Healthy Life Ad
Health Tips

နမ်းရှုံ့ခြင်းက ပေးတဲ့ ဝေဒနာ

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

နမ်းရှုံ့တာကြောင့် ကူးစက်တတ်တဲ့ ရောဂါတွေ ရနိုင်တယ်ဆိုတာ သင်သိပါသလား။ အကြောင်းကတော့ လူ့ခန္ဓာကိုယ်မှာ ပါးစပ်က အညစ်ပတ်ဆုံး အစိတ်အပိုင်း ဖြစ်လို့ပါ။ တစ်ယောက်နဲ့ တစ်ယောက် နမ်းရှုံ့တဲ့အခါ တံတွေးတွေ ကူးလူးသွားရာက ကျန်းမာရေး ပြဿနာတွေ ရရှိတတ်ပါတယ်။

– သွားဖုံးရောင်ခြင်း

ခံတွင်းကျန်းမာရေးမကောင်းသူနဲ့ နမ်းရှုံ့တာကြောင့် သွားဖုံးနဲ့ပါးစပ်ထဲက တစ်သျှူးပျော့ရောင်ရမ်းတဲ့ရောဂါ ဖြစ်စေနိုင်ပါတယ်။ ဒီလို သွားဖုံးရောင်တာကို ကုသမှု မခံယူရင် သွားဆုံရှုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။

– လက်၊ ခြေထောက်နှင့် ပါးစပ်ရောဂါ

ဗိုင်းရပ်စ်တစ်မျိုး (Coxsackie virus) ကြောင့် လက်၊ ခြေထောက်နဲ့ ပါးစပ်ရောဂါ ဖြစ်တတ်ပါတယ်။ အဲဒီဗိုင်းရပ်စ်ရှိသူ၊ အထူးသဖြင့် ပါးစပ်ထဲက ပေါက်ပြဲအနာရှိသူနဲ့ နမ်းရှုံ့လိုက်ရင် ဒီရောဂါဖြစ်နိုင်ခြေ မြင့်မားပါတယ်။

– စတပ်ပိုးကြောင့် လည်ချောင်းနာခြင်း

စတပ်ဖိုင်လိုကော့ကပ်စ်ပိုးကြောင့် လည်ချောင်းနာပြီး ယားယံတဲ့ ဝေဒနာရတတ်ပါတယ်။ အဲဒီပိုးက ဖျားတတ်ပါတယ်။ စတပ်ပိုးရှိသူနဲ့ နမ်းရှုံ့မိရာက ပိုးဝင်ပြီး လည်ချောင်းနာတတ်ပါတယ်။

– အအေးမိခြင်း

အအေးမိဗိုင်းရပ်စ်ပိုးရှိသူရဲ့ လည်ချောင်းထဲက ထွက်တဲ့အရည်နဲ့ ထိတွေ့မိရာက အအေးမိဝေဒနာ ရတတ်ပါတယ်။ ဒါကြောင့် လူစိမ်းတစ်ယောက်ကို မနမ်းခင် နှစ်ကြိမ် စဉ်းစားသင့်တာပါ။

– တုပ်ကွေးရောဂါ

အအေးမိဝေဒနာလိုပဲ အသက်ရှူလမ်းကြောင်း အပေါ်ပိုင်း ကူးစက်ပိုးဝင်တာကလည်း နမ်းရှုံ့ရာက ကူးစက်ပျံ့နှံ့တတ်ပါတယ်။ ဒါကြောင့် ချောင်းဆိုးတဲ့သူ၊ နှာချေတဲ့သူ၊ နှာစေးနေတဲ့သူ၊ လည်ချောင်းနာတဲ့သူနဲ့ ဖျားတဲ့သူတွေကို နမ်းရှုံ့မှု မလုပ်သင့်တာပါ။

– ရေယုန်

နှုတ်ခမ်းနဲ့ ပါးစပ်တစ်ဝိုက်မှာ ရေယုန်ပေါက်နေတဲ့သူတွေကို နမ်းရှုံ့တာကြောင့် တံတွေးကတစ်ဆင့် ရေယုန်ကူးစက်နိုင်ပါတယ်။ အထူးသဖြင့် အနာက ပေါက်ပြဲနေရင် ပိုပြီး ကူးစက်နိုင်ခြေရှိပါတယ်။

– မှက္ခရု

မှက္ခရုဟာ လိင်ကတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါမဟုတ်ပေမယ့် ကိုယ်ခံအားစနစ် အားနည်းနေရင် မှက္ခရုပေါက်နေသူကို နမ်းရှုံ့ရာက ကူးစက်နိုင်ပါတယ်။

– အသည်းရောင် အသားဝါ ဘီပိုး

အသည်းရောင်အသားဝါဘီပိုးက ပိုးရှိသူရဲ့ သွေးနဲ့တိုက်ရိုက်ထိတွေ့မှု ကူးစက်တယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ ပိုးရှိသူနဲ့ နမ်းရှုံ့တဲ့အခါ သင့်ပါးစပ်မှာ ပေါက်ပြဲအနာရှိနေရင် ကူးစက်နိုင်ခြေရှိပါတယ်။

– မိုနို အနမ်းရောဂါ

EVB(Epstein-Barr virus) ဗိုင်းရပ်စ်ပိုး ကူးစက်တာကြောင့် လည်ချောင်းနာတာ၊ အဖျားကြီးတာနဲ့ သားငံရည်ကျိတ်ရောင်ရမ်းတာတို့ ဖြစ်တတ်ပါတယ်။ ဒီရောဂါကို နမ်းရှုံ့ရာက ကူးတတ်လို့ အနမ်းရောဂါလို့ ခေါ်ပါတယ်။

(Ref; HD)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top