Healthy Life Ad
Life Style

အရိုးကျီးပေါင်းတက်ခြင်းဆိုသည်မှာ . . .

ပါမောက္ခဦးနေဝင်း (အရိုးခွဲစိတ်ဆရာဝန်ကြီး)နှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး။ ။ အရိုးကျီးပေါင်းတက်တဲ့ အကြောင်းကို သိပါရစေ ဆရာ။

ဖြေ။ ။ အရိုးကျီးပေါင်းဆိုတဲ့ စကားလုံးက ဆေးပညာနဲ့ ကိုက်ညီမှုမရှိတဲ့အတွက် ဆရာက အရိုးကျီးပေါင်း တက်တယ်ဆိုပြီး မသုံးပါဘူး။ ဒါပေမဲ့ အရိုးတွေ၊ အဆစ်တွေက အချိန်နဲ့အမျှ အသက်အရွယ်အလိုက် ယိုယွင်းပြောင်းလဲမှုတွေ ဖြစ်လာပါတယ်။ အဲဒါကို အင်္ဂလိပ်လို Degenerative Change လို့ခေါ်ပါတယ်။ အချိန်နဲ့အမျှ အသုံးများတာ၊ အနေအထိုင် ပုံမမှန်တာတွေရှိရင်ပြောင်းလဲမှုက ပိုဖြစ်တတ်တယ်။ အရိုးကျီးပေါင်းဆိုတဲ့စကားလုံးကို အရိုးကျိုးပြီးဆက်ခါစမှာ သုံးကြသလို သစ်ပင်တွေမှာ အဖုအထစ်တွေ ဖြစ်နေရင်လည်း အဲဒါကို ကျီးပေါင်းတက်တယ်လို့ ခေါ်ကြပြန်ပါတယ်။ အရိုးကျီးပေါင်းလို့ ပြောရတဲ့ အကြောင်းရင်းက လည်ပင်းဓာတ်မှန်၊ ခါးဓာတ်မှန်တွေ ရိုက်ကြည့်လိုက်ရင် ပုံမှန်ရှိနေတဲ့ အနေအထားကိုပဲ သာမန်လူတွေက အဲဒီဓာတ်မှန်တွေ ကြည့်လိုက်ရင် စိတ်ထဲမှာ တစ်မျိုးတမည် ဖြစ်လာတယ်၊ လည်ပင်း ဓာတ်မှန်ကိုကြည့်လိုက်ရင် ဘုလိုမျိုးဖြစ်ပြီး ကျီးပေါင်းတက်တာနဲ့ ဆင်တူနေတဲ့အတွက် ကျီးပေါင်းလို့ခေါ် လိုက်တာပါ။ ဒါကြောင့် အရိုးကျီးပေါင်းဆိုတဲ့ စကားလုံးက မှားနေတဲ့အတွက် ဆရာတို့က မသုံးပါဘူး။ ကျီးပေါင်းလို့ ပြောလိုက်ရင် လူနာတွေက အဲဒီကျီးပေါင်းပျော်သွားအောင် ဘယ်လိုလုပ်မလဲ၊ ကျီးပေါင်းကို ဘယ်လိုလှီးထုတ်ရမလဲ စသဖြင့် ထင်တတ်ကြတဲ့အတွက် ဆရာတို့က မသုံးပါဘူး။ ဆရာတို့ကတော့ ဖြစ်တဲ့ နေရာပေါ်မူတည်ပြီး အာရုံကြောညပ်တယ်လို့ပဲ သုံးနှုန်းပါတယ်။

မေး။ ။ ဖြစ်ရတဲ့ အကြောင်းရင်းကို သိပါရစေ ဆရာ။

ဖြေ။ ။ ဖြစ်ရတဲ့အကြောင်းရင်းကအချိန်နဲ့အမျှ၊ အသက်အရွယ်အလိုက် ခန္ဓာကိုယ်ကြီးက ပြောင်းလဲနေတယ်၊ ခေါင်းကအစ ခြေဖျားအထိ အချိန်နဲ့အမျှ ယိုယွင်းပြောင်းလဲချက်တွေ ဖြစ်လာပါတယ်။ အရိုးတွေ၊ အဆစ်တွေမှာ ပြောင်းလဲချက်တွေ အများကြီးဖြစ်လာတော့ အာရုံကြောတွေ ဖိတာ၊ ညပ်တာတွေ ဖြစ်လာနိုင်ပါတယ်။ အဲဒါက ပြဿနာပေးလာပါတယ်။ ခါးအာရုံ ကြောညပ်ရင် Spinal Stenosis လို့ ခေါ်သလို လည်ပင်း အာရုံကြောညပ်တာကို Cervical Spondylosis လို့ ခေါ်ပါတယ်။ ပြောင်းလဲချက်တွေက လည်ပင်းမှာဖြစ်ရင် လည်ပင်း၊ ပခုံး၊ လက်မောင်း၊ လက်တွေမှာ အာရုံကြောညပ်တာနဲ့ ပတ်သက်တဲ့ လက္ခဏာတွေပြပါတယ်။ ခါးမှာဖြစ်ရင် ခါး၊ တင်ပဆုံ စတာတွေမှာ အာရုံကြောနဲ့ ပတ်သက်တဲ့ လက္ခဏာတွေ ပြတတ်ပါတယ်။ နာတာ၊ ကျဉ်တာတွေ ဖြစ်လာတတ်ပါတယ်။

