Healthy Life Ad
Child

မိုးရာသီတွင် အဖြစ်များသည့် ရောဂါများ

ပါမောက္ခဒေါက်တာဦးကိုကို (ဆီးချိုနှင့် အထွေထွေရောဂါအထူးကု)နှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး။ ။ မိုးရာသီမှာ ဘယ်လိုရောဂါတွေ အဖြစ်များတတ်ပါသလဲ ဆရာ။
ဖြေ။ ။ သွေးလွန်တုပ်ကွေး၊ တုပ်ကွေးနဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါတွေ အဖြစ်များပါတယ်။

မေး။ ။ သွေးလွန်တုပ်ကွေးရောဂါနဲ့ ပတ်သက်ပြီး သိထားသင့်တဲ့ အချက်တွေကို ပြောပြပေးပါ ဆရာ။
ဖြေ။ ။ သွေးလွန်တုပ်ကွေးကတော့ ခြင်ကျားကိုက်လို့ ဖြစ်တာပါ။ ကလေးတွေ သွေးလွန်တုပ်ကွေးဖြစ်ရင် အသက်အန္တရာယ်ရှိပါတယ်။ ဒါကြောင့် အဖျား ၁၀၃၊ ၁၀၄၊ ၁၀၅ လောက်ရှိပြီဆိုရင် စိုးရိမ်ရပါတယ်။ ကလေးတွေမှာ သွေးလွန်တုပ်ကွေးနဲ့ တုပ်ကွေးကလည်း ရောနိုင်ပါတယ်။ သွေးလွန်တုပ်ကွေးနဲ့ တုပ်ကွေးက အဖျားကြီးတာချင်းတူပါတယ်။ ဒါပေမဲ့ သွေးလွန်တုပ်ကွေးဖြစ်ရင် နှာစေးတာ၊ ချောင်းဆိုးတာ၊ လည်ချောင်းနာတာ သိပ်မဖြစ်ပါဘူး။ အသည်းနည်းနည်းကြီးတတ်ပါတယ်။ လည်ပင်းအကျိတ်လည်း ဖြစ်တတ်ပါတယ်။ မှိန်းတတ်ပါတယ်။ အညို ရောင် အန်တတ်ပါတယ်။ သေချာချင်ရင် သွေးဖောက် စစ်ကြည့်လို့ ရပါတယ်။

သတိထားစေချင်တာက ကလေးတွေပဲ သွေးလွန်တုပ်ကွေးဖြစ်တယ်ဆိုပြီး လူကြီးတွေက ကိုယ့်ဘာသာတုပ်ကွေးထင်ပြီး ကျိတ်ကုနေတာမျိုး မလုပ်ဖို့ အရေးကြီးပါတယ်။ အဖျားတက်ပြီး အဖျားကလည်း နှစ်ရက်- သုံးရက်လောက် ကြာတဲ့အထိ မကျဘူးဆိုရင် ဆေးမြီးတိုတွေနဲ့ ကုမနေပါနဲ့၊ သက်ဆိုင်ရာကျွမ်းကျင်တဲ့ ဆရာဝန်တွေနဲ့ အမြန်ဆုံးပြကြပါလို့ တိုက်တွန်းလိုပါတယ်။

မေး။ ။ သွေးလွန်တုပ်ကွေးမဖြစ်အောင် ဘယ်လိုကာကွယ်သင့်ပါသလဲ ဆရာ။
ဖြေ။ ။ အိမ်အနားတစ်ဝိုက်မှာ ရေတိုင်ကီတွေကို ဖုံးထားတာမျိုး၊ ရေတွေကိုစစ်ပေးတာမျိုး၊ မသုံးတော့တဲ့ ရေအကြွင်းအကျန်တွေကို သွန်ပစ်တာမျိုး လုပ်ပေးရပါမယ်။ ကလေးတွေကို ညနေနေဝင်ဖျိုးဖျအချိန်မှာ ခြင်မကိုက်အောင် ခြင်ကင်းစင်စေတဲ့ လိမ်းဆေးတွေ လိမ်းပေးတာ၊ လက်ရှည်အင်္ကျီ၊ ဘောင်းဘီရှည်ဝတ်ပေးတာ၊ ဘယ်အချိန်အိပ်အိပ် ဆေးစိမ်ခြင်ထောင် ထောင်တာနဲ့ခြင်လုံခန်းထဲမှာ နေစေတာတို့ လုပ်ဆောင် ပေးရပါမယ်။

