Healthy Life Ad
Health Tips

သားသားမီးမီး လိုချင်သူတို့ အမြန်ဆုံး ရရှိစေမည့် နည်းများ

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

တချို့ဇနီးမောင်နှံတွေမှာ ကိုယ်ဝန်ရဖို့ လွယ်ပေမယ့် တခြားသူတွေအတွက်တော့ ဆေးပညာ အကူအညီ လိုအပ်နိုင်ပါတယ်။ မျိုးအောင်ပြီး သန္ဓေတည်နိုင်ဖို့ရာအတွက် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဘဝနေထိုင်စားသောက်မှုပုံစံက အရေးပါတယ်လို့ သားဖွားမီးယပ်အထူးကု ဆရာဝန်တွေက အကြံပြု ထားပါတယ်။

(၁) သင့်ခန္ဓာကိုယ်ကို ပြင်ဆင်ပါ
ကိုယ်ဝန်ဆောင်မယ့် အမျိုးသမီးတွေအနေနဲ့ ဖောလစ်အက်စစ်ကို တစ်နေ့တစ်လုံးသောက်ပါ။ အစားအစာကို ကျန်းမာရေးနဲ့ အညီ စားတဲ့နည်းနဲ့ ခန္ဓာကိုယ်ကို ထိန်းသိမ်းပါ။ ကိုယ်အလေးချိန်များတာနဲ့ ကိုယ်အလေးချိန် နည်းလွန်းတာတွေကြောင့် အမျိုးသမီးတစ်ယောက်ရဲ့ ရာသီစက်ဝန်းကို ထိခိုက်စေနိုင်သလို သန္ဓေတည်နိုင်စွမ်းကို ခက်ခဲစေပါတယ်။ ကိုယ်အလေးချိန် ပုံမှန် ထိန်းနိုင်စေဖို့ ကျန်းမာရေးနဲ့ အညီစားသောက်တတ်ရပါမယ်။ ဝမ်းဗိုက်တစ်ဝိုက် အဆီများလွန်းတာကြောင့် ဟော်မုန်းမျှတမှုကို ထိခိုက်စေနိုင်ပြီး မျိုးအောင်နိုင် စွမ်းကို လျော့ကျစေပါတယ်။လေ့ကျင့်ခန်းလုပ်တာက ကျန်းမာရေးအတွက် ကောင်းမွန်တာကြောင့် လမ်းလျှောက်တာ၊ ပြေးတာ အစရှိတဲ့ ကိုယ်လက်လှုပ်ရှားမှုတွေကို သင်နှစ်သက်တာ ရွေးချယ်လုပ်ဆောင်သင့်ပါတယ်။ ဒါပေမဲ့ အလွန်အမင်း မောပန်းတဲ့အထိ မလုပ်ပါနဲ့။

(၂) အယ်လ်ကိုဟောနှင့် ကဖင်းဓာတ် ရယူမှုကို ထိန်းချုပ်ပါ
ဝိုင်တစ်ခွက်နဲ့ ဖယောင်းတိုင်ထွန်းထားတဲ့ ညစာဟာ ဇနီးမောင်နှံနှစ်ဦးရဲ့ စိတ်ကို ကြည်နူးစေပေမယ့် အရက်ကို အလွန်အကျွံသောက်ရင် မျိုးအောင်နိုင်စွမ်းကို ထိခိုက်စေနိုင်ပါတယ်။ ကဖင်းဓာတ်ကလည်းများရင် မျိုးအောင်နိုင်စွမ်းကို ထိခိုက်စေနိုင်တဲ့အတွက် တစ်နေ့မှာ ကော်ဖီတစ်ခွက်၊ နှစ်ခွက်ပဲ သောက်သင့်ပါတယ်။

(၃) ဆေးလိပ်ဖြတ်ပါ
ဆေးလိပ်သောက်တာက ကျန်းမာရေးနဲ့ မသင့်တော်ပါဘူး။ ဆေးလိပ်သောက်တာကြောင့် အမျိုးသမီးတစ်ဦးရဲ့ မျိုးအောင်နိုင်စွမ်းကို လျော့ကျစေပြီး သွေးထဲက အဆိပ်အတောက်ပမာဏကို တိုးစေပါတယ်။ ခင်ပွန်းအနေနဲ့လည်း ဆေးလိပ်မသောက်ဖို့ အရေးကြီးပါတယ်။ တစ်ဆင့်ခံဆေးလိပ်ငွေ့ဟာ အမျိုးသမီးတွေကို ဆေးလိပ်သောက်သူလို တူညီတဲ့ ဆိုးကျိုး ခံစားရစေနိုင်ပါတယ်။

(၄) စိတ်တည်ငြိမ်စေမည့် နည်းလမ်း ရှာဖွေပါ
ဘဝမှာ ရယ်မောပျော်ရွှင်စွာ နေထိုင်ပါ။ စိတ်ဖိစီးမှုကြောင့် ကိုယ်ဝန်ရရှိနိုင်ခြေကို အဟန့်အတား ဖြစ်စေနိုင်ပါတယ်။ အမျိုးသမီးတွေမှာ စိတ်ဖိစီးမှုကြောင့် ဟော်မုန်း မမျှတမှုကို ဖြစ်စေနိုင်ပြီး သားဥ ကြွေတဲ့ဖြစ်စဉ်ကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုဖြေလျှော့ပြီး သက်သောင့်သက်သာနေတာကြောင့် ကိုယ်ဝန်ရရှိနိုင်ခြေကို တိုးစေပါတယ်။

(၅) သင့်ခန္ဓာကိုယ်ကို သိနားလည်ပါ
ရာသီစက်ဝန်းနဲ့ ပတ်သက်တဲ့ ပြက္ခဒိန်တစ်ခုထားရှိပါ။ သင့်ရာသီစက်ဝန်းရဲ့ ပထမဆုံးရက်ကို အမြဲမှတ်သားထားပါ။ ဒါမှသာ သားဥကြွေတဲ့ ရက်ကို ခန့်မှန်းတွက်ချက်နိုင်မှာဖြစ်ပါတယ်။ သားဥကြွေတဲ့နေ့မှာ အိမ်ထောင်ဖက်နဲ့ အတူနေတာကြောင့် ကိုယ်ဝန်ရရှိနိုင်ခြေများပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top