Healthy Life Ad
Life Style

သင်အလုပ်ချင်ဆုံး အလုပ်အမျိုးအစားက သင့်အကြောင်း ပြောပြနေပါတယ် …

ကိုထက်
လုပ်ငန်းအမျိုးအစားတွေဟာ အလွန်ကို အများအပြားရှိပြီး တချို့လူတွေက ဝါသနာပါတဲ့ အလုပ်ကို လုပ်နေရပေမယ့် တချို့ လူတွေကတော့ အဆင်ပြေတဲ့အလုပ်ကို လုပ်နေကြရပါတယ်။ ဝါသနာပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ရိုးသားသူ ကြိုးစားသူတွေ အတွက်တော့ ဘယ်အလုပ်မှာဖြစ်ဖြစ်အောင် မြင်မှုတွေရလာမှာပါ။ ကိုယ်ဝါသနာပါတဲ့အလုပ်နဲ့ ကိုယ်လုပ်တဲ့အလုပ်က တစ်ထပ်တည်းကျခဲ့ရင်တော့ လုပ်ငန်းခွင်ထဲမှာ ပိုပြီးပျော်ရွှင်ရမှာ အမှန်ပဲဖြစ်ပါတယ်။ ဘယ်လိုအလုပ်ကို အလုပ်ချင်ဆုံးသူတွေက ဘယ်လိုစိတ်နေစိတ်ထားရှိတတ်တယ်ဆိုတာကို ဖော်ပြပေးလိုက်ပါတယ် . . .

သင်က ဆရာ၊ ဆရာမအလုပ်ကို အကြိုက်ဆုံးဖြစ်လျှင်
ပေးဆပ်တတ်သူပါ

မိမိတတ်မြောက်ထားတဲ့ပညာရပ်တွေကို ပြန်လည်မျှဝေသင်ကြားပေးတဲ့ ဆရာ၊ ဆရာမအလုပ်ကို မြတ်နိုးသူတွေဟာ အတွေးအမြင်ကောင်းတဲ့ စွမ်းရည်ရှိသူတွေ ဖြစ်ကြပါတယ်။ အများအားဖြင့် အကောင်းမြင်သမားတွေ ဖြစ်ကြပါတယ်။ ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်ပြီး ဖော်ရွေတဲ့ စိတ်နေသဘောထားရှိကြပါတယ်။ လူလူချင်း စာနာထောက်ထားမှုလည်း ရှိကြပါတယ်။ စိတ်ကူးယဉ်မဟုတ်တဲ့ စာပေတွေကို ပိုပြီးသဘောကျနှစ်သက် စာဖတ်လေ့ရှိပါတယ်။ အနုပညာကို ခံစားတတ်ကြပြီး ပြတိုက်တွေနဲ့ သမိုင်းဝင်နေရာတွေကို လှည့်ပတ်ရတာကို နှစ်သက်လေ့ရှိပါတယ်။

သင်က ပြင်ပဆက်ဆံရေးအလုပ်ကို အကြိုက်ဆုံး ဖြစ်လျှင်
စာနာတတ်သူပါ

ဈေးကွက်ချဲ့ထွင်ရေး၊ ရောင်းဝယ်ရေး၊ ဖြန့်ချိရေး အစရှိတဲ့ လူအများနဲ့ပြောဆိုဆက်ဆံရသော အလုပ်တွေကိုလုပ်ရတာ ဝါသနာပါတဲ့ သူတွေဟာ အများအားဖြင့် တခြားသူတွေရဲ့ စိတ်ခံစားချက်တွေကို တန်ဖိုးထားတတ်သူတွေဖြစ်ကြပါတယ်။ ဖန်တီးနိုင်စွမ်းရှိတတ်ပြီး ပေါင်းသင်းဆက်ဆံရေး အလွန်ကောင်းမွန်ကြပါတယ်။ ပရဟိတအလုပ် လုပ်ရတာကို စိတ်အားထက်သန်ပြီး အလုပ်နဲ့အပေါင်းအသင်းတွေ အပေါ်မှာ စိတ်ကောင်းထားသူတွေဖြစ်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်စားသောက်ရတာ၊ အစားကောင်း၊ အသောက်ကောင်းတွေစားရတာကို အလွန်သဘောကျတတ်ကြပါတယ်။

သင်က ဒီဇိုင်း ဖန်တီးရှင်အလုပ်ကို သဘောအကျဆုံး ဖြစ်လျှင်
စနစ်ကျသူပါ

ဖက်ရှင်ဒီဇိုင်း ဖန်တီးရှင်တွေ ဒါမှမဟုတ် ဆောက်လုပ်ရေး ဒီဇိုင်းရေးဆွဲသူတွေ အများစုဟာ အများအားဖြင့် အလုပ်နဲ့ဝါသနာ တစ်ထပ်တည်းကျသူတွေ ဖြစ်ကြပါတယ်။ ဒီအလုပ်တွေက ဝါသနာမပါဘဲ လုပ်ဖို့ မလွယ်ကူလှပါဘူး။ တိတ်ဆိတ်တဲ့ ပတ်ဝန်းကျင် ကိုသဘောကျသူတွေပါ။ စူးစမ်းလေ့လာမှု အားကောင်းသလို ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်ကြပါတယ်။ အပေါင်းအသင်းတွေအပေါ် နွေးထွေးစွာဆက်ဆံတတ်ပြီး စကားများတတ်ကြပါတယ်။ အပေါင်းအသင်းအများကြီးနဲ့ ပါတီပွဲတွေသွားရတာကို သဘောကျပြီး အလုပ်လုပ်တဲ့အခါမှာတော့ တစ်ယောက်တည်း လုပ်ရတာကို သဘောကျသူတွေပါ။

