Healthy Life Ad
Life Style

ကျန်းမာ ပျော်ရွှင် အောင်မြင် ငြိမ်းချမ်းသော ဘဝပန်းတိုင်ဆီသို့ . . .(၄)

ဒေါက်တာစိုးလွင် (သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီး)

– ယခင်တစ်ပတ်မှအဆက်

ဘဝမှာ ငြိမ်းချမ်းရမယ် . . .

ကျွန်တော် အသက် ၅၆ နှစ်အရွယ်ရောက်လာတဲ့အခါ ဘဝမှာ ဘယ်လိုနေထိုင်ဖြတ်သန်းရမလဲဆိုတာ သိလာပါပြီ။ အဲဒါကလည်း ကျွန်တော့်မှာ ဆရာရှိပါတယ်။ သူက မဟာလူသား ဗုဒ္ဓပဲ ဖြစ်ပါတယ်။ သူတွေ့ရှိခဲ့တဲ့ အမှန်တရားက အကောင်းဆုံး ဘဝနေနည်း၊ ဘဝလျှောက်နည်းကို ဟောကြားခဲ့တယ်၊ အဲဒီလမ်းအတိုင်းသာလျှောက် . . ပန်းတိုင်ရောက်ရင် သေချာပေါက် ငြိမ်းချမ်းရမယ်လို့ ဗုဒ္ဓက ရဲရဲကြီး အာ မခံခဲ့တယ်။ ဗုဒ္ဓက ရောဂါဘာကြောင့် ဖြစ်သလဲဆိုတာ သူသိပြီး အဲဒီဆေးကို သောက်ရင် ပျောက်မယ်လို့ အာမခံနိုင်တဲ့သမားတော်ကြီးပဲ ဖြစ်တယ်။ သမုဒယဆိုတဲ့ စွဲလမ်းမှုကြောင့်ဖြစ်တဲ့ ဒုက္ခဆင်းရဲကို စွန့်လွှတ်နိုင်မှ ငြိမ်းချမ်းခြင်းဆိုတဲ့ နိဗ္ဗာန်ကို ရောက်မှာလို့ ညွှန်ပြခဲ့ပါတယ်။ တစ်ခုတော့ ရှိတယ်၊ ဆေးသိရုံနဲ့တော့ မပျောက်ဘူး၊ ဆေးသောက်မှပျောက်မှာ . . အဲဒီလိုပဲ နိဗ္ဗာန်သွားရမယ့်လမ်းကိုသိနေရုံနဲ့ မရဘူး၊ အဲဒီလမ်းကို လျှောက်မှရောက်မှာ . . အဲဒီလမ်းက မဇ္စျိမပဋိပဋာလို့ခေါ်တဲ့ အလယ်အလတ်ကျင့်စဉ်နဲ့ လျှောက်လှမ်းဖို့ ဖြစ်တယ်။ တချို့က ‘ပျော်ပျော်သာ နေကိုယ့်လူရေ . . ဘဝဆိုတာ ခဏလေး . . လုပ်ချင် တာလုပ်၊ ပျော်ဖို့ အရေးကြီးတယ်’လို့ ဆိုကြတယ်။ အဲဒါက အမှန်လမ်း မဟုတ်ပါဘူး၊ အပျော်လမ်းပါ။ ဘဝဆိုတာအကြမ်းလမ်းလည်း မဟုတ်ပါဘူး။ မဇ္စျိမပဋိပဋာလို့ခေါ်တဲ့ အလယ်အလတ်ကျင့်စဉ်နဲ့ အမှန်လမ်းကို လျှောက်လှမ်းဖို့ပဲ ဖြစ်ပါတယ်။

