Healthy Life Ad
Life Style

လုပ်ငန်းခွင်မှာ အရက်သောက်သူတစ်ဦးကြောင့် လုပ်ဖော်ကိုင်ဖက်တွေ စိတ်အနှောင့်အယှက်ဖြစ်ရတဲ့အခါ . . .

ဒေါက်တာဦးဇော်စိန်လွင် (ဆေးရုံအုပ်ကြီး-ငြိမ်း၊ စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး)နှင့် တွေ့ဆုံခြင်း

အလုပ်ထဲကပြဿနာကို အိမ်ကိုမသယ်နဲ့၊ အလုပ်ထဲမှာပဲထားခဲ့ . . လို့ပြောကြပေမယ့် ကျွန်မမနေနိုင်လို့ ဒီစာရေးလိုက်ရတာပါဆရာ။ ကျွန်မကအလုပ်မှာ စာရင်းကိုင်လုပ်ပါတယ်ဆရာ။ ကျွန်မတို့အလုပ်က နယ်တစ်ခုမှာရုံးခွဲအနေနဲ့ ဖွင့်ထားတာဆိုတော့ ကျွန်မတို့နယ်ရုံးခွဲမှာ မန်နေဂျာအစ်ကို ကိုထွန်း (နာမည်လွှဲထား)က တာဝန်အကြီးဆုံးပဲဆိုပါတော့ဆရာရယ် . . သူက အရက်သောက်ပါတယ်။

သူက ပုန်းလျှိုးကွယ်လျှိုး သောက်တာမျိုးပေါ့၊ ဒါပေမဲ့ အရက်နံ့ကရနေတဲ့အပြင် မူပျက်နေတော့လည်း ကျွန်မ တို့ တစ်ရုံးလုံးကဝန်ထမ်းတွေ သိတာပေါ့ . . .

အရက်သောက်တာမှ ရုံးဆင်းချိန်တင်မကပါဘူး၊ အလုပ်လုပ်နေချိန်တွေမှာလည်း အရက်သောက်ပါတယ်ဆရာ။ သူက ပုန်းလျှိုးကွယ်လျှိုး သောက်တာမျိုးပေါ့၊ ဒါပေမဲ့ အရက်နံ့က ရနေတဲ့အပြင် မူပျက်နေတော့လည်း ကျွန်မတို့ တစ်ရုံးလုံးကဝန်ထမ်းတွေ သိတာပေါ့ဆရာ။

မန်နေဂျာကိုထွန်းရဲ့မိန်းမ မလဲ့ (နာမည်လွှဲထား)က တစ်နယ်တကျေးမှာ သွားအလုပ်လုပ်နေသူပါ။ အဲဒီတော့ မလဲ့က သူ့ယောကျာ်း အရက်သောက်တဲ့အကြောင်း မသိပါဘူး။ မလဲ့အလုပ်အားလို့ဖြစ်ဖြစ် ကိုထွန်းဆီ တစ်ခါတလေပြန်လာရင် အရက်မသောက်ပါဘူး။
ကိုထွန်းက သူ့ဘာသာအရက်သောက်တာက ကျွန်မတို့ ကိစ္စမဟုတ်ပေမယ့် အရက်မူးလာပြီဆိုရင် အလုပ်မှာမကျေနပ်တဲ့အခါ အလုပ်ထဲက ပစ္စည်းတွေကို ထုရိုက်ပါတယ်ဆရာ . . သူ့လက်အောက်က ကျွန်မအပါအဝင် ဝန်ထမ်းတွေအားလုံးကို ပြဿနာရှာတတ်ပါတယ်။

ကျွန်မကိုဆိုရင်လည်း စာရင်းမှားတယ်၊ အသုံးမကျဘူးဆိုပြီး အော်ဟစ်ဆူပူတတ်သလို တခြားဝန်ထမ်းတွေကိုလည်း သူတို့လုပ်သမျှ အလုပ်တိုင်း အသုံးမကျဘူးဆိုပြီး အပြစ်တင်ပါတယ်ဆရာ။ ဝန်ထမ်းတွေတင်ပဲလားဆိုတော့လည်းမဟုတ်ပြန်ဘူး။ ဝန်ထမ်းတွေတင်မက အလုပ်နဲ့ ဆက်စပ်ပတ်သက်သူတွေကိုလည်း သူမကျေနပ်ရင် မကျေနပ်သလို ပြဿနာရှာပါတယ်ဆရာ . . တစ်ခါတစ်ခါဆို နင်ပဲငဆအော်ဟစ်ဆဲဆိုတာမျိုးတောင် လုပ်တတ်ပါတယ်။ ကျွန်မတို့ မျက်နှာမထားတတ်အောင်ပါပဲ။

