Healthy Life Ad
Q & A

ကော်ရှူခြင်းနှင့် ကျန်းမာရေးဆိုးကျိုး . . .

Photo:Internet

မေး. အခုခေတ်လူငယ်တွေကြားမှာ ကော်ရှူတဲ့ အလေ့အထပျံ့နှံ့နေပါတယ်။ ကော်ရှူတာဟာ မူးယစ်ဆေးဝါး သုံးစွဲတာမျိုးတော့ မဟုတ်ဘူးလို့ထင်ပါတယ်။ ဒါပေမဲ့ ကော်ရှူတာကို ဆေးစွဲသလိုစွဲနေတဲ့ လူငယ်တွေကို တွေ့နေရပါတယ်။ ကော်ရှူတာက ကျန်းမာရေးရှုထောင့်ကနေကြည့်ရင် ဘယ်လိုဆိုးကျိုးတွေ ဖြစ်ပေါ်စေပါသလဲ။ စိတ်ကျန်းမာရေးကိုကော ဘယ်လိုသက်ရောက်မှု ရှိပါသလဲခင်ဗျာ။
ဦးတင့်ထူးအောင်၊ လသာ။

ဒေါက်တာဦးအုန်းကျော် စိတ်ကျန်းမာရေးဆရာဝန်ကြီး(အငြိမ်းစား)မှ ဖြေကြားပေးပါသည်။

ဖြေ. အငွေ့ပြန်လွယ်တဲ့ ဓာတုပစ္စည်း (Volatile Substance) အငွေ့ကို ရှူရှိုက်တဲ့အကျင့်ကို ဓာတ်ငွေ့ရှူခြင်းလို့ ခေါ်ပါတယ်။ ကော်စေးငွေ့ရှူတာက ဓာတ်ငွေ့ရှူတဲ့ အကျင့်တစ်ခုဖြစ်ပါတယ်။
အငွေ့ပြန်လွယ်တဲ့ပစ္စည်းကို လေးမျိုးခွဲခြားထားပါတယ်။

(က) အငွေ့ပြန်လွယ်တဲ့ အရည်
ဥပမာ- ကော်ရည်၊ ဓာတ်ဆီ၊ ဖိနပ်တိုက်ဆေး၊ အိမ်သုတ်ဆေးကို ကျဲစေတဲ့အရည်။

(ခ) ပက်ဖြန်းမှုတ်ဆေးရည်
ဥပမာ- ဆံပင်ဖြန်းဆေး၊ အိမ်သုတ်ဆေးမှုတ်ဆေး၊ ပရိဘောဂသန့်စင်ဖြန်းဆေး။

(ဂ) ဓာတ်ငွေ့
ဥပမာ- မီးခြစ်ဓာတ်ငွေ့၊ ရယ်မောစေတဲ့ဓာတ်ငွေ့ (Nitrous Oxide)

(ဃ) နိုက်ထရိုက် (Nitrites)
ဥပမာ- အခန်းမွှေးဆေး၊ သားရေသန့်စင်ဆေး စတာတွေ ဖြစ်ပါတယ်။

အငွေ့ပြန်လွယ်တဲ့ ဓာတုပစ္စည်းတွေထဲမှာ မူးယစ်စေတဲ့ အာနိသင်ရှိဓာတ်တွေကတော့ Toluene၊ Butane၊ Fluocarbon၊ Acetone တို့ ဖြစ်ပါတယ်။

ဓာတ်ငွေ့ရှူသော အကျင့်နှင့်လူငယ်
နိုင်ငံတိုင်းလိုလိုမှာ လူငယ်တွေအတွင်း ဓာတ်ငွေ့ရှူတဲ့ အလေ့အထ ထွန်းကားနေပါတယ်။ အမေရိကန်နိုင်ငံမှာ ၂၀၁၁ ခုနစ်စာရင်းအရ အသက် ၁၃ နှစ်မှ ၁၇ နှစ်အတွင်း လူငယ်တွေရဲ့ ဓာတ်ငွေ့ရှူနှုန်းဟာ ၈ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအထိ ရှိပါတယ်။ တချို့က တစ်ခါတစ်ရံ ဓာတ်ငွေ့ရှူတာဖြစ်ပေမယ့် တချို့ကတော့ ဓာတ်ငွေ့ရှူတဲ့ အလေ့အထရှိနေပါတယ်။

