Healthy Life Ad
Life Style

အားဆေးသောက်ခြင်းနှင့် ပတ်သက်ပြီး လူအများ သိလိုသည့် မေးခွန်းများ

ပါမောက္ခဒေါက်တာဦးကိုကို (ဆီးချိုနှင့်အထွေထွေရောဂါအထူးကု)နှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး။ ။ အားဆေးကို ဘယ်လိုအခါတွေမှာ သောက်သင့်ပါသလဲ ဆရာ။
ဖြေ။ ။ ဆရာတို့ကတော့ အားဆေးပေးပြီဆိုရင် လိုအပ်သလို လိုအပ်တဲ့ ဆေးကိုသာပေးပါတယ်။ အားဆေးတိုင်းလိုလိုမှာ ပါဝင်တဲ့ ဗီတာမင်တွေက အတူတူတွေ ဖြစ်တာများပါတယ်။ ကလေးတွေ အတွက်ဆိုရင် ထမင်းစားကောင်းစေတဲ့ Lyscine ဓာတ်ပါတဲ့ ဆေးတွေရှိတယ်။ နောက်ပြီး အိပ်မပျော်တဲ့ သူတွေအတွက် အိပ်ပျော်စေတဲ့ဆေးတွေ သက်သက်ရှိတယ်။ နှလုံးအတွက် လိုအပ်တဲ့ ဓာတ်တစ်မျိုးချင်းစီအတွက် သက်သက်ထုတ်လုပ်ထားတာတွေ ရှိပါတယ်။ အဲဒါတွေကတော့ လိုအပ်မှသာ ဆရာဝန်တွေက သောက်ဖို့ ညွှန်ကြားမှာပါ။

မေး။ ။ ကျန်းမာနေတဲ့ လူတွေအနေနဲ့ အားဆေး သောက်ဖို့ လိုအပ်ပါသလား ဆရာ။
ဖြေ။ ။ အားဆေးသောက်ဖို့ လိုသလားလို့ မေးလာရင် တကယ်လို့ အစားအစာကို ညီမျှအောင် စားသောက်နေရင် မလိုဘူးလို့ပြောရမှာပါ။ ဆရာတို့နိုင်ငံက အားဆေးကို ပဲကြီးလှော်စားနေသလို မှီဝဲနေကြတာကို တွေ့ရပါတယ်။ အစားအစာကို ကာဗိုဟိုက်ဒရိတ်၊ ပရိုတင်း၊ အဆီ၊ အသား၊ ဟင်းသီးဟင်းရွက်မျိုးစုံတို့ကို မျှမျှတတစားနေရင် မလိုပါဘူး။ လိုအပ်တဲ့ ဗီတာမင်အားလုံးက အစားအသောက်ထဲမှာပါပြီးသားပါ။ အဲဒီလိုမျှတညီညွတ်အောင် မစားနိုင်တော့တဲ့ သက်ကြီးရွယ်အိုတွေ၊ အစားအစာကို ရွေးစားနေရ တဲ့သူတွေမှာသာ အားဆေးလိုအပ်ပါတယ်။ အခုက ကလေးငယ်ငယ်လေးတွေကစပြီး ဗီတာမင်တွေ မျိုးစုံသောက်နေကြတာတော့ မဟုတ်သေးပါဘူး။ ကလေးက ဖျားတယ်၊ နာတယ်၊ အားမရှိဘူး၊ နည်းနည်းလေး ဗီတာမင်ချို့ယွင်းနေတယ် ဆိုရင်တော့ တိုက်သင့်ပါတယ်။ တချို့တွေမှာ ကလေးမွေးပြီး မိရိုးဖလာအရ ဟိုဟာ မစားရဘူး၊ ဒီဟာ မစားရဘူးဆိုပြီး အစားတွေရှောင်နေတဲ့အတွက် ဗီတာမင် B1 ဓာတ်ချို့ယွင်းတတ်ပါတယ်။ အဲဒီလိုအခြေအနေတွေမှာတော့ ဗီတာမင် B1 ဓာတ်ပါတဲ့ဗီတာ မင်ဆေးတွေ တိုက်ဖို့ လိုပါတယ်။ အခုနောက်ပိုင်းမှာ ဗီတာမင်ဒီက ခေတ်စားနေပါတယ်။ ဗီတာမင်ဒီနည်းရင် ဆီးချိုဖြစ်စေတယ်လို့ဆိုကြပါတယ်။ ဒါပေမဲ့ အဓိက ဆရာပြောချင်တာကတော့ အစားအစာကိုသာ ပြည့်ဝမျှတအောင် စားနေနိုင်ရင်တော့ ဒီဆေးတွေ သောက်နေဖို့ မလိုအပ်ပါဘူး။