တခြားလူနဲ့ ပြဿနာဖြစ်တဲ့အခါ ကျွန်မတို့က အလုပ်အဆင်မပြေမှာစိုးလို့ မကြာခဏတောင်းပန်ရပါတယ်။ ကျွန်မတို့ ဝန်ထမ်းတွေက အလုပ်ကြောင့်မဟုတ်ဘဲ မန်နေဂျာကိုထွန်းကြောင့် အတော်လေး စိတ်ညစ်နေရပါတယ်။ ရုံးချုပ်က လူတွေဆီတိုင်တာတောတာမျိုးလည်း ကျွန်မတို့ မလုပ်ချင်ဘူးလေ။ အဓိကက သူအလုပ်ပြုတ်သွားမှာစိုးလို့ပါ ဆရာ။

အဲဒါနဲ့ ကိုထွန်းအရက်ကို အလွန်အကျွံသောက်တဲ့အကြောင်း ကျွန်မတို့ဝန်ထမ်းတွေစုပြီး (သူမသိအောင် သူ့ကွယ်ရာမှာ) သူ့မိန်းမ မလဲ့ဆီ သွားပြောတော့လည်း မယုံပါဘူးဆရာ။ မလဲ့က သူ့ရောက်လာချိန်မှာ တစ်ခါမှ အရက်မသောက်တော့ သူ့အမျိုးသား ကိုထွန်းကိုပဲယုံပါတယ်။ အရက်စွဲတယ်ဆိုရင် သူ့ရှေ့မှာလည်း မသောက်ဘဲနေနိုင်မှာ မဟုတ်ဘူးဆိုပြီး မလဲ့ကပြောတယ်ဆရာ . . ကျွန်မတို့တွေ အလုပ်ထဲမှာ မပျော်ဘဲ မန်နေဂျာတစ်ယောက်ကြောင့် စိတ်ညစ်နေရလို့ ဘယ်လိုဖြေရှင်းသင့်ပါသလဲ။ ကိုထွန်း အရက်မစွဲဘူးဆိုတာကော ဟုတ်ရဲ့လား . . .ကျေးဇူးပြုပြီး ဖြေပေးပါဆရာရယ် . .

လူတစ်ယောက်က အရက်သော်လည်းကောင်း၊ မူးယစ်ဆေးဝါးသော်လည်းကောင်း၊ ကော်ရှူတာပဲဖြစ်ဖြစ်၊ ကွမ်းယာစားတာပဲဖြစ်ဖြစ်၊ ဆေးလိပ်သောက်တာပဲဖြစ်ဖြစ် စွဲသလား၊ မစွဲဘူးလားဆိုတာ CAGE ဆိုတဲ့ အချက် လေးချက်နဲ့ အလွယ်တကူတိုင်းပါတယ် . . .

မေးခွန်းအရ ဖြေရမယ်ဆိုရင် ပြဿနာက နှစ်ခုရှိပါတယ်။
– တစ်ခုက အရက်သောက်တဲ့ ပြဿနာပါ၊

– နောက်တစ်ခုက ကိုထွန်းရဲ့ အမျိုးသမီးဖြစ်သူမလဲ့က သူ့အမျိုးသားအကြောင်းပြောတာကို တခြားလူတွေရဲ့ စကားကို မယုံကြည်တဲ့ပြဿနာပါ။ အဲဒီ့အမျိုးသမီးက သူ့ယောကျာ်းအကြောင်းပြောတာကို လက်ခံပြီး ယုံကြည်ဖို့ကတော့ လူမှုရေးဆိုင်ရာ သေချာဆွေးနွေးမှဖြစ်မှာပါ။

ပထမပြဿနာဖြစ်တဲ့ အရက်သောက်တဲ့ ပြဿနာကို ဖြေရမယ်ဆိုရင် လူတစ်ယောက်က အရက်သော်လည်း ကောင်း၊ မူးယစ်ဆေးဝါးသော်လည်းကောင်း၊ ကော်ရှူတာပဲဖြစ်ဖြစ်၊ ကွမ်းယာစားတာပဲဖြစ်ဖြစ်၊ ဆေးလိပ် သောက်တာပဲဖြစ်ဖြစ် စွဲသလား၊ မစွဲဘူးလားဆိုတာ CAGE ဆိုတဲ့ အချက်လေးချက်နဲ့ အလွယ်တကူတိုင်းပါတယ်။

CAGE ဆိုတာ . . .

