Healthy Life Ad
Life Style

ဘာသာရေး ယုံကြည်ကိုးကွယ်ခြင်းနှင့် စိတ်ကျန်းမာရေး (၁)

ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးဆရာဝန်ကြီး – အငြိမ်းစား)

ဘာသာရေး ယုံကြည်ကိုးကွယ်ခြင်းနဲ့ ပတ်သက်ပြီး စိတ်ကျန်းမာရေးဆေးပညာရဲ့အမြင်ကို ဆွေးနွေးတင်ပြလိုပါတယ်။ ဘာသာရေး ယုံကြည်ကိုးကွယ်သူတွေကို လေ့လာတဲ့အခါမှာ ဘာသာတရားအမျိုးမျိုးကို ယုံကြည်ကိုးကွယ်သူတွေ ပါဝင်ပါတယ်။ ဒါပေမဲ့ ဘာသာရေးယုံကြည်ကိုးကွယ်တာက စိတ်ကျန်းမာရေးကို အထောက်အကူ ပြုနိုင်ပါတယ်။ ဘယ်ဘာသာတရား ကိုးကွယ်မှုမဆို စိတ်ကျန်းမာရေးအတွက် အကျိုးရှိနိုင်ပါတယ်။

ဘာသာရေး ယုံကြည်ကိုးကွယ်မှုက စိတ်ကျန်းမာရေးကို ဘယ်လိုအကျိုးပြုနိုင်သလဲ

(၁) အခက်အခဲကို ရင်ဆိုင်နိုင်သည့် စိတ်ဓာတ်ရရှိခြင်း
မိမိသက်ဝင်ယုံကြည်တဲ့ ဘာသာရေးက ဆုံးမသွန်သင်ညွှန်ကြားချက်တွေကို စိတ်စွမ်းအင်တစ်ခုအဖြစ် အသုံးပြုနိုင်ပါတယ်။ ဘဝပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းတဲ့အခါ ဘာသာရေးအဆုံးအမက လမ်းညွှန်ပြသနိုင်ပါတယ်။ ဘဝအခက်အခဲ ပြဿနာတွေကြောင့် ခံစားလာရတဲ့ စိတ်ဖိစီးမှုဒဏ်ကို ခံနိုင်ရည်ရှိအောင် ပံ့ပိုးပေးပါတယ်။ ဥပမာ-ဘုရားသခင်ကို ယုံကြည်ကိုးကွယ်သူက ဒီလိုဖြစ်ရတာ၊ ဘုရားသခင်ရဲ့ အလိုတော်အတိုင်း ဖြစ်ရတာပဲလေဆိုတဲ့သဘောနဲ့ ဒုက္ခကိုလက်ခံနိုင်တယ်၊ အတိတ်က ပြုခဲ့တဲ့ကံရဲ့ အကျိုးတရားကို လက်ခံရင် ကံမကောင်းလို့ ဖြစ်ရတာပဲဆိုပြီး ဖြေသိမ့်နိုင်မယ်။

(၂) ပူဆွေးသောကဝေဒနာ သက်သာစေခြင်း
ဘာသာရေးအဘိဓမ္မာတွေမှာ ဆင်ခြင်တွေးတောမှုကို ပြောင်းလဲပေးနိုင်တဲ့ သွန်သင်ညွှန်ပြချက်တွေရှိပါတယ်။ မိမိချစ်ခင်နှစ်သက်သူ သေဆုံးရင် ပူဆွေးတမ်းတတဲ့ စိတ်ဝေဒနာကို ခံစားကြရပါတယ်။ ဘာသာရေး အဆုံးအမကို နှလုံးသွင်းဆင်ခြင်နိုင်တာကြောင့် ပူဆွေးသောကဝေဒနာ သက်သာပျောက်ကင်းသွားတဲ့ ဥပမာတစ်ခုရှိပါတယ်။ ဗုဒ္ဓဘာသာဝင်တွေ သိပြီးဖြစ်ပါလိမ့်မယ်။