မေး။ ။ တချို့က အားဆေးကို စွဲသောက်လေ့ရှိပါတယ်။ အဲဒါကရော လုပ်သင့်ပါသလား ဆရာ။
ဖြေ။ ။ အားဆေးကို အမြဲတမ်း စွဲသောက်နေလို့ ဖြစ်လား ဆိုရင်တော့ တန်ဆေးလွန်ဘေး ဆိုတာတော့ရှိပါတယ်။ လိုအပ်တာထက် ပိုမသောက်သင့်ပါဘူး။ အားဆေးတွေကို လေးငါးမျိုးလည်း တွဲပြီးသောက်နေဖို့ မလိုပါဘူး။

မေး။ ။ အားဆေးအမျိုးမျိုးရှိတဲ့အထဲမှာ ဘယ်အားဆေးက အကောင်းဆုံးလဲ ဆရာ။
ဖြေ။ ။ ဘယ်အားဆေးက အကောင်းဆုံးလဲလို့တော့ ပြောလို့မရပါဘူး။ တစ်ယောက်နဲ့ တစ်ယောက်မှာပြတဲ့ အာနိသင်ချင်း မတူကြပါဘူး။ တချို့ဆေးတွေက လူတစ်ရာမှာ ၈၀ လောက်က အဆင်ပြေတယ်၊ ကောင်းတယ်ဆိုရင်တော့ အဲလိုဆေးမျိုးလေးကို ညွှန်ပေးလိုက်တာတော့ရှိပါတယ်။ တချို့ကတော့ အဲဒီ့ ဆေးနဲ့အဆင်မပြေဘူး၊ နောက်တစ်မျိုးလေး ပြောင်းသောက်မှ ပိုကောင်းပါတယ်ဆိုတာလည်း ရှိပါတယ်။ ဘယ်အသက်အရွယ်မှာ သောက်သင့်တယ်ဆိုတာလည်း မရှိပါဘူး။ တချို့လူတွေမှာ အသက် ၇၀ ကျော် ၈၀နှစ်နီးပါးဖြစ်နေပေမယ့် အစားကလည်း စားနေနိုင်တုန်းပဲ၊ ကျန်းကျန်းမာမာ သန်သန်စွမ်းစွမ်း ရှိနေတုန်းဆိုရင် အားဆေးတွေ သောက်ဖို့ မလိုအပ်ပါဘူး။

မေး။ ။ အားဆေးနဲ့ ပတ်သက်ပြီး လူနာတွေက ဘယ်လို မေးခွန်းတွေကို အမေးများပါသလဲ ဆရာ။
ဖြေ။ ။ လူနာအများစု မေးလေ့ရှိတာက မြန်မာအားဆေးနဲ့ တွဲသောက်လို့ရ၊ မရ ဆိုတာပါ။ ဒါကိုတော့ ဆရာတို့ မပြောတတ်ပါဘူး။ မြန်မာအားဆေးတွေထဲမှာ ဘာတွေထည့်ထားသလဲ၊ ဘယ်လိုအခြေအနေရှိလဲဆိုတာကို ဆရာတို့ သေချာမသိပါဘူး။

မေး။ ။ အားနည်းတိုင်း အားဆေး သောက်သင့်ပါသလား ဆရာ။
ဖြေ။ ။ အားနည်းတယ်ဆိုတာလည်း မျိုးစုံရှိပါတယ်။ တချို့က စိတ်ပိုင်းဆိုင်ရာ အခြေအနေအရ အားနည်းနေတယ်လို့ ခံစားနေရတာလည်း ရှိပါတယ်။ ခန္ဓာကိုယ်က တကယ်ဓာတ်တွေ လိုမနေဘူးဆိုရင် သောက်ဖို့ မလိုအပ်ပါဘူး။ ဆေးနှစ်မျိုး၊ သုံးမျိုးတွဲသောက်ဖို့တော့ မသင့်ပါဘူး။ အားဆေးတွေမှာ အများအားဖြင့်တော့ အခြေခံပါဝင်တဲ့ ဓာတ်တွေက အတူတူတွေပါပဲ။ တချို့ဗီတာမင်တွေက လိုတာထက်ပိုပြီး သောက်လို့ မကောင်းတာတွေရှိပါတယ်။ ဥပမာ- ဗီတာမင်အေဓာတ်က လိုအပ်တာထက် များသွားတယ်ဆိုရင် အဆိပ်သင့်တတ်ပါတယ်။ ဒါကြောင့် လိုအပ်သလောက်ပဲသောက်တာ ကောင်းပါတယ်။ အသက် ၅၀ ကျော်တာနဲ့ အားဆေးတွေ သောက်သင့်တယ်လို့လည်း မရှိပါဘူး။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top