တရာယ်ဖြစ်နိုင်တဲ့ အမျိုးအစားလည်း ဖြစ်နိုင်တာမို့ ပေါ့ဆလို့ မသင့်တော်ပါဘူး။

အသက်အန္တရာယ်ရှိတဲ့ အမျိုးအစားမှာ ပွကြီးကတော့ Cholesteotoma ဆိုတာလေးပါ။ သူက အနားမှာရှိတာတွေ အကုန်လုံးကို စားပစ်တာ။ အလယ် နားနဲ့ middle cranial fossa ကို ခြားထားတဲ့ အရိုးပါးကိုစားပြီး နောက်ဆက်တွဲပြဿနာတွေ ဖြစ်နိုင်ပါတယ်။ ပထမအမျိုးအစားနဲ့ မတူတာက-

နားပြည်က ပိုနံတယ်။

နားစည်အပေါက်က နားစည်ရဲ့ အပေါ်နဲ့အနောက်ပိုင်းမှာ ရှိတယ်။

နားအနောက်ဘက်အရိုးမှာ ပြည်တည်ရင် ပြည်တည်နာဖြစ်မယ်။

နောက်ဆက်တွဲပြဿနာတွေကိုလည်း တွေ့ရနိုင်တယ်။

ဥပမာ- ဦးနှောက်အမြှေးရောင်ခြင်း၊ ဦးနှောက်ရောင်ခြင်း၊ ဦးနှောက်ပြည်တည်ခြင်း၊ အလယ်နား အရိုးတွေကို စားသွားလို့ ကြားနိုင်စွမ်းလျော့ခြင်း၊ ဦးခေါင်းပိုင်းဆိုင်ရာ အာရုံကြော နံပါတ် (၇) ထိခိုက်ပြီး မျက်နှာတစ်ခြမ်း ရွဲ့ခြင်း၊ နားနောက်ဘက် သွေးပြန်ကြောထဲရောက်ပြီး သွေးခဲခြင်းစတဲ့ နောက်ဆက်တွဲ ပြဿနာတွေကြောင့် အသက်ဆုံးရှုံးရနိုင်တာကို သိစေချင်ပါတယ်။

သတိပြုရန်

သတိထားစေချင်တာတွေကတော့-

၁။ လတ်တလော နားပြည်ယိုတာကို ကောင်းကောင်း မကုရင်နာတာရှည် နားပြည်ယိုတာဖြစ်သွားနိုင် ပါတယ်။

၂။ နားပြည်ယိုတာက အန္တရာယ်ရှိတဲ့ အမျိုးအစား ဖြစ်နိုင်ပါတယ်။ မပေါ့ဆပါနဲ့။

၃။ အန္တရာယ်ရှိတဲ့ အမျိုးအစားဆိုရင် ခွဲစိတ်ကုသဖို့ လိုပါတယ်။ ဟိုစားဒီစား စားတတ်တဲ့ဟာလေးကို ခွဲစိတ်ပြီး ထုတ်ပစ်ရမှာပါ။

၄။ နာတာရှည် နားပြည်ယိုတဲ့သူတစ်ယောက်-

ခေါင်းကိုက်မယ်

ဖျားမယ်

နားကိုက်မယ်

ချာချာလည်မူးမယ်ဆိုရင် ဆေးရုံကို မြန်မြန်သွားပြရပါမယ်။ ဒါမှ လိုအပ်တဲ့ကုသမှုတွေကို မြန်မြန်ပေးနိုင်ပြီး လူနာရဲ့ အသက်ကိုကယ်တင်နိုင်မှာ ဖြစ်ပါတယ်၊

[Unicode]
Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top