Healthy Life Ad
Life Style

ကိုယ်ဝန်ဆောင်ချိန်အတွင်း ကြံ့ခိုင် သန်စွမ်းစေမည့် သော့ချက် ခြောက်ရပ်

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

ကိုယ်ဝန်ဆောင်ချိန်အတွင်းမှာသာမက ကလေးမွေးပြီးချိန်မှာပါ ခန္ဓာကိုယ်ကြံ့ခိုင်သန်စွမ်းနေစေဖို့နဲ့ စိတ်သွားတိုင်းကိုယ်ပါစေဖို့ လိုက်နာသင့်တဲ့ အချက်တွေကို ဖော်ပြလိုက်ပါတယ်။

(၁) သကြားနှင့် အဆင်သင့်ကာဗိုဟိုက်ဒရိတ်အစာ ကို တတ်နိုင်သမျှ လျှော့စားပါ
သကြားနဲ့ အဆင်သင့် ကာဗိုဟိုက်ဒရိတ်အစာတွေ စားတာကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ အပို ကိုယ်အလေးချိန်တိုးစေနိုင်ပါတယ်။ ပေါင်မုန့်ဖြူ၊ စွပ်စွပ်ဖြူအောင် ချွတ်ထားတဲ့ ဆန်စတာတွေကို များများစားရင် ကိုယ်တွင်းစနစ်ထဲ သကြားများများ ဝင်ရောက်လာပါတယ်။ အဲဒီသကြားတွေကို လောင်ကျွမ်းအောင်မလုပ်နိုင်ရင် သကြားအပိုတွေက အဆီတွေဖြစ်လာပါလိမ့်မယ်။ ဒါကြောင့် သကြားနဲ့ ဖြူအောင်ချွတ်ထားတဲ့ ကောက်နှံစာတွေကို တတ်နိုင်သမျှ လျှော့စားသင့်ပါတယ်။

(၂) ကောင်းသော အဆီနှင့် ပရိုတင်းဓာတ်ကို စားပါ
သံလွင်ဆီ၊ ထောပတ်သီးနဲ့ ငါးအဆီတို့လို ကျန်းမာရေးနဲ့ ညီညွတ်တဲ့အဆီကို စားတာကြောင့် ကိုယ်ဝန်ဆောင်မိခင်သာမက သန္ဓေသားဖွံ့ဖြိုးမှုကို အားပေးပါတယ်။

(၃) ရေများများ သောက်ပါ
ရေအလုံအလောက် သောက်တာကြောင့် သင့်ခန္ဓာကိုယ်ကို ရေဓာတ် ပြည့်ဝစေပြီး မောပန်းနွမ်းနယ်မှုနဲ့ ကိုယ်ဝန်ဆောင်ချိန် ပျို့ချင်အန်ချင်တာတို့ ကို သက်သာစေပါတယ်။ ရေဆာတဲ့အထိ မစောင့်ဘဲ ကိုယ်ဝန်ဆောင်ချိန်အတွင်း ရေကိုမကြာခဏ သောက်ပေးပါ။ လှုပ်ရှားမှုလုပ်ရင် ရေကို ပိုသောက်သင့်ပါတယ်။

(၄) အိပ်စက်အနားယူပါ
ကိုယ်ဝန်ဆောင်ချိန်အတွင်း အရေးပါဆုံးအရာတစ်ခုက အိပ်စက်အနားယူတာပဲ ဖြစ်ပါတယ်။ မီးမှိတ်ထားတဲ့ အခန်းထဲမှာ အိပ်ရာစောစောဝင်ပါ။ တစ်ညမှာ အနည်းဆုံး အချိန် ရှစ်နာရီလောက်ပေးပြီး အိပ်စက်ပေးပါ။ ကောင်းကောင်း အိပ်ပျော်တာက သင့်ခန္ဓာကိုယ်ဟာ သန္ဓေသားဖွံ့ဖြိုးမှုအတွက် အထောက်အပံ့ပေးနေတာပဲ ဖြစ်ပါတယ်။

(၅) ပျော်ရွှင်သည့် လေ့ကျင့်ခန်း လုပ်ဆောင်ပါ
ကိုယ်ဝန်ဆောင်ချိန်မှာ လေ့ကျင့်ခန်းလုပ်တာက တက်ကြွပြီး စိတ်ပျော်ရွှင်စေပါတယ်။ ဒါကြောင့် လမ်းလျှောက်တာ၊ ယောဂကျင့်တာ စတဲ့ ကိုယ်ဝန်ဆောင်မိခင်နဲ့ သင့်တော်တဲ့ လေ့ကျင့်ခန်းကို ပုံမှန် လုပ်ဆောင်ပေးပါ။

(၆) ကြွက်သားသန်စွမ်းကျန်းမာအောင် ကြိုးစားပါ
ကိုယ်ဝန်ဆောင်ချိန်အတွင်း ကိုယ်အလေးချိန် အများကြီး မြင့်တက်မလာအောင် သတိပြုပါ။ ပုံမှန် လေ့ကျင့်ခန်းလုပ်ဆောင်တာကြောင့် ကြွက်သားထုထည်ကို သန်စွမ်းစေတဲ့အပြင် ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မ ဖြစ်စဉ်ကိုလည်း အားကောင်းစေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top