ဓာတ်ငွေ့ရှူတဲ့ လူငယ်တွေထဲမှာ ရေပန်းစားလာတဲ့ အကြောင်းရင်း ရှိပါတယ်။ အငွေ့ပြန်လွယ်တဲ့ ဓာတုပစ္စည်း တွေပါတဲ့ ကုန်ထုတ်ပစ္စည်းတွေကို အလွယ်တကူ ဝယ်ယူနိုင်တာ၊ ဈေးချိုတာ၊ တရားဥပဒေနဲ့ လွတ်ကင်းစွာ ရောင်းဝယ်နိုင်တာ၊ ဆေးအာနိသင်ကို အလျင်အမြန် (၅ မိနစ်မှ ၁၅ မိနစ်)အတွင်း ရရှိနိုင်တာ၊ ဓာတ်ငွေ့ရှူတဲ့ အကျင့်ကို အလွယ်တကူ ဖုံးကွယ်လျှို့ဝှက်ထားနိုင်တာတို့ ဖြစ်ပါတယ်။

ဓာတ်ငွေ့ရှူပြီး ဖြစ်ပေါ်လာသော မူးယစ်လက္ခဏာများ
အငွေ့ပြန်လွယ်တဲ့ ဓာတုပစ္စည်းတွေရဲ့ အာနိသင်က ဦးနှောက်လုပ်ငန်းကို ထိုင်းမှိုင်းစေပါတယ်။ ဦးနှောက်ရှေ့ပိုင်းအင်္ဂါ (Frontal Lobe) ရဲ့ လုပ်ငန်းကို စတင်ထိုင်းမှိုင်းစေပါတယ်။ ဒါကြောင့် စိတ်ထဲမှာ ချုပ်တည်းထားရတာတွေ လျော့နည်းလာပါတယ်။ ပျော်ရွှင်မြူးထူးသလို ခံစားရပါတယ်။ (အရက်မူးစ အခြေအနေမျိုးဖြစ်ပါတယ်)။ တခြားလက္ခဏာတွေကတော့ ဒယီးဒယိုင်ဖြစ်တာ၊ အာလေးတာ၊ ပျို့အန်တာ၊ ဗိုက်နာတာ၊ ဝမ်းပျက်တာ၊ ခြေလက်တုန်တုန်ယင်ယင်ဖြစ်တာတို့ပါပဲ။

ပိုပြီးဆိုးလာရင် စိတ်လှုပ်ရှားလွယ်တာ၊ အကြောင်းမဲ့ စိတ်ကျတာ၊ အကြောင်းမဲ့ ကြမ်းတမ်းခက်ထန်တာ၊ အကြောင်းမဲ့ အာရုံမှားကို မြင်တာ၊ အကြောင်းမဲ့ နားထဲမှာ အသံတွေ ကြားတာတို့ ဖြစ်ပါတယ်။ တစ်ခါတစ်ရံ ဝက်ရူးပြန်သလို တက်ပြီး သတိမေ့သွားတတ်ပါတယ်။

ဓာတ်ငွေ့ရှူခြင်းနှင့် အသက်အန္တရာယ်
ဓာတ်ငွေ့ရှူပြီး ဆေးမူးနေချိန်မှာ ဗြုန်းကနဲ အသက်ဆုံးရှုံးရတာ ရှိပါတယ်။ ပထမအကြောင်းရင်းကတော့ နှလုံးခုန်နှုန်းမမှန်ဖြစ်တာ၊ သွေးတိုးကျတာတို့ကြောင့် ဖြစ်ပါတယ်။ ဒုတိယအကြောင်းရင်းကတော့ ပလတ်စတစ်အိတ်ထဲမှာ ဓာတ်ဆီ၊ ကော်ရည် စတာတွေကို ထည့်သွင်းပြီး ရှူရှိုက်ရင်း သွေးထဲမှာအောက် ဆီဂျင်နည်းပါးလာတာကြောင့် ဖြစ်ပါတယ်။

