Healthy Life Ad
Life Style

နန်းဆုရတီစိုး၏ ကျန်းမာလှပလူမှုဘဝ


လတ်တလောအနုပညာ ဆောင်ရွက်မှု …
အခုလက်ရှိမှာ EDM Music သီချင်းဖန်တီးမှုတွေပိုပြီး အားစိုက်ဖြစ်နေပါတယ်။ ရိုက်ကူးရေးတွေ၊ ပွဲတက်တွေမှာတော့ သိပ်မလုပ်ဖြစ်သေးပါဘူး။ နန်းဆုက မိုးတွင်းကာလဆိုရင် ကျောင်းတက်၊ သင်တန်းတက်တာ ပိုပြီးဦးစားပေးဖြစ်တယ်။

ကျန်းမာရေးစောင့်ရှောက်မှုပုံစံ …
အတတ်နိုင်ဆုံးတော့ အားကစားလုပ်ဖြစ်ပါတယ်။ တစ်ခါတလေ အိမ်နေရင်း ယောဂကျင့်တယ်။ ပြီးတော့ နန်းဆုက သွားလာလှုပ်ရှားနေရတော့ ချွေးထွက်တယ်။ အအေးမပပ်အောင် ဂရုစိုက်ရတယ်။ အခုမိုးတွင်းမှာက အပြင်သွားရင်း မိုးမိပြီး အအေးပတ်တော့ နှာစေးချောင်းဆိုးတာမျိုးတော့ ဖြစ်တတ်တယ်။ ကြိုတင်ကာကွယ်မှု တွေတော့ သိပ်မလုပ်ဖြစ်ပါဘူး။ နန်းဆုက ချူချာတဲ့အထဲမှာတော့ မပါဘူး။

သွားလေရာမှာ ဆေးဝါးတွေ ယူဆောင်သွားဖြစ် …
ရိုက်ကူးရေးဖြစ်ဖြစ်၊ အလုပ်ကိစ္စပဲဖြစ်ဖြစ်၊ ခရီးဝေးဝေး၊ နီးနီး ကျန်းမာရေးနဲ့ပတ်သက်ပြီး ဆေးဝါးတွေ ယူဆောင်သွားတယ်။ အဓိက နယ်ဝေးခရီးဝေးတွေသွားဖြစ်ရင် အစားအသောက်က ပြောင်းလဲမှုရှိတတ်တော့ အစာအိမ်နဲ့ ပတ်သက်တဲ့ ဆေးဝါးတွေယူဆောင်သွားတာများတယ်။ အပူအအေး မမျှတမျိုးတွေရှိတော့ ဆင်ခြင်ဂရုစိုက်ဖြစ်တယ်။


ကျန်းမာရေးအသိပညာကို အွန်လိုင်းပေါ်က ရှာဖွေလေ့လာတာများ …
ကျန်းမာရေးဗဟုသုတတွေကို သီးသန့်လေ့လာတာမျိုးတော့မရှိပါဘူး။ Facebook သုံးရင် ကျန်းမာရေး ဗဟုသုတစာပေတွေကို မှတ်သား ထားတာမျိုးတော့ရှိပါတယ်။ တစ်ခါတလေ ကျန်းမာရေးဂျာနယ်မဂ္ဂဇင်းတွေမှာလည်း ဖတ်ဖြစ်ပါတယ်။

အသံရဲ့ကျန်းမာရေးအတွက် ရေခဲရေလုံးဝမသောက်ဖြစ် …
နန်းဆုက သီချင်းဆိုခါနီးဆို အဆီပါတဲ့အစားအစာ ရေခဲရေလုံးဝမသောက်တော့ပါဘူး။ ရေနွေးလေးပဲ သောက်ဖြစ်တယ်။ ပြီးတော့ နန်းဆုက ရေခဲရေနဲ့သိပ်မတည့်ဘူး။ အာသီးရောင်တတ်တယ်။

