Healthy Life Ad
Life Style

စိတ်ဝေဒနာကို ကာကွယ်နိုင်သလား

ဒေါက်တာအုန်းကျော် စိတ်ကျန်းမာရေးဆရာဝန်ကြီး (အငြိမ်းစား)

ကမ္ဘာပေါ်မှာ စိတ်ဝေဒနာခံစားရသူ စုစုပေါင်း သန်း ၄၅၀ ကျော်ရှိတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဖော်ပြထားပါတယ်။ မသန်စွမ်းမှု အများဆုံးဖြစ်စေတဲ့ ရောဂါ ၁၀ မျိုးထဲမှာ စိတ်ရောဂါဝေဒနာက နံပါတ် ၅ နေရာမှာရှိတယ်လို့ ဆိုပါတယ်။ ဒါကြောင့် စိတ်ရောဂါဝေဒနာကြောင့် ဖြစ်ပေါ်လာတဲ့ မသန်စွမ်းဖြစ်တာ လျော့နည်းအောင် ဆောင်ရွက်ဖို့ ကမ္ဘာ့ ကျန်း မာရေးအဖွဲ့က တိုက်တွန်းထားပါတယ်။

ဒီနေရာမှာ အရေးကြီးတဲ့ မေးခွန်းတစ်ခုကို မေးဖို့လိုပါတယ်။ စိတ်ရောဂါကို ကာကွယ်ဖို့အတွက် ထိရောက်တဲ့ နည်းပညာတွေရှိပြီလားဆိုတဲ့ မေးခွန်း ဖြစ်ပါတယ်။

ကျောက်ရောဂါကို ကာကွယ်ချင်ရင် ပြည်သူလူထုထဲမှာ ကျောက်ရောဂါ ကာကွယ်ဆေးထိုးပေးပါ။ ကျောက်ရောဂါဖြစ်ပွားမှု လျော့နည်းပျောက်ကွယ်သွားမှာ ဖြစ်ပါတယ်။ ကလေးတွေအားလုံးကို ဝက်သက်ရောဂါ ကာကွယ်ဆေးထိုးပေးရင် ဝက်သက်ရောဂါဖြစ်နှုန်း လျော့နည်းသွားမှာ ဖြစ်ပါတယ်။

စိတ်ရောဂါကို ကာကွယ်ဖို့အတွက် အဲဒီလိုထိရောက်တဲ့ နည်းပညာမရှိသေးပါဘူး။ ဒါပေမဲ့ နှလုံးလေဖြတ်ရောဂါဖြစ်ပွားမှုကို လျော့နည်းစေတဲ့ အစီအစဉ်မျိုးကို အသုံးပြုနိုင်ပါတယ်။

နှလုံးသွေးကြောကျဉ်းရောဂါ၊ နှလုံးလေဖြတ်ရောဂါကို လျော့နည်းစေချင်ရင် ဂရုပြုလိုက်နာရမယ့် အချက်တွေရှိပါတယ်။ နှလုံးလေဖြတ်ရောဂါကို ဖြစ်စေနိုင်တဲ့အကြောင်းရင်းတွေကို တတ်နိုင်သလောက် ရှောင်ရှားတာဖြစ်ပါတယ်။ “ အန္တရာယ်ပြုအချက်အလက်များ (Risk Factors )လျော့နည်းသွားအောင် ဆောင်ရွက်တာဖြစ်ပါတယ်။  ဥပမာ- ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း မှန်မှန် ပြုလုပ်ခြင်း၊ သွေးထဲမှာ မကောင်းတဲ့အဆီနည်းပါးအောင် အစားအသောက် ဆင်ခြင်ခြင်း၊ ဆီးချိုသွေးချိုရောဂါ မဖြစ်ပွားအောင် ဂရုစိုက်ခြင်း၊ ဖြစ်ပွားလာရင် ထိထိရောက်ရောက် ကုသခြင်း၊ ဆေးလိပ်မသောက်ခြင်း၊ အဝလွန်ကဲခြင်း မရှိအောင် ကိုယ်အလေးချိန်ကို ထိန်းသိမ်းခြင်းစတာတွေ ဖြစ်ပါတယ်။

