Healthy Life Ad
Life Style

သင်ကြိုက်သော သီချင်းအမျိုးအစားက သင့်အကြောင်း ပြောပြနေပါတယ်

ကိုထက်

သင်နားထောင်နေတဲ့ သီချင်းတွေက  သင့်အတွက် နားထောင်လို့ကောင်းနေရုံသာမကပဲ သင်ရဲ့အတွင်းစိတ်ခံစားချက်တွေနဲ့ပါ ဆက်နွယ်နေတတ်တဲ့အတွက် ပြင်သစ်လေ့လာသူတွေက “တေးဂီတဆိုတာ သံစဉ်များဖြင့် တွေးတောခြင်းအနုပညာ”လို့တောင် တင်စားခေါ်ဆိုထားကြပါတယ်။ လူတစ်ဦးတစ်ယောက်ရဲ့ စိတ်နေစိတ်ထားပေါ်မူတည်ပြီး သူတိုရဲ့ကြိုက်နှစ်သက်တဲ့ သီချင်းအမျိုးအစားတွေကလည်း ကွာခြားနေတယ်လို့ ဆိုထားပါတယ်။ ဘယ်သီချင်းအမျိုးအစားတွေကို ကြိုက်တဲ့သူတွေက ဘယ်လိုစိတ်နေစိတ်ထားရှိတယ်ဆိုတာကို ပထမဆုံးစစ်တမ်းကောက်လေ့လာပြီး ဖော်ပြခဲ့သူကတော့ သြစတေးလျနိုင်ငံ ကာတင်တက္ကသိုလ်ရှိ Dr. Adrian North ဆိုသူပဲဖြစ်ပါတယ်။ Dr.North ဟာ၂၀၁၀ ခုနှစ်အတွင်း နိုင်ငံပေါင်း ၆၀ ခန့်မှ လူပေါင်းသုံးသောင်းခြောက်ထောင်ကျော်ကို လေ့လာစစ်တမ်းကောက်ခဲ့ပြီးနောက် လူတွေရဲ့ နေထိုင်မှုစရိုက်တချို့နဲ့ စိတ်နေစိတ်ထားတွေဟာ သူတို့ကြိုက်နှစ်သက်တဲ့ သီချင်းအမျိုးအစားတွေကို ကြည့်ပြီး ခန့်မှန်းနိုင်တယ်ဆိုတာကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။ Dr.North ရဲ့စစ်တမ်းတွေအရ ဖော်ပြထားတဲ့ သီချင်းအမျိုးအစားနဲ့ရှိတတ်တဲ့ စိတ်နေစိတ်ထားတချို့ကို ဖော်ပြပေးလိုက်ပါတယ်။

သင်က Hip-Hop သီချင်းအမျိုးအစားကို ကြိုက်ရင်
ဒီနေ့ခေတ် လူငယ်အများစု ကြိုက်နှစ်သက် ရေပန်းစားနေတဲ့ သီချင်းအမျိုးအစားတစ်ခုဖြစ်တဲ့ Hip-Hop သီချင်းအမျိုးအစားကို နားထောင်ရတာ အကြိုက်ဆုံးဆိုသူတွေဟာ များသောအားဖြင့် လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါးနေရတာကို သဘောကျသူတွေ ဖြစ်ပါတယ်။ ပွင့်လင်းစွာ ပြောဆိုတတ်ပြီး ဖော်ရွေတတ်ကြပါတယ်။ တစ်ခါတစ်လေ မိမိကိုယ်ကိုယ် အထင်အမြင်ကြီးတဲ့ စိတ်ရှိတတ်ပြီး သဘာဝဆန်တဲ့ ပတ်ဝန်းကျင်ထက် ခေတ်မီပြီး စတိုင်ကျတဲ့ လူနေမှုစရိုက်ကို ပိုပြီးသဘောကျသူတွေလို့ ဆိုထားပါတယ်။

သင်က Metal သီချင်းအမျိုးအစားကို ကြိုက်ရင်
တချို့သူတွေအတွက်တော့ အနှောက်အယှက် ဖြစ်နေတတ်ပေမယ့် တချို့သူတွေကစွဲစွဲလန်းလန်း ကြိုက်နှစ်သက်ကြတဲ့ သီချင်းအမျိုးအစားဖြစ်ပါတယ်။ Metal သီချင်းအမျိုးအစားဟာ အားနဲ့မာန်နဲ့ဆိုကြရတဲ့ သီချင်းအမျိုးအစားဖြစ်ပေမယ့် ကြိုက်နှစ်သက်သူတွေဟာ စိတ်ထားနူးညံ့တတ်ကြပါတယ်။ မိမိကိုယ်ကိုယ် စိတ်ကြီးဝင်တာလည်း သိပ်မရှိတတ်ပါဘူး။ သီးသန့်နေရတဲ့ပုံစံကို သဘောကျလေ့ရှိကြပြီး ဘယ်လိုပတ်ဝန်းကျင်မှာပဲဖြစ်ဖြစ် မိမိကိုယ်ကိုယ်သက်သောင့်သက်သာဖြစ်အောင် နေတတ်ကြသူတွေလို့ ဆိုထားပါတယ်။