သင်က အိုင်တီ၊ နည်းပညာသမားအလုပ်ကို သဘောအကျဆုံး ဖြစ်လျှင်
ဖန်တီးတီထွင်တတ်သူပါ

ကွန်ပျူတာတစ်လုံးနဲ့ တစ်ယောက်တည်း တကုပ်ကုပ် အလုပ်ရှုပ်နေတာကို ကျေနပ်နေတယ်ဆိုရင် အများအားဖြင့် အတွေးအခေါ်ကောင်းသူတွေ ဖြစ်ကြပါတယ်။ စီစဉ်ညွှန်ကြားချက်တွေ ကောင်းကောင်းပေးနိုင်သူ ဖြစ်ကြပါတယ်။ ပြဿနာရပ်တွေကို ကောင်းစွာ ကိုယ်တွယ်ဖြေရှင်းနိုင်ကြပြီး တစ်ယောက်တည်း အေးအေးဆေးဆေး အလုပ်လုပ်ရတာကို သဘောကျကြပါတယ်။ ခရီးသွားရတာတွေ၊ မနက်ခင်းထပြီး အပြေးလေ့ကျင့်တာတွေ၊ သူငယ်ချင်း အပေါင်းအသင်းတွေနဲ့ အပြင်ထွက်လည်တာတွေကို သိပ်ပြီးမလုပ်ဖြစ်ပေမယ့် စိတ်ထဲမှာတော့ အရမ်းလုပ်ချင်စိတ်ရှိပြီး အခွင့်အရေးပေးတာနဲ့ မဆိုင်းမတွလုပ်လေ့ ရှိကြပါတယ်။

သင်က မီဒီယာသမားအလုပ်ကို အကြိုက်ဆုံးဖြစ်လျှင်
စဉ်းစားတွေးခေါ်တတ်သူပါ

သတင်းစာ၊ ဂျာနယ်၊ ရုပ်မြင်သံကြားစတဲ့ နေရာတွေမှာ လုပ်ကိုင်လိုသူတွေဟာ တိတ်ဆိတ်အေးချမ်းတဲ့ နေရာတွေကို နှစ်သက်သူတွေဖြစ် ကြပါတယ်။ အပြောင်းအလဲတွေကို သဘောကျကြပြီး အနာဂတ်အတွက် ကြိုတင်တွေးတော ပြင်ဆင်တတ်သူတွေ ဖြစ်ပါတယ်။ စဉ်းစားတွေးတောနိုင်စွမ်းမြင့်ပေမယ့် အလုပ်တွေ စုပုံလာရင် ချက်ခြင်းဖြေရှင်းနိုင်စွမ်းတော့ အားနည်းတတ်ကြပါတယ်။ လူအများနဲ့ ပေါင်းသင်းဆက်ဆံရေးကောင်းကြပါတယ်။ လွတ်လပ်မှုကို အလေးထားတတ်ကြပြီး လူလူချင်းထိန်းချုပ်နေတာကို သိပ်ပြီးသဘောမကျပါဘူး။ သီချင်းလေးဖွင့်ပြီး အေးအေးဆေးဆေး အလုပ်လုပ်ရတာမျိုးကို နှစ်သက်ကြပါတယ်။

သင်က ရှေ့နေအလုပ်ကို အကြိုက်ဆုံးဖြစ်လျှင်
တာဝန်ကျေပွန်သူပါ

ရှေ့နေအလုပ်ကို သဘောကျနှစ်သက်သူတွေဟာ လုံ့လဝီရိယရှိသူတွေ ဖြစ်ကြပါတယ်။ ဖြတ်ထိုးဉာဏ်ကောင်းကြပါတယ်။ စနစ်တကျစီစဉ်ဆောင်ရွက်တတ်တဲ့ အကျင့်စရိုက်ရှိပြီး အသေးအဖွဲလေးကအစ သေသေချာချာ လုပ်ကိုင်ဆောင်ရွက်တတ်သူပါ။ စိစစ်လွန်းတာက ရှေ့နေအလုပ်အတွက် အရမ်းကို အဆင်ပြေပေ မယ့် အပေါင်းအသင်းတွေကတော့ မကြာခဏ စိတ်တိုကြပါလိမ့်မယ်။ သူများတွေအပေါ် မမှီခိုတတ်ကြပါဘူး။ စူးစမ်းစိတ်များပြီး ကျန်းမာရေးလိုက်စားသူတွေပါ။ အားကစားကို အပြင်မှာလုပ်ရတာထက် အားကစားခန်းမတွေမှာ ပြုလုပ်ရတာကို ပိုနှစ်သက်ကြပါတယ်။

[Unicode]
Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top