ကျွန်တော့်ကို ဆေးကျောင်းသူတစ်ယောက်က ပြောတယ်။ “မဂ္ဂင်လမ်းကို သိတယ်၊ ဒါပေမဲ့ ရိပ်သာကိုသွားပြီး တရားမမှတ်နိုင်ဘူး”တဲ့။ အဲဒါနဲ့ ဆရာက သူ့ကို ပြန်မေးလိုက်တယ်။ ” မြတ်စွာဘုရားပြောတဲ့ မဂ္ဂင်လမ်းဆိုတာ ရိပ်သာသွားပြီး တရားမှတ်မှရမှာလား “ဆိုတော့”ဟုတ်တယ်လေ”လို့ ပြန်ဖြေပါတယ်။

မဂ္ဂင်ရှစ်ပါးမှာ ကိုယ်သွားမယ့်လမ်းကို ကောင်းကောင်းသိမြင်သွားရမယ်၊ လူတစ်ယောက်နဲ့တစ်ယောက် စကားပြောတဲ့အခါ အမှန်ကိုပြောမယ်၊ ချစ်ခြင်းမေတ္တာနဲ့ပြောမယ်၊ ချိုသာစွာ ပြောမယ်၊ ချောက်တွန်းတာ၊ အော်တာ၊ ဆဲတာ မလုပ်ဘူး။ မှန်ကန်စွာ အသက်မွေးဝမ်းကျောင်း ပြုမယ်၊ ကိုယ်လုပ်တဲ့ အလုပ်ကိုသေချာသတိထားပြီး အာရုံစူးစိုက်လုပ်ဆောင်မယ် . . ကိုယ်နေထိုင်သွားလာလှုပ်ရှား အလုပ်တွေ လုပ်နေတာကို သတိနဲ့မှတ်ပြီး လုပ်ဆောင်နေတာက တရားကျင့်နေတာပါပဲ။ ရိပ်သာသွားရင်လည်း တရား ကျင့်တာဖြစ်သလို ကိုယ်ဘယ်နေရာပဲရောက်ရောက် ကိုယ်လုပ်တဲ့ အလုပ်၊ ကိုယ်တွေးတဲ့ အတွေးတွေမှာ သတိရှိနေတာကလည်း တရားကျင့်နေတာပါပဲ။

မသေခင်မှာ ကိုယ်လုပ်ရမယ့်အလုပ်တွေကို
ကျန်းမာ၊ ပျော်ရွှင်၊ အောင်မြင်၊ ငြိမ်းချမ်းစွာနဲ့
အကောင်းဆုံးလုပ်သွားမယ်ဆိုရင် ဒီလူတစ်ယောက် ဒီကမ္ဘာပေါ်မှာ ရှိခဲ့ပါလား၊ ဒီလူဟာ ဒီကမ္ဘာပေါ်မှာ
သူတတ်နိုင်သလောက် အလှဆင်သွားခဲ့ပါလား ဆိုတာ သက်သေကျန်ခဲ့မှာပါ . . .

အဲဒီနောက်ပိုင်း သူက လာပြောတယ်။

“သမီးနေတတ်သွားပြီဆရာ၊ လူနာတွေနဲ့ ချိုချိုသာသာ စကားပြောတယ်၊ ဘယ်သူကလာပြီး ဆူဆူ စိတ်မညစ်တော့ဘူး၊ တရားနဲ့ နေတတ်သွားပြီ”တဲ့။
အရင်တုန်းက ဖြစ်ခဲ့တာတွေကို မျိုးစုံပြန်စဉ်းစားပြီး စိတ်ညစ်မယ်၊ မဖြစ်လာသေးတာတွေကို ပူပင်မယ်၊ အဲဒီလိုဆိုရင် စိတ်က မပျော်တော့ဘူး။ ပြီးခဲ့တာတွေဆိုတာ ဘာမှ မတတ်နိုင်တော့ဘူး။ မဖြစ်လာသေးတာကို ကြိုပူတယ်ဆိုတာ ပိုက်ဆံမချေးရသေးဘဲ အတိုးတွေအရင်ပေးနေရတာနဲ့ တူပါတယ်။အခု ပစ္စုပ္ပန်ကာလမှာပဲ ကောင်းတဲ့အလုပ်ကို အာရုံစိုက်ပြီး သတိနဲ့ သေသေချာချာလုပ်လိုက်ပါ. . တစ်ခါတုန်းကပုဏ္ဏားကြီးက မြတ်စွာဘုရားကို မေးတယ်။