မေ။ ။ တုပ်ကွေးအကြောင်းကိုလည်း သိပါရစေဆရာ။
ဖြေ။ ။ နှာစေးတာ၊ ချောင်းဆိုးတာ၊ လည်ချောင်းနာတာတွေဖြစ်ပြီး အဖျားက လေး- ငါးရက်အထိ မကျဘူးဆိုရင် တုပ်ကွေးဗိုင်းရပ်စ်ဝင်တဲ့ လက္ခဏာတွေပါ။ တုပ်ကွေးက အသက်အရွယ်မရွေး အဖြစ်များပါတယ်။ တုပ်ကွေးက လူလတ်ပိုင်းတွေမှာလည်း အဖြစ်များပါတယ်။ အသက်ငယ်လွန်းတဲ့ ကလေးတွေ၊ အသက်ကြီးတဲ့သူတွေ တုပ်ကွေးဖျားရင် စိုးရိမ်ရပါတယ်။ ပြီးတော့ ခုခံအားကျဆင်းတဲ့ ရောဂါရှိသူတွေ၊ ကင်ဆာ၊ နာတာရှည် အဆုတ်ပွရောဂါနဲ့ ဆီးချိုရောဂါရှိသူတွေမှာ တုပ်ကွေးဖြစ်ရင် အထူးဂရုစိုက်ရပါတယ်။ တုပ်ကွေးဖြစ်ပြီးချိန်မှာ နောက်ဆက်တွဲဝေဒနာတွေ ရတတ်ပါတယ်။

သတိထားစေချင်တာက ကလေးတွေပဲ သွေးလွန်တုပ်ကွေး ဖြစ်တယ်ဆိုပြီး လူကြီးတွေက ကိုယ့်ဘာသာ တုပ်ကွေးထင်ပြီး ကျိတ်ကုနေတာမျိုးမလုပ်ဖို့ အရေးကြီးပါတယ်။အဖျားတက်ပြီး အဖျားကလည်း နှစ်ရက်-သုံးရက်လောက် ကြာတဲ့အထိ မကျဘူးဆိုရင် ဆေးမြီးတိုတွေနဲ့ ကုမနေပါနဲ့၊ သက်ဆိုင်ရာ ကျွမ်းကျင်တဲ့ ဆရာဝန်တွေနဲ့ အမြန်ဆုံးပြကြပါ . . .

မေး။ ။ တုပ်ကွေးဖြစ်နေချိန် တခြားသူကို မကူးစက်အောင် ဘယ်လို ကာကွယ်သင့်ပါသလဲ ဆရာ။
ဖြေ။ ။ တုပ်ကွေးဖျားနေသူတွေ ချောင်းဆိုးတာ၊ နှာချေတာတွေ လုပ်တဲ့အခါ လေထဲမှာ ဗိုင်းရပ်စ်ပိုးက ပြန့်သွားပါတယ်။ အဲဒီဗိုင်းရပ်စ်ပါတဲ့ လေကို ရှူရှိုက်မိတဲ့အခါ ကိုယ်ခံစွမ်းအား မကောင်းရင် တုပ်ကွေးက ကူးစက်တတ်ပါတယ်။ ဒါကြောင့် တုပ်ကွေးဖြစ်နေသူတွေအနေနဲ့ ချောင်းဆိုးတဲ့အခါ လက်ကိုင်ပဝါလေးအုပ်ပြီး ဆိုးပါ၊ ဒါမှမဟုတ် တစ်သျှူးလေးကာပြီး ဆိုးပါ၊ ဘယ်လိုမှ မဖြစ်နိုင်ရင် ချောင်းဆိုး၊ နှာချေတဲ့အခါ လက်နဲ့ ကာလိုက်ပါ. . . ပြီးရင် အဲဒီလက်နဲ့ ဘာပစ္စည်းမှ မထိတွေ့ရသေးခင် လက်ကို အမြန်ဆုံး ဆေးကြောလိုက်ပါလို့ မှာချင်ပါတယ်။ တုပ်ကွေး ကွေးနေတဲ့အချိန်မှာဖြစ်နိုင်ရင် လူစည်ကားတဲ့အရပ် ဒေသတွေကို မသွားသင့်ပါဘူး။ ဒါမှ သူများကို ကူးစက်နှုန်းလျော့နည်းမှာ ဖြစ်ပါတယ်။

