Healthy Life Ad
Q & A

ညအိပ်မပျော်ဘဲ မိုးလင်းမှ အိပ်ပျော်နေလို့ . . .

မေး. ညီမနာမည်က ဆုမြတ်နိုးပါ။ ညီမအသက်က ၁၉ နှစ်ပါရှင့်။ ညီမညဘက်တွေ အိပ်မပျော်လို့။ ညတိုင်း ၂ နာရီ-၃နာရီလောက်ပဲ အိပ်ပျော်ပါတယ်။ တစ်ညလုံး ဘယ်လိုပဲ အိပ်ပျော်အောင် ကြိုးစားကြိုးစား မနက်မိုးလင်းမှအိပ်ပျော်တယ်ရှင့်။ ညီမ ညဘက်တွေအိပ်ပျော်အောင် ဘယ်လိုတွေ ပြုမူနေထိုင်သင့်သလဲနဲ့ ဘာဆေးများသောက်ရမလဲ သိချင်လို့ပါ။ ညီမက ကျောင်းသူပါ။ ကျောင်းတွေလည်း ပြန်ဖွင့်ခါနီးပြီဆိုတော့ ဒီလိုပုံစံအတိုင်း ဆက်ဖြစ်နေမယ်ဆို ဒုက္ခရောက်နိုင်လို့ပါ။ တတ်နိုင်သလောက် မြန်မြန်လေးဖြေပေးပါနော်။
၊ ဆုမြတ်နိုး ၊ (FB)

ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ဖြေ. ပထမဆုံး အိပ်မပျော်တဲ့ အကြောင်းရင်း ရှာရပါတယ်။ လူနာအများစုမှာတော့ အိပ်မပျော်ဘူးဆိုရင် အိပ်မပျော်ရတဲ့ အကြောင်းရင်းတွေ ရှိတတ်ပါတယ်။ စိတ်ပူစရာ၊ စိတ်ညစ်စရာ၊ စိတ်ရှုပ်စရာ ရှိတတ်သလို အတွေးများတာမျိုးလည်း ရှိပါတယ်။ အများစုက အိပ်မယ့်အချိန်မှာ မသိစိတ်က အလုပ်တွေ လျှောက်လုပ်နေတဲ့အတွက် ကောင်းကောင်းအိပ်မပျော်ဖြစ်နေတာ များတတ်ပါတယ်။

အခန်းအပူချိန်၊ ဆူညံသံ၊ ရာသီဥတုစတဲ့ ပြင်ပပတ်ဝန်းကျင်တွေကြောင့် အိပ်မပျော်တာလည်း ဖြစ်တတ်ပါတယ်။ အဲဒီကိစ္စတွေကြောင့် မဟုတ်ဘူးဆိုရင် ထည့်စဉ်းစားရမှာက အိပ်ချိန်နရီ (Sleep Rhythm) ပါ။ လူတွေကငယ်ငယ်ကတည်းက လုပ်လာတဲ့ အိပ်ချိန်နရီအတိုင်း အိပ်စက်လေ့ရှိကြပါတယ်။ ကျောင်းသူ၊ ကျောင်းသားဆိုရင် ကျောင်းပိတ်ထားတဲ့အချိန်မှာ အိပ်ချိန်နရီ ပျက်သလားဆိုတာ ထည့်စဉ်းစားရပါတယ်။

ဆိုလိုတာက ည ၁၂နာရီ-၁နာ ရီလောက်အထိ အင်တာနက်သုံးတယ်၊ ကွန်ပျူတာသုံးတယ်၊ တီဗီကြည့်တယ် . . စသဖြင့် အဲဒီအချိန်လောက်အထိ မအိပ်ဘဲနေတယ်ဆိုရင် အိပ်ချိန်နရီ ပျက်သွားပါတယ်။ အဲဒီအခါ ကျောင်းဖွင့်ခါနီးတော့ အရင်ပုံမှန်အချိန်အတိုင်း ည ၁၀ နာရီလောက် အိပ်ဖို့ကြိုးစားတဲ့အခါ အိပ်ချိန်နရီပျက်ထားတဲ့အတွက် အိပ်မပျော်တာမျိုးလည်း ဖြစ်တတ်ပါတယ်။ စိတ်က မနက်နိုးပါ့မလားလို့ တွေးပြီး အိပ်မပျော်တာလည်း ရှိတတ်ပါတယ်။ ဥပမာ ခရီးထွက်မယ်ဆိုရင် မနက်အိပ်ပျော်ပါ့မလားဆိုပြီး အိပ်မပျော်နိုင်ဘူး၊ အဲဒီအခါ နှိုးစက်ပေးထားမယ်၊ နှိုးစက်မြည်မှ ထတော့မယ်ဆိုပြီး စိတ်ကိုပြောင်းလဲမှ အိပ်ပျော်သွားတာမျိုးလည်း ရှိတတ်ပါတယ်။

မေးစရာရှိတာက ဒီလိုမျိုး အိပ်ချိန်မမှန်ဘဲ နေခဲ့သလား၊ စိတ်ညစ်စိတ်ရှုပ်စရာ၊ တွေးတောစရာ တွေများနေလို့လားဆိုတဲ့ ကျန်းမာရေးရာဇဝင်ကို သေချာမေးပြီး ဆေးကုသမှုပေးမှ ပိုအဆင်ပြေနိုင်ပါတယ်။ ဖြစ်စေတဲ့ အကြောင်းကိုသိရင် အဲဒါကို ဖယ်ရှားလိုက်တာ အကောင်းဆုံးပါ။ ပြီးတော့ အကြမ်းဖျဉ်းအားဖြင့် လူနာအများစုကို အိပ်ဆေးတစ်ညတစ်လုံးနဲ့ ငါးရက်သောက်ကြည့်ပါဆိုပြီး ပေးလိုက်တယ်၊ အိပ်ချိန်နရီ ပြန်မှန်သွားရင် နောက်ပိုင်း ဆေးရပ်ခိုင်းလိုက်ပေမယ့် အိပ်ပျော်သွားပါတယ်။

ဆေးဖြတ်လိုက်တဲ့အခါမှာ အိပ်ချိန် ပုံမှန်မဖြစ်သေးရင် ဆရာဝန်တစ်ဦးဦးနဲ့ တိုင်ပင်ပြီး မယ်လတိုနင်လို ဆေးမျိုး သောက်လို့ရပါတယ်။ ဒါမှမဟုတ် Sleep Care ဆိုတဲ့ မယ်လ်တိုနင်၊ DHEA နဲ့ ဗီတာမင်ဘီစစ်ပါတဲ့ဆေးကို သောက်လို့ရပါတယ်။ ဒါပေမဲ့ ဆေးတွေကိုယာယီပဲသောက်ပြီး နောက်ပိုင်းအိပ်ချိန်မှန်အောင် ကြိုးစားသင့်ပါတယ်။

Most Popular

Healthy Life Ad
To Top