“အလှပိုင်ရှင် သူဌေးသမီးဘဝက မိဖုရားဖြစ်သွားတဲ့ ဥဗ္ဗရီအကြောင်း ဖြစ်ပါတယ်။ ကောသလမင်းကြီးနဲ့ မိဖုရား ဥဗ္ဗရီတို့မှာ ဇိဝန္တိလို့ အမည်ရတဲ့ သမီးတော်တစ်ပါး ထွန်းကားတယ်။ မကြာမီ သမီးလေး ဇိဝန္တီသေဆုံးသွားတယ်။ မမျှော်လင့်ဘဲ သေဆုံးသွားတဲ့ သမီးလေးကြောင့် မိဖုရားဥဗ္ဗရီဟာ ယူကျုံးမရဖြစ်ပြီး ရက်ပေါင်းများစွာ ပူဆွေးတမ်းတနေပါတယ်။ သင်္ချိုင်းဂူဘေးမှာ အဆက်မပြတ် ငိုကြွေးနေပါတယ်။ မြတ်စွာဘုရားက ရုပ်ပွားတော်ပြပြီး လူတိုင်းကြုံတွေ့ရမယ့် သေခြင်းတရားကို အမြင်သစ်နဲ့ ဆင်ခြင်တွေးတောနိုင်အောင် တရားချပါတယ်။ မိဖုရားဥဗ္ဗရီဟာ အမှန်တရားကို နှလုံးသွင်း ဆင်ခြင်နိုင်တဲ့အတွက် အကျွတ်တရား ရရှိသွားတယ်”လို့ ဖတ်ဖူးပါတယ်။ (အရှင်ဆန္ဒာဓိက ရေးသားတဲ့ “အကြင်နာပေါင်း ရှစ်သောင်းလေးထောင်” (၂၀ဝ၈ ခုနစ်) စာအုပ်မှ . . .)

စိတ်ကျန်းမာရေး ဆေးပညာသဘောနဲ့ လွယ်လွယ်ပြောရရင် “ဆင်ခြင်တွေးတောပုံကို ပြောင်းလဲပေးတဲ့ ကုထုံး” (Cognitive Therapy)လို့ နားလည်နိုင်ပါတယ်။

ကိုးကွယ်တဲ့ ဘာသာတိုင်းမှာ စိတ်သဘောထားကောင်းမွန်မြင့်မြတ်ဖို့ သွန်သင်ဆုံးမချက်တွေရှိပါတယ်။ မေတ္တာတရားပွားများဖို့၊ ကရုဏာစိတ်ထားဖို့၊ ခွင့်လွှတ်တတ်ဖို့၊ မျှော်လင့်ချက်မွေးမြူဖို့၊ ဒုက္ခရောက်သူကို ကူညီလိုစိတ်ရှိဖို့ . . စသဖြင့် သွန်သင်ညွှန်ကြားပါတယ်။ ဘာသာရေးကို ‘အမှန်တကယ်’ယုံကြည်ကိုင်းရှိုင်းလာရင် အဲဒီလိုဖြူစင်တဲ့ စိတ်ဓာတ်မျိုး ပွားများလာနိုင်ပါတယ် . . .

(၃) စိတ်သဘောထား အကောင်းဘက်ကို ပြောင်းလဲပေးနိုင်ခြင်း
ကိုးကွယ်တဲ့ ဘာသာတိုင်းမှာ စိတ်သဘောထား ကောင်းမွန်မြင့်မြတ်ဖို့ သွန်သင်ဆုံးမချက်တွေရှိပါတယ်။ မေတ္တာတရားပွားများဖို့၊ ကရုဏာစိတ်ထားဖို့၊ ခွင့်လွှတ်တတ်ဖို့၊ မျှော်လင့်ချက်မွေးမြူဖို့၊ ဒုက္ခရောက်သူကို ကူညီလိုစိတ်ရှိဖို့ . . စသဖြင့် သွန်သင်ညွှန်ကြားပါတယ်။ ဘာသာရေးကို “အမှန်တကယ်” ယုံကြည်ကိုင်းရှိုင်းလာရင် အဲဒီလို ဖြူစင်တဲ့စိတ်ဓာတ်မျိုး ပွားများလာနိုင်ပါတယ်။ ဒါကြောင့် စိတ်ကျန်းမာရေးကို အထောက်အကူ ပြုနိုင်ပါတယ်။

(၄) ဘာသာရေးကျင့်စဉ်များ
ကိုးကွယ်တဲ့ ဘာသာတိုင်းလိုလိုမှာ မိမိသက်ဝင်ယုံကြည်မှုနဲ့အညီ ပုတီးစိပ်တာကို အားပေးပါတယ်။ ပုတီးစိပ်တာက တစ်စုံတစ်ခုကို အမြဲရွတ်ဆိုပြီး အာရုံစူးစိုက်ခြင်းပြုတဲ့ ကျင့်စဉ်ဖြစ်တဲ့အတွက် ကမ္မဋ္ဌာန်းထိုင်တာနဲ့ ဆင်တူပါတယ်။ ဘာသာရေးကျင့်စဉ်တစ်ခုဖြစ်တဲ့ ကမ္မဋ္ဌာန်းထိုင်တာရဲ့ စိတ်ကျန်းမာရေး အကျိုးကျေးဇူးကို သိရှိလက်ခံပြီး ဖြစ်ပါတယ်။ (Healthy Life ကျန်းမာလှပလူမှုဘဝဂျာနယ် အ မှတ် (၃၃)၊ အမှတ်(၃၄)။