စိတ်ရောဂါဝေဒနာကို ကာကွယ်နိုင်ဖို့အတွက် နှလုံးလေဖြတ်ရောဂါကာကွယ်နည်းလိုပဲ ဆောင်ရွက်နိုင်ပါတယ်။ စိတ်ကျန်းမာရေးကို ချို့ယွင်းစေတဲ့       “အန္တရာယ်ပြုအချက်အလက်များ”ကို ရှာဖွေရပါမယ်။ အဲဒီနောက် အဲ့ဒီအန္တရာယ်ပြု အချက်အလက်တွေကို လျော့နည်းစေတဲ့ အစီအစဉ်တွေကို ချမှတ်ဆောင်ရွက်နိုင်ပါတယ်။ အဲ့ဒီလုပ်ငန်းကို “ စိတ်ကျန်းမာရေး တိုးမြှင့်ပေးခြင်း ”( Mental Health Pro-motion) ခြင်းလို့ ခေါ်ပါတယ်။

စိတ်ကျန်းမာရေး အန္တရာယ်ပြု အချက်အလက်များ

စိတ်ကျန်းမာရေးကို ချို့ယွင်းစေတဲ့ “ အန္တရာယ် ပြုအချက်အလက်များ ”ကို  အောက်ပါအတိုင်းခွဲခြား နားလည်နိုင်ပါတယ်။

(၁) မျိုးရိုးဗီဇ
မိဘကို ရွေးချယ်လို့တော့ မရပါဘူး။ မိဘက ပေးလိုက်တဲ့ “ ဗီဇမျိုးစေ့ ” အမွေကိုငြင်းဆန်လို့ မရနိုင်ပါဘူး။ ဒါပေမဲ့ အားတက်စရာ တစ်ခုတော့ ရှိပါတယ်။ ဗီဇမျိုးစေ့မှာ စိတ်ရောဂါဝေဒနာဖြစ်ဖို့ အလား အလာရှိလာပေမယ့် တခြားအန္တရာယ်ပြု အချက်အလက်တွေကို ရှောင်ရှားနိုင်ရင် ရောဂါဖြစ်ပွားလာဖို့ အခွင့်အလမ်း နည်းပါးသွားနိုင်ပါတယ်။

(၂) ကိုယ်ဝန်ဆောင်မိခင် ကျန်းမာရေး
ကိုယ်ဝန်ဆောင်မိခင် အာဟာရချို့တဲ့ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ မူးယစ်ဆေးသုံးစွဲခြင်း၊ အရက်အလွန်အကျွံ သောက်ခြင်း၊ ကိုယ်ဝန်ရှိစဉ် ကူးစက်ရောဂါ ခံစားရခြင်းစတဲ့ အချက်တွေဟာ အန္တရာယ် ပြုအချက်အလက်တွေဖြစ်ကြပါတယ်။  မွေးဖွားလာမယ့် ကလေးရဲ့ စိတ်ကျန်းမာရေးကို ထိခိုက်စေပါတယ်။ ဒါ့ကြောင့် ကိုယ်ဝန်ဆောင်မိခင် ကျန်းမာရေး အစီအစဉ်ကို ကလေးလူငယ်စိတ်ကျန်းမာရေး  အစီအစဉ်လို့ ပြောဆိုနိုင်ပါတယ်။

(၃) ကလေးလူငယ်ကျန်းမာရေး
လမစေ့မီ မွေးဖွားခြင်း၊ သားဖွားချိန်မှာ အခက်အခဲရှိခြင်း၊ ကလေးလူငယ် ဦးခေါင်းဒဏ်ရာ ရရှိခြင်း၊ အာဟာရချို့တဲ့ခြင်း၊ ကူးစက်ရောဂါကြောင့် ဦးနှောက်ရောင်ခြင်း၊ ဦးနှောက်ပျက်စီးခြင်းစတဲ့ အချက်အလက်တွေဟာ စိတ်ကျန်းမာရေးကို ထိခိုက်စေတဲ့ အန္တရာယ်ပြု အချက်အလက်တွေဖြစ်ကြပါတယ်။