အဆိုပိုင်းနဲ့သရုပ်ဆောင်ကို တွဲလုပ်ရတာသဘောကျ
သရုပ်ဆောင်အလုပ်နဲ့ အဆိုပိုင်း ဘယ်ဟာက ပိုအားကောင်းလို့လုပ်တာမျိုးမရှိပါဘူး။ နှစ်ခုစလုံးက အနုပညာအလုပ်ပဲဆိုတော့ ခွဲခြားတာမျိုးမရှိဘူး။ အချိန်အားရင် အဆင်ပြေသလို လုပ်ဖြစ်ပါတယ်။


အတိုက်အခိုက်တွေကို သည်းခံတတ်လာပြီး မေတ္တာနဲ့ ပဲတုံ့ပြန်တတ် …
အတိုက်အခိုက်တွေ၊ အပြိုင်အဆိုင်တွေ၊ ကောလာဟလတွေကြောင့်တော့ စိတ်ညစ်ပြီး မဖြေရှင်းတတ်ဘူး။ စိတ်လည်း အပင်ပန်းမခံဘူး။ ကောလာဟလဆိုတာက တစ်ချိန်ကျရင်အမှန် တရားပေါ်လာမှာပဲ။ အရင်တုန်းကတော့ အတိုက်အခိုက်တွေ၊ ပြိုင်ဆိုင်မှုတွေကြောင့် စိတ်ညစ်ရတာမျိုးတော့ရှိခဲ့ဖူးတယ်။ အခုအခါမှာတော့ သည်းခံတတ်လာပြီ။ အရေခွံလည်းထူလာပြီဖြစ်တဲ့အတွက် စိတ်ညစ်ခံတာမျိုးမရှိတော့ဘူး။ လျစ်လျူရှုထားတယ်။ အဓိက မေတ္တာနဲ့ပဲတုံ့ပြန်တယ်။

ဝိတ်တက်လာရင် အစားအသောက်နဲ့ ပိုထိန်းဖြစ် …
နန်းဆုက ခရီးတွေအရမ်းထွက်ရင် ဝလာတာမျိုးရှိတယ်။ အစားအသောက်နဲ့ပဲ ပြန်ထိန်းရတယ်။ ခန္ဓာကိုယ်ဝိတ် တက်လာတာမျိုးရှိရင် တခြားဆေးဝါးတွေသုံးပြီး ဝိတ်ချတာထက် အစားအသောက်၊ အားကစားနဲ့ ထိန်းတာက ပိုကောင်းပါတယ်။

မိုးတွင်းကာလမှာ သွေးလွန်တုပ်ကွေးမဖြစ်အောင် ခြင်အန္တရာယ်ကို ကာကွယ်စေချင် …
အခုလို မိုးတွင်းမှာ အဓိက ခြင်မကိုက်အောင်လည်း ဂရုစိုက်ရတယ်။ မိုးတွင်းမှာက သွေးလွန်တုပ်ကွေးရောဂါ အဖြစ်များတော့ လူတိုင်းကို ဂရုစိုက်စေချင်တယ်။ ပြီးတော့ အစားအစာတွေကိုလည်း သန့်ရှင်းလတ်ဆတ်တဲ့ အစားအစာတွေကို ပိုစားစေချင်ပါတယ်။

ပရိသတ်တွေအတွက် မိုးတွင်းကာလမှာ နန်းဆုရဲ့ကျန်းမာရေး အကြံပြုချက် …
အဓိက အသွားအလာ ဂရုစိုက်စေချင်တယ်။ ပြီးတော့ လျှပ်စစ်တွေကြောင့် အသက်အန္တရာယ်ဖြစ်တာများတဲ့ အတွက် ဂရုစိုက်ဆင်ခြင်ပါ။ ထီးအမြဲဆောင်းထားပါ။ ကျန်းမာရေးကို အထူးဂရုစိုက်ပါလို့ ပြောချင်ပါတယ်။

Most Popular

Healthy Life Ad
To Top