မေး။ ။ လည်ပင်းအာရုံကြောညပ်ရင် ဘယ်လိုလက္ခဏာတွေ ခံစားရတတ်ပါသလဲ ဆရာ။

ဖြေ။ ။ အာရုံကြောလေးတွေထွက်တဲ့ ဘေးကအပေါက်တွေ ကျဉ်းလာလို့ လက်မောင်း၊ ပခုံး၊ လည်ပင်းတွေ တောင့်တင်းတာ၊ နာကျင်တာ၊ ကိုက်ခဲတာ၊ ထုံကျဉ်တာတွေဖြစ်ကုန်ပါတယ်။ အာရုံကြောမကြီးကိုယ်တိုင် အဖိခံရတဲ့အခါကျရင် လက်တင်မကဘူး၊ ခြေထောက်တွေပါ ထုံတာ၊ နာတာ၊ ကိုက်ခဲတာ၊ တောင့် တင်းတာတွေဖြစ်ပြီး လမ်းလျှောက်လို့ မကောင်းတာ မျိုးတွေပါဖြစ်လာပါတယ်။ အများအားဖြင့်တော့ လည်ပင်းနေရာမှာရှိတဲ့ အာရုံကြောညပ်ပြီး ပခုံး၊ လက်မောင်း၊ လက်ပြင်၊ ရင်ဘတ်တွေကိုက်ခဲ နာကျင်တတ်ပါတယ်။ တစ်ခါတလေ ခေါင်းတစ်ခြမ်း ကိုက်နေတတ်တယ်။ နောက်စေ့ ကိုက်ခဲနာကျင်တတ်တယ်။

‘ခါးနဲ့ လည်ပင်းမှာ ဒဏ်ဖြစ်စေတဲ့ ကိစ္စတွေကို ရှောင်ခိုင်းပါတယ်။ လေ့ကျင့်ခန်းတွေ လုပ်မယ်ဆိုရင်လည်း ခါးထိတဲ့ လေ့ကျင့်ခန်း၊ လည်ပင်းထိတဲ့ လေ့ကျင့်ခန်းစတာတွေကို ရှောင်ခိုင်းပါတယ်။’

မေး။ ။ လည်ပင်းအာရုံကြောညပ်တဲ့ဝေဒနာ မရအောင် ဘယ်လိုကာကွယ်သင့်ပါသလဲ ဆရာ။

ဖြေ။ ။ လည်ပင်းအာရုံကြောညပ်တဲ့ ဝေဒနာမရအောင်

(၁) လည်ပင်းနဲ့ ဦးခေါင်းကို ပုံမှန် တည့်တည့်ဖြစ်နေအောင် မှန်ထဲမှာ ကြည့်ပြီး အကျင့်လုပ်ပေးပါ။ လည်ပင်းကို စောင်းနေတာမျိုး မဖြစ်ပါစေနဲ့။ စောင်းနေရင် အရိုး၊အဆစ်ပေါ်ကျတဲ့ အားက ပိုများတတ်ပါတယ်။

(၂) စာရေးတဲ့သူတွေ၊ ကွန်ပျူတာသုံးရတဲ့သူတွေအနေနဲ့ လည်ပင်းအနေအထားကို တည့်တည့်ထားပေးပါ။ တစ်ခါတည်းနဲ့ အကြာကြီး အလုပ်ကို ဆက်တိုက်မလုပ်ဘဲ ကြားထဲမှာ အနားပေးပါ။

(၃) ဆေးလိပ်တွေကို မသောက်ပါနဲ့။

(၄) ကားမောင်းရင် မတော်တဆထိခိုက်မှုကြောင့် လည်ပင်းထိခိုက်မှုမရှိအောင် ခါးပတ်ပတ်ထားရမယ်။

(၅) အားကစားတွေ လုပ်တဲ့အခါ လည်ပင်း၊ ခေါင်းတွေ ဒဏ်ရာမရအောင် ကာကွယ်ပေးရမယ်။

(၆) လည်ပင်းကြွက်သားတွေ အားနည်းနေရင် အားမနည်းဘဲ တောင့်တောင့်တင်းတင်းရှိအောင်၊ သန်မာ အောင် လေ့ကျင့်ခန်းလုပ်သင့်ပါတယ်။

မေး။ ။ ဘယ်လို ကုသမှုတွေ လုပ်သင့်ပါသလဲ ဆရာ။

ဖြေ။ ။ လည်ပင်းအာရုံကြောညပ်တယ်၊ ခါးအာရုံကြောညပ်တယ်ဆိုရင် အနေအထိုင် ပုံစံလေးတွေ ပြောင်းခိုင်းပါတယ်။
ခါးနဲ့ လည်ပင်းမှာ ဒဏ်ဖြစ်စေတဲ့ ကိစ္စတွေကို ရှောင်ခိုင်းပါတယ်။ လေ့ကျင့်ခန်းတွေ လုပ်မယ်ဆိုရင် လည်း ခါးထိတဲ့ လေ့ကျင့်ခန်း၊ လည်ပင်းထိတဲ့ လေ့ကျင့်ခန်းစတာတွေကို ရှောင်ခိုင်းပါတယ်။ လိုအပ်တဲ့ သောက်ဆေး၊ ထိုးဆေးပေးပါတယ်။ တစ်ခါတလေကျတော့ ဘယ်လိုမှ မသက်သာတဲ့ လူနာတွေကို ခွဲစိတ်ကုသမှုတွေ လုပ်ပေးရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top