“အရှင်ဘုရားရဲ့ ရဟန်းတွေက တစ်နေ့မှ ဆွမ်းတစ်နပ်ပဲ ဘုန်းပေးတယ်၊ အဝတ်အစားကို သင်္ကန်းတစ်စုံပဲ ဝတ်တယ်၊ ဒါပေမဲ့ ကြည့်လိုက်ရင် မျက်နှာတွေက ကြည်လင်နေတာ ဘာကြောင့်ပါလဲ ဘုရား”

သူ အပါအဝင် ရဟန်းတွေအားလုံးက အတိတ်ကိုလည်း မစိုးရိမ်ဘူး၊ အနာဂတ်ကိုလည်း မတောင့်တဘူး၊ ပစ္စုပ္ပန်တည့်တည့်လေးကိုပဲ ကြည့်ပြီး ချမ်းသာစွာနေပါတယ်တဲ့။ ဒါကြောင့် မျက်နှာတွေက အေးချမ်းပြီး ကြည်လင်နေတာ ဖြစ်ပါတယ်။

လူမိုက်တွေကသာ အတိတ်ကို ပူဆွေးတယ်၊ အနာဂတ်ကိုပူပင်တယ်၊ ဒါကြောင့် လူတိုင်းလူတိုင်းက ဘဝမှာ ဘယ်လိုနေသင့်သလဲဆိုတဲ့ ပစ္စုပ္ပန်တည့်တည့်လေးမှာ အကောင်းဆုံးစိတ်ထားလေးနဲ့ သင့်တင့်စွာ နှလုံးသွင်းပြီး နေထိုင်တာက အကောင်းဆုံး ဘဝနေနည်းပဲ ဖြစ်ပါတယ်။

အဖိုးတန်တဲ့ လူတစ်ယောက်ရဲ့ ဘဝနေနည်းက စိတ်ထားတတ်ဖို့လည်း ပါပါတယ်။ ဒါကြောင့် ကျွန်တော်တို့တစ်တွေက မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာနဲ့ နေရပါမယ်။ လောကကြီးမှာ ဘာပဲ ကြုံကြုံ ကြုံလာတဲ့အရာတိုင်းကို ဒီလေးချက်ထဲက တစ်ခုခုနဲ့ ရင်ဆိုင်ဖို့ပါပဲ။