မေး။ ။ မိုးရာသီမှာ အအေးမိဝေဒနာ မရအောင် ဘယ်လိုကာကွယ်သင့်ပါသလဲ ဆရာ။
ဖြေ။ ။ အအေးမိ ဝေဒနာမရစေဖို့ဆိုရင် မိုးမမိအောင် နေဖို့ အရေးကြီးပါတယ်။ တကယ်လို့ မဖြစ်မနေ မိုးရေထဲ သွားလာရပြီဆိုရင် ပြန်ရောက်ရောက်ချင်း မိုးရေစိုနေတဲ့ အဝတ်တွေကို ချက်ချင်းလဲပစ်ရပါမယ်၊ ဆံပင်တွေနဲ့ ကိုယ်၊ လက်တွေ ရေစိုနေရင် ချက်ချင်းသုတ်ရပါမယ်၊ ခြောက်သွေ့အောင်နေပြီးတော့ ရေနွေးကြမ်းပူပူ၊ ကော်ဖီပူပူ သောက်ပြီး နွေးနွေးထွေးထွေး နေရပါမယ်။ အအေးမိတဲ့အခါ ချမ်းတုန်တာ၊ နှာစေးတာ၊ ညောင်းညာတာစတဲ့ ဝေဒနာတွေ ဖြစ် တတ်လို့ အနားယူပေးရပါမယ်။

မေး။ ။ အအေးမိတာနဲ့ တုပ်ကွေးကွေးတာ ဘယ်လိုကွာခြားချက်ရှိပါသလဲ ဆရာ။
ဖြေ။ ။ တုပ်ကွေးဖြစ်ရင် ကူးစက်ပိုးဝင်တာဖြစ်တဲ့အတွက် ဖျားနာတာ၊ အဆစ်အမျက် ကိုက်ခဲနာကျင်တာ၊ နှာစေးတာ၊ ချောင်းဆိုးတာ၊ အားနည်းတာစတဲ့ ဝေဒနာတွေ ဖြစ်တတ်ပါတယ်။ အဖျားကလည်း လေး-ငါးရက်အထိ မကျတတ်ပါဘူး။

မေး။ ။ အအေးမိတာနဲ့ တုပ်ကွေးဖျားတာတို့ အမြန်ဆုံးသက်သာအောင် ဘယ်လို နေထိုင်သင့်ပါသလဲဆရာ။
ဖြေ။ ။ အဓိကအားဖြင့် ဒီအချိန်မှာ ထမင်းစားချင်စိတ် လျော့နည်းနေတတ်ပါတယ်။ အဲဒီအခါ သစ်သီးဖျော်ရည်၊ စွပ်ပြုတ်၊ ရေစတဲ့ အရည်တွေများများ သောက်ပေးရပါမယ်။ ပြီးတော့ အကိုက်အခဲပျောက်ဆေး၊ နှာစေးပျောက်ဆေးတွေ မှီဝဲထားသင့်ပါတယ်။