သင်က Rock သီချင်းအမျိုးအစားကို ကြိုက်ရင်
Rock သီချင်းအမျိုးအစားကို ကြိုက်နှစ်သက်သူတွေကလည်း မိမိကိုယ်ကိုယ် အထင်အမြင်ကြီးခြင်းနည်းပြီး တီထွင်ဖန်တီးနိုင်စွမ်းကောင်းသူတွေလည်း ဖြစ်ကြပါတယ်။ ဒါပေမဲ့ အများအားဖြင့် အပျင်းလည်းကြီးတတ်ကြပါတယ်။ ခေါင်းမာသူတွေဖြစ်ပြီး ကိုယ်လုပ်ချင်တာကို တဇွတ်ထိုးလုပ်တတ်သူတွေ ဖြစ်ကြတယ်လို့ ဆိုထားပါတယ်။

သင်က Electronic/Dance သီချင်းအမျိုးအစားကို ကြိုက်ရင်
ခေတ်လူငယ်တွေ အလွန်သဘောကျပြီး အများအားဖြင့် ပါတီပွဲတွေမှာ ဖွင့်လေ့ရှိတဲ့ မြူးမြူးကြွကြွ သံစဉ်တွေနဲ့ကခုန်ရတာ ဒါမှမဟုတ် နားထောင်ရတာကို သဘောကျကြတဲ့သူတွေဟာ အများအားဖြင့် လူမှုဆက်ဆံရေးကောင်းသူတွေ ဖြစ်ကြပါတယ်။ ဖော်ရွေပြီး ပွင့်ပွင့်လင်းလင်း ပြောဆိုတတ်သူတွေပါ။ တီထွင်ဖန်တီနိုင်စွမ်းလည် းရှိကြပါတယ်။ ဒါပေမဲ့ တစ်ဇွတ်ထိုးနိုင်ပြီး လုပ်ချင်တာကို ဇွတ်လုပ်တတ်တဲ့ စိတ်နေသဘောထားလည်းရှိတယ်လို့ ဆိုထားပါတယ်။

သင်က Classical သီချင်းအမျိုးအစားကိုကြိုက်ရင်

အများအားဖြင့် လူလတ်ပိုင်းနဲ့ လူကြီးပိုင်းတွေ အကြိုက်များတဲ့ Classical သီချင်းအမျိုးအစားတွေကို သဘောကျတဲ့သူတွေဟာ တောတောင်သဘာဝကို အလွန်နှစ်သက်တတ်သူတွေ ဖြစ်ကြပါတယ်။ အများအားဖြင့် စီးပွားရှာတော်သူတွေလည်း ဖြစ်ကြပါတယ်။ မိမိကိုယ်ကိုယ် အထင်ကြီးတဲ့ စိတ်တွေရှိတတ်ကြပြီး တချို့တွေဟာ အတ္တကြီးသူတွေဖြစ်ကြတယ်လို့ ဆိုထားပါတယ်။

သင်က Pop သီချင်းအမျိုးအစားကို ကြိုက်ရင်
လူငယ်တွေ ကြိုက်နှစ်သက်တဲ့ သီချင်းအမျိုး အစားတစ်ခုဖြစ်တဲ့ Pop သီချင်းအမျိုးအစားကို ကြိုက်နှစ်သက်သူတွေကတော့ အလုပ်ကြိုးစားကြသူတွေ ဖြစ်ပါတယ်။ စိတ်လှုပ်ရှားလွယ်သူတွေ ဖြစ်ပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောဆိုတတ်ကြသူတွေ ဖြစ်ပါတယ်။ မိမိကိုယ်ကိုယ် ယုံကြည်မှုရှိသူတွေဖြစ်ပေမယ့် တီထွင်ဖန်တီးနိုင်စွမ်းတော့ အားနည်းတတ်တယ်လို့ ဆိုထားပါတယ်။

Most Popular

Healthy Life Ad
To Top