မေတ္တာနဲ့ကြည့်လိုက်ရင် အားလုံးက ချစ်ခင်စရာပါ။

ကရုဏာနဲ့ ကြည့်လိုက်ရင် အားလုံးက ကြင်နာစရာ သနားစရာပါ။

မုဒိတာ အမြင်နဲ့ ကြည့်လိုက်ရင် ဂုဏ်ယူစရာပါ။

ဥပေက္ခာဆိုတာ နည်းနည်းနားလည်မှု လွဲနိုင်ပါတယ်။ တစ်ခါတလေ အမေက သားသမီးတွေကို စိတ်ဆိုးရင် “နင်တို့ကို ဥပေက္ခာပြုလိုက်တော့မယ်၊ ဖြစ်ချင်ရာ ဖြစ် ဂရုမစိုက်တော့ဘူး”ဆိုပြီး ပြောတတ်ကြတယ်။ သူတို့က ဒါကို ဥပေက္ခာလို့ ထင်နေတာ၊ တကယ်တော့ အဲဒီလိုမဟုတ်ပါဘူး။ ဥပေက္ခာဆိုတာ ဥပမာ ကျွန်တော်လူနာတစ်ယောက်ကို ဆေးကုတော့မယ်ဆိုရင် မကုခင် ချစ်ခြင်းမေတ္တာနဲ့ ပျောက်အောင် ငါကုမယ်၊ ကုနေစဉ်မှာ သနားဂရုဏာသက်ပြီးကုမယ်၊ ကုပြီးရောဂါပျောက်သွားရင် ဝမ်းသာမယ်၊ တစ်ခါတလေ ကင်ဆာလို ရောဂါမျိုးကြောင့် ကွယ်လွန်သွားခဲ့ရင် ဝမ်းနည်းနေမှာလား။ ကောင်းကျိုးလုပ် လိုက်ပေမယ့်ကောင်းတာ ဖြစ်ချင်မှ ဖြစ်တာ၊ လူတစ်ယောက်မှာ သူ့ကံကြမ္မာဆိုတာ ရှိသေးတဲ့အတွက် “ငါအကောင်းဆုံး လုပ်ပေးပြီးသွားပြီ၊ ဖြစ်မလာတာ ငါနဲ့ မဆိုင်တော့ဘူး၊ ကံတရားပဲ”လို့ ဥပေက္ခာ ထားနိုင်ရပါမယ်။

ဘဝဆိုတာ အဖိုးတန်ပါတယ်။ အဖိုးတန်တဲ့ ဘဝမှာ ငါ့ဘဝက တခြားသူနဲ့ ယှဉ်လိုက်ရင် အလကားပဲ၊ သူတို့ဘဝက ကောင်းလိုက်တာ၊ ငါ့ဘဝကတော့ ဒုက္ခတွေနဲ့ အကျည်းတန်တယ်လို့ တချို့က ထင်တတ်ကြပါတယ်။ ဒါက လုံးဝ မှားပါတယ်။ အပင်မြင့်မှာ ပေါက်နေတဲ့ သဇင်ပန်းနဲ့ လမ်းဘေးမှာ ပွင့်ကြွေကျနေတဲ့ ခရေပန်း . . ဘယ်ဟာက ပိုအဖိုး တန်တယ်လို့ အကဲဖြတ်လို့ မရပါဘူး။ ခရေပန်းကို မြတ်နိုးစွာနဲ့ ကောက်ယူပြီး ဘုရားတင်တဲ့သူလည်း ရှိတာပါပဲ။ ဒါကြောင့် လောကမှာရှိတဲ့ အရာတိုင်းက အလှကိုယ်စီ ရှိကြပါတယ်။ ဝန်တိုမှုကပဲ မလှတာပါ။ သူများတွေရဲ့ အလှကို မနာလိုဝန်တိုနေတဲ့စိတ်ကပဲ မလှတာပါ။

တိုက်ကြီးတာကြီး၊ ကားကြီးနဲ့ နေရမှ ဘဝက အကောင်းဆုံးဆိုတာ မဟုတ်ပါဘူး။အကောင်းဆုံး ဘဝဆိုတာ ကျန်းမာရမယ်၊ ပျော်ရွှင်ရမယ်၊ အောင်မြင်ရမယ်၊ ငြိမ်းချမ်းရမယ် . . ဒါဆိုရင် ကိုယ်ရဲ့ ဘဝက အလှဆုံး ဖြစ်သွားပါပြီ။ မသေခင်မှာ ကိုယ်လုပ်ရမယ့် အလုပ်တွေကို ကျန်းမာ၊ ပျော်ရွှင်၊ အောင်မြင်၊ ငြိမ်းချမ်းစွာနဲ့ အကောင်းဆုံးလုပ်သွားမယ်ဆိုရင် ဒီလူတစ်ယောက် ဒီကမ္ဘာပေါ်မှာရှိခဲ့ပါလား၊ ဒီလူဟာ ဒီကမ္ဘာပေါ်မှာ သူတတ်နိုင်သလောက် အလှဆင် သွားခဲ့ပါလားဆိုတာ သက်သေကျန်ခဲ့မှာပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top