မေး။ ။ မိုးတွင်းကာလမှာ အဖြစ်များတဲ့ ဝမ်းပျက်ဝမ်းလျှော အကြောင်းကိုလည်း ပြောပြပေးပါဦး ဆရာ။
ဖြေ။ ။ ဝမ်းပျက်ဝမ်းလျှောဖြစ်တာက အဓိကကတော့ ယင်နားတဲ့ လမ်းဘေးအစားအသောက်တွေ စားသောက်မိလို့ပါ။ မိုးရာသီမှာ ယင်တွေကလည်း ပေါပါတယ်။ ဒီအချိန်မှာ ယင်နားစာတွေ အစားများပြီး ဝမ်းပျက်ဝမ်းလျှောတွေ ဖြစ်တတ်ကြပါတယ်။ ဝမ်းလျှောပြီဆိုရင် အရည်တွေ သွားပါတယ်။ ပုံမှန် ဝမ်းငါးခါလောက်သွားတာကို ဝမ်းပျက်တယ်လို့ မခေါ်ပါဘူး။ ဝမ်းအရည်တွေ ချည်းသွားတာကို ဝမ်းပျက်တယ်လို့ ခေါ်ပါတယ်။ ဝမ်းသွားတဲ့ ပမာဏနဲ့ အကြိမ်ရေအပေါ်မူတည်ပြီး ရေဓာတ်ခမ်းခြောက်မှု ရှိပါတယ်။ အဲဒီမှာ နည်းနည်း၊ အသင့်အတင့်နဲ့ အလွန်အမင်းဆိုပြီး အဆင့်သုံးဆင့် ခွဲခြားထားပါတယ်။

ရေဓာတ်ခမ်းခြောက်မှုက နည်းနည်းပဲဆိုရင် ဓာတ်ဆားရည်သောက်ပေးရပါမယ်။ ရေဓာတ်ခမ်းခြောက်တာက သိပ်ဆိုးလာပြီဆိုရင် နုံးတယ်၊ မလှုပ်နိုင်ဘူး၊ သွေးပေါင်က ၉၀-၆၀ အောက်ပြုတ်ကျတတ်ပါတယ်။ ဒီလိုအခြေအနေဆိုရင် အမြန်ဆုံး ရေဓာတ်ကို ပြန်လည်ဖြည့်တင်းပေးဖို့ လိုအပ်တဲ့အတွက် မပေါ့ဆဖို့ လိုပါတယ်။ ဝမ်းပျက်ဝမ်းလျှော ရောဂါကြောင့် အလွန်အမင်း ရေဓာတ်ခမ်းခြောက် ရာက အသက်အန္တရာယ် ရှိတတ်ပါတယ်။

မေး။ ။ ဝမ်းပျက်ဝမ်းလျှောရောဂါမဖြစ်အောင် ဘယ်လို ကာကွယ်သင့်ပါသလဲ ဆရာ။
ဖြေ။ ။ အဓိကက ယင်နားစာကို မစားဖို့၊ အမှည့်လွန် သစ်သီးတွေ မစားဖို့၊ အစားအသောက် ရောင်းချတဲ့ သူတွေအနေနဲ့လည်း ကိုယ်ရောင်းချတဲ့ အစားအသောက်က တတ်နိုင်သမျှ သန့်ရှင်းလတ်ဆတ်နေအောင် ဂရုစိုက်ဖို့၊ ယင်မနားအောင် ကာကွယ်ဖို့ အရေးကြီးပါတယ်။

မေး။ ။ မိုးတွင်းကာလမှာ မကြာခဏ နာမကျန်းဖြစ်တတ်သူတွေကို ဘာပညာပေးလိုပါသလဲ ဆရာ။
ဖြေ။ ။ တချို့လူတွေက ကျန်းမာပြီး ခံနိုင်ရည်ရှိပေမယ့် တချို့က ဖျားနာလွယ်ပါတယ်။ ဒါက ခန္ဓာကိုယ်ရဲ့ ခုခံစွမ်းအားစနစ်နဲ့ ဆိုင်ပါတယ်။ ဒါကြောင့် မိုးတွင်းမှာ တုပ်ကွေးနဲ့ အအေးမိဝေဒနာမရအောင် Healthy Life Style လို့ ခေါ်တဲ့ ကောင်းကောင်းစား၊ ကောင်းကောင်းနေ၊ ကောင်းကောင်းအိပ်တဲ့ နည်းလမ်းကို လိုက်နာသင့်ပါတယ်။

[Unicode]
Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top