ကိုးကွယ်တဲ့ ဘာသာတိုင်းလိုလိုမှာ အစာမစားဘဲ ဆာလောင်မွတ်သိပ်ခြင်းခံယူတဲ့ ကျင့်စဉ်တွေရှိပါတယ်။ ဥပမာ-ရှစ်ပါးသီလခံယူတာမျိုး ဖြစ်ပါတယ်။ ၂၄ နာရီအစာမစားဘဲ အဆာခံရင် သွေးထဲမှာ HGH (Human Growth Hormone) အမြောက်အများတိုးပွားလာပါတယ်။ HGH ဓာတ်က ခန္ဓာကိုယ်ကျန်းမာရေးနဲ့ ဦးနှောက်သန်စွမ်းမှုကို အထောက်အကူပြုပါတယ်။

(၅) ကလေးလူငယ်နှင့် အိုမင်းသူများအတွက် အကျိုးကျေးဇူး
ကိုးကွယ်တဲ့ ဘာသာရေး သွန်သင်ဆုံးမမှုကြောင့် ကလေးလူငယ်တွေရဲ့ စာရိတ္တဗလကို ဖွံ့ဖြိုးတိုးတက်စေပါတယ်။ အသက်အရွယ်အိုမင်းလာတဲ့အခါ ရင်ဆိုင်ရတဲ့ “အိုခြင်း၊ နာခြင်း၊ သေခြင်း” သဘောတရားတွေကို ဘာသာရေးယုံကြည်ကိုင်းရှိုင်းမှုရှိရင် ပိုမိုခံနိုင်ရည်ရှိလာပါတယ်။

(၆) တစ်ဦးနှင့်တစ်ဦး ကူညီပံ့ပိုးမှုရယူနိုင်ခြင်း
ဘာသာရေး ယုံကြည်ကိုးကွယ်မှုရှိသူတိုင်း ဘုရားကျောင်းကန်တွေမှာတွေ့ဆုံပြီး မိတ်သစ်ဆွေသစ် များပြားလာနိုင်ပါတယ်။ လူမှုကွန်ရက်ကျယ်ပြန့်လာပါတယ်။ မိတ်ကောင်းဆွေကောင်းတွေဟာ စိတ်ကျန်းမာရေးကို အထောက်အကူ ပြုနိုင်သူတွေ ဖြစ်ပါတယ်။ ဘာသာရေးဆိုင်ရာ အခမ်းအနားပွဲတော်တွေမှာ ပါဝင်လှုပ်ရှားခြင်းအားဖြင့် စိတ်ပျော်ရွှင်ကြည်နူးမှုကို ရရှိနိုင်ပါတယ်။

(၇) ဘာသာရေးအဆောက်အအုံ၏ လွှမ်းမိုးမှု
ဘုရားကျောင်းကန်နဲ့ ဘာသာရေးအဆောက်အအုံတွေရဲ့ အရိပ်အာဝါသအောက်မှာ ခိုလှုံရတဲ့အခါ စိတ်ကြည်နူးနှစ်သိမ့်မှုကို ခံစားရပါတယ်။ စိတ်အားတက်သလို ခံစားရပါတယ်။ စိတ်ထဲမှာလုံခြုံသလို ခံစားရပါတယ်။ သစ်ပင်ပန်းမန်တွေ အုပ်ဆိုင်းနေတဲ့ ဘုန်းကြီးကျောင်းပရဝုဏ်ထဲ ရောက်ရှိသွားရင် ခံစားရတဲ့ စိတ်အေးချမ်းသာယာမှုကို ကြုံဖူးပါလိမ့်မယ်။ ရွှေတိဂုံဘုရားရင်ပြင်ပေါ်မှာ လှည့်ပတ်ကြည်ညိုနေတဲ့အခါ ခံစားလာရတဲ့ ကြည်နူးနှစ်သိမ့်အားတက်မှုမျိုးကို ခံစားရရှိဖူးမယ်ထင်ပါတယ်။

အထက်ဖော်ပြပါ အချက်အလက်တွေဟာ ဘာသာရေးယုံကြည်ကိုင်းရှိုင်းသူတွေ ရရှိခံစားနိုင်တဲ့ စိတ်ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေ ဖြစ်ပါတယ်။

Most Popular

Healthy Life Ad
To Top