C – Cut down. ငါဖြတ်သင့်ပြီ။ ဒါကို ငါမသုံးစွဲသင့်တော့ဘူးဆိုတဲ့ စိတ်ကူးမကြာခဏပေါ်ရင် ကိုယ့်ကိုယ်ကိုယ် စွဲနေပြီဆိုတာ သိထားသင့်ပါတယ်။

A – Annoy. ကိုယ်သုံးစွဲတာကြောင့် ကိုယ့်အတွက်သော်လည်းကောင်း၊ ကိုယ့်ပတ်ဝန်းကျင်အတွက်သော်လည်း ကောင်း၊ မိတ်ဆွေသော်လည်းကောင်း၊ လုပ်ငန်းဆိုင်ရာမှာသော်လည်းကောင်း၊ စီးပွားရေးဆိုင်ရာမှာသော်လည်းကောင်း အနှောင့်အယှက်တွေ၊ အဖုအထစ်တွေ၊ မကျေနပ်ချက်တွေ၊ အခက်အခဲတွေရှိနေရင်လည်း စွဲနေပြီလို့ ယူဆရပါတယ်။

G – Guilt. အပြစ်ရှိတယ်လို့ ခံစားရတာပါ။ ကိုထွန်းရဲ့ အခြေအနေက အရက်သောက်တာကို မိန်းမရှေ့ မသောက်ရဲတော့ ပုန်းလျှိုးကွယ်လျှိုးသောက်တယ်၊ မိန်းမရှေ့ကျတော့ လူကောင်းလုပ်နေတယ် . . ဒါက ဘာကိုပြသလဲဆိုတော့ ကိုယ့်ကိုယ်ကိုယ် အရက်သောက်တာကို အပြစ်ရယ်လို့ယူဆပြီး အရက်ကိုကြိုက်တော့ ကြိုက်တယ်၊ လူအထင်သေးမှာစိုးလို့ တိုးတိုးတိတ်တိတ်လုပ်တတ်တဲ့ အကျင့်ရှိတယ်ဆိုရင် စွဲနေပြီလို့ ယူဆရ ပါတယ်။

E – Side Effect. အရက်ကြောင့် အစစအရာရာ ထိခိုက်နစ်နာတာမျိုးပါ။ အရက်ကြောင့် လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ပေါင်းသင်းဆက်ဆံရေး စတာတွေ ထိခိုက်နေပြီဆိုရင် (အထူးသဖြင့် အဲဒီအချက်လေးချက်ထဲမှာ အ နည်းဆုံး နှစ်ချက်ထိခိုက်နေပြီဆိုရင်) အရက်စွဲလမ်းနေပြီလို့ ယေဘုယျအားဖြင့် သတ်မှတ်လို့ရပါတယ်။

အခုစာထဲမှာပါတဲ့ ကိုထွန်းအကြောင်းကို ဆန်းစစ်ကြည့်လိုက်တဲ့အခါ အဲဒီအချက်လေးချက်စလုံးနဲ့ ပြည့်စုံနေတဲ့အတွက် အရက်စွဲတယ်လို့ ဆရာတို့သတ်မှတ်ပေးလို့ရပါတယ်။ အရက်စွဲတဲ့ပြဿနာ ကင်းရှင်းအောင် သေချာစနစ်တကျ ကုသပေးလို့ရပါတယ်။ ကာယကံရှင်ရဲ့ ဆုံးဖြတ်ချက် နဲ့ ကြိုးစားမှုက အရေးကြီးဆုံးဖြစ်ပါတယ်။ အရင်ဆုံး လုပ်သင့်တာက ကိုထွန်းရဲ့အမျိုးသမီး မလဲ့ကိုလည်း သေချာဆွေးနွေးပြီး ရှင်းပြပေးရပါမယ်၊ နောက်ဆုံး အရက်စွဲတဲ့ ပြဿနာရှိသူ သူ့အမျိုးသား ဆေးကုသင့်တယ်ဆိုတာကို သူလက်ခံလာတဲ့အထိ ဆွေးနွေးပေးဖို့လိုပါတယ်။

Most Popular

Healthy Life Ad
To Top