(၄) ကလေးလူငယ် ဘဝအတွေ ့အကြုံ
လူကြီးမိဘရဲ့ မေတ္တာကို မရရှိခြင်း၊ စိတ်ဓာတ်ညှင်းဆဲမှုခံရခြင်း၊ ရိုက်နှက်ညှင်းဆဲမှုခံရခြင်း၊ ကာမဂုဏ်ကျူးလွန်တာခံရခြင်း၊ မိသားစုအတွင်း မကြာခဏ ခိုက်ရန်ဖြစ်ပွားခြင်း၊ မိသားစုပြိုကွဲခြင်း၊ မိမိချစ်ခင်တွယ်တာအားကိုးရသူနဲ့ ကွဲကွာရခြင်းစတဲ့ ကလေးသူငယ် ဘဝအတွေ့အကြုံတွေဟာ အရွယ်ရောက်လာတဲ့အချိန်မှာ စိတ်ကျန်းမာရေးကို ထိခိုက်စေတဲ့ အန္တရာယ်ပြု အချက်အလက်တွေဖြစ်ပါတယ်။

ဒါ့ကြောင့် “ မိသားစုအတွင်း ညှင်းပန်းနှိပ်စက် အကြမ်းဖက်မှု ကာကွယ်ရေးအစီအစဉ် ”၊ “ မိသားစု အကြံပေးညွှန်ပြပံ့ပိုးမှုအစီအစဉ် ” (Family Cou-nselling) စတဲ့ လုပ်ငန်းတွေဟာ စိတ်ကျန်းမာရေးကို အထောက်အကူပြုတဲ့ လုပ်ငန်းတွေ ဖြစ်ပါတယ်။

(၅) ပညာရေးနှင့် စာသင်ကျောင်းအတွေ့အကြုံ
အကြောင်းအမျိုးမျိုးကြောင့် ကျောင်းစာညံ့ဖျင်းခြင်း၊ စာမေးပွဲကျခြင်း၊ ကျောင်းသားအချင်းချင်း အနိုင်ကျင့်တာခံရခြင်း၊ ကျောင်းမပျော်ခြင်း၊ ကျောင်းမှာအပြစ်ပေးတာခံရခြင်းစတဲ့ ကျောင်းတွင်း အတွေ့အကြုံတွေဟာ ကျောင်းသားလူငယ်တွေရဲ့ စိတ်ကျန်းမာရေးကို ထိခိုက်စေပါတယ်။

ဒါ့ကြောင့် “ ကျောင်းကျန်းမာရေးအစီအစဉ် ”နဲ့အတူ “ ကျောင်းစိတ်ကျန်းမာရေးအစီအစဉ် ” ကိုပါ ထည့်သွင်းဆောင်ရွက်ပေးရင် စိတ်ကျန်းမာရေး မြှင့်တင်ပေးတဲ့ လုပ်ငန်းလို့ ဆိုနိုင်ပါတယ်။

(၆) မြီးကောင်ပေါက်အရွယ် အခက်အခဲ
“ ဆယ်ကျော်သက်အရွယ် အကျပ်အတည်း” (Adolescent Crisis) ဆိုတဲ့ စကားကို ကြားဖူးကြမယ်လို့ ထင်ပါတယ်။

လူပျိုဖြန်း၊ အပျိုဖြန်းအရွယ်မှာ ခန္ဓာကိုယ်အရွယ်အစား ပုံပန်းသဏ္ဌာန်အပြောင်းအလဲတွေ ရှိတယ်၊ မိမိရဲ့ ခန္ဓာကိုယ်အနေအထားကို မနှစ်ခြိုက်တာရှိတယ်၊ ပြောင်းလဲခံစားလာရတာတွေကို နားမလည်နိုင်တာရှိတယ်၊ သူငယ်ချင်းမိတ်ဆွေက ပစ်ပယ်တာ၊ အပေါင်းအသင်းမလုပ်လိုတာတွေနဲ့ ကြုံကြိုက်ရတယ်။ မိဘတွေနဲ့ ဆက်ဆံရေးပြောင်းလဲလာတာ၊ နားလည်မှု မရှိဖြစ်လာတာတွေရှိတယ်။ မောင်နှမ အချင်းချင်းယှဉ်ပြိုင်မှုတွေ ရှိမယ်။ ဒီအတွေ့အကြုံတွေဟာ “ ဆယ်ကျော်သက်အရွယ် အကျပ်အတည်း” ကို ဖြစ်ပေါ်စေပါတယ်။ အဲ့ဒီကတစ်ဆင့် မူးယစ်ဆေး သုံးစွဲခြင်း၊ စိတ်ဝေဒနာလက္ခဏာတွေ စတင်ခံစားရခြင်းတို့ ပေါ်ပေါက်လာနိုင်ပါတယ်။