ဓာတ်ငွေ့ရှူတာက ဆေးစွဲဝေဒနာလား
စိတ်ကျန်းမာရေးဆေးပညာမှာ ဓာတ်ငွေ့ရှူတာကို ဆေးစွဲဝေဒနာအဖြစ် သတ်မှတ်ထားပါတယ်။ ဓာတ်ငွေ့အလွဲသုံးစွဲခြင်းပြုရင် အောက်ပါလက္ခဏာ တွေကိုတွေ့ရှိရပါတယ်။ ဓာတ်ငွေ့ရှူတဲ့ အလေ့အထ ရှိလာရင် ရရှိနေကျ အာနိသင်ရရှိဖို့၊ ဆေးပိုမို သုံးစွဲဖို့လိုအပ်လာပါတယ်။ ဓာတ်ငွေ့မရှူဘဲ ရပ်လိုက်ရင် ဆေးပြတ်လက္ခဏာတွေ ပေါ်ပေါက်လာနိုင်တယ်။ (ဥပမာ-အိပ်မပျော်တာ၊ ပျို့အန်တာ၊ စိတ်တိုတာ၊ ခြေလက်တုန်တုန်ယင်ယင်ဖြစ်တာ)။ ဓာတ်ငွေ့ရှူလိုတဲ့ဆန္ဒဇော (Craving) ဖြစ်ပေါ်လာပါတယ်။ ဓာတ်ငွေ့ အလွဲသုံးစွဲတာကြောင့် လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးနဲ့ ပညာရေးကို ထိခိုက်စေပါတယ်။ ဒါကြောင့် ဓာတ်ငွေ့ရှူတာက မူးယစ်ဆေးစွဲဝေဒနာဖြစ်ပါတယ်။

ဓာတ်ငွေ့ရှူခြင်း၏ ရေရှည်ဆိုးကျိုးများ
အငွေ့ပြန်လွယ်တဲ့ ဓာတုပစ္စည်းတွေကို ရေရှည်ရှူရှိုက်တဲ့ အကျင့်ရှိရင် နှလုံး၊ အဆုတ်၊ ကျောက်ကပ်၊ အသည်းနဲ့ ဦးနှောက်အင်္ဂါတွေမှာ ရောဂါရရှိလာနိုင်ပါတယ်။ ဦးနှောက်ပျက်စီးစေတဲ့အတွက် ဉာဏ်ရည်ကျဆင်းတာ၊ မှတ်ဉာဏ်လျော့နည်းတာ၊ စဉ်းစားဆင်ခြင်ဆုံးဖြတ်နိုင်မှု အားနည်းလာတာတို့ ရှိပါတယ်။ ပိုမိုဆိုးရွားလာရင် ဉာဏ်ရည်ဉာဏ်သွေးကျဆင်းရောဂါ (Dementia) ဖြစ်ပေါ်လာနိုင်ပါတယ်။

ဓာတ်ငွေ့ရှူခြင်းကို ကာကွယ်ခြင်း
ဓာတ်ငွေ့ရှူခြင်း အန္တရာယ်ပညာပေးလုပ်ငန်းတွေကို စာသင်ကျောင်းတွေမှာ လုပ်ဆောင်ပါတယ်။ လူငယ်ပညာပေးလုပ်ငန်းတွေလည်း ရှိပါတယ်။ ဓာတ်ငွေ့ရှူတဲ့အကျင့်ရရှိစမှာ ဖော်ထုတ်နိုင်ရင် ထိရောက် ပါတယ်။ အိမ်ကိုပြန်လာတဲ့လူငယ်မှာ ဆေးမူးလက္ခဏာတွေ ရှိ၊ မရှိ၊ ဓာတ်ဆီနံ့၊ အိမ်သုတ်ဆေးနံ့ နံနေတာ ရှိ၊ မရှိ စစ်ဆေးကြည့်နိုင်ပါတယ်။ ဓာတ်ငွေ့ရှူတဲ့ အကျင့်ကနေစပြီး တခြားမူးယစ်ဆေးတွေကို သုံးစွဲတဲ့အဆင့်အထိ တိုးတက်ဖြစ်ပေါ်လာတတ်ပါတယ်။

Most Popular

Healthy Life Ad
To Top