“ ကျောင်းစိတ်ကျန်းမာရေး အစီအစဉ်”၊ “ ဆယ်ကျော်သက်စိတ်ကျန်းမာရေး အစီအစဉ်”တွေဟာ မြီး ကောင်ပေါက်အရွယ် စိတ်ကျန်းမာရေးကိုတိုးမြှင့်ပေးတဲ့ လုပ်ငန်းတွေ ဖြစ်ပါတယ်။

(၇) မိသားစုလူမှုရေး အခြေအနေ
အိမ်ရာအတည်တကျမရှိတာ၊ လူမှုရေး စီးပွားရေးနိမ့်ကျလာတာ၊ ငွေရေးကြေးရေး အကျပ်အ တည်းရှိတာ၊ အိမ်ပတ်ဝန်းကျင် အခြေအနေ အေးချမ်းသာယာမှု မရှိတာတွေကြောင့် စိတ်ကျန်းမာရေးကို ထိခိုက်စေပါတယ်။

“ လူမှုဖူလုံရေးအစီအစဉ် ”နဲ့ “ ရပ်ကွက်အေး ချမ်းသာယာရေးအစီအစဉ် ”တွေဟာ စိတ်ကျန်းမာရေးကို အထောက်အကူပြုပါတယ်။

(၈) နိုင်ငံရေး အခြေအနေ
အုပ်ချုပ်ရေးအာဏာပိုင်တွေက လူ့အခွင့်အရေး ချိုးဖောက်တာ ခံရခြင်း၊ ဆူပူလှုပ်ရှားမှုဒဏ် / စစ်ဘေးဒဏ်ခံရခြင်း၊ သဘောဝဘေးအန္တရာယ်နဲ့ ကြုံတွေ့ရခြင်း၊ အုပ်စုလိုက် ပြေးလွှားရွှေ့ပြောင်းရခြင်းစတဲ့ အတွေ့အကြုံတွေကြောင့် ပြည်သူလူထုအတွင်းမှာ စိတ်ကျန်းမာရေး ပျက်ပြားလာနိုင်ပါတယ်။

အဲဒီလိုဘေးဒုက္ခနဲ့ ကြုံတွေ့နေရသူတွေကို ကူညီပံ့ပိုးပေးတဲ့ အစီအစဉ်တွေဟာ စိတ်ကျန်းမာရေးအတွက် အကျိုးကျေးဇူးရှိပါတယ်။

ဥပမာ “ အကျပ်အတည်းရှိလျှင် ကြားဝင်ကူညီ ခြင်း ”( Crisis Intervention) စတဲ့ လုပ်ငန်းမျိုး ဖြစ်ပါတယ်။

(၉) စိတ်ကျန်းမာရေး ဗဟုသုတ
ပြည်သူလူထုအတွင်းမှာ စိတ်ကျန်းမာရေးဗဟု သုတနည်းပါရင် စိတ်ရောဂါဝေဒနာကို ကာကွယ်ကုသရာမှာ အဟန့်အတားဖြစ်နိုင်ပါတယ်။ ပြည်သူလူထုအတွင်းမှာ စိတ်ကျန်းမာရေး ပညာပေးလုပ်ငန်းတွေ ဆောင်ရွက်ခြင်းအားဖြင့် စိတ်ကျန်းမာရေးကို မြှင့်တင်ပေးနိုင်ပါတယ်။ စိတ်ကျန်းမာရေး ပညာပေး အစီအစဉ်များ (Mental Health Education)ကို ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။

Most Popular

Healthy Life Ad
To Top