Healthy Life Ad
Health Tips

အသံထိခိုက်စေနိုင်တဲ့ အရာတွေကိုသိရှိပြီး အသံကောင်းမွန်နေဖို့ သိထားသင့်တဲ့အရာတွေ . . .

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

နှစ်စဉ်နှစ်တိုင်း လူသောင်းနဲ့ချီပြီး အသံပြဿနာ ခံစားနေရပါတယ်။ အသံဆုံးရှုံးမှုဟာ အလွန်ဆိုးဝါးတဲ့ အခြေအနေပါ။ ပေါင်းသင်းဆက်ဆံရေးအတွက် အခက်အခဲရှိသွားပါတယ်။ အသံဆုံးရှုံးတာကို လူတွေက မျက်စိမမြင်တာ၊ နားမကြားတာတို့နဲ့ မတူဘဲ အရေးမပါဘူး၊ ကုသဖို့မလိုဘူးလို့ ထင်တတ်ကြပါတယ်။ တကယ်တော့ သင့်အသံက သင့်ကျန်းမာရေးအခြေအနေကို ဖော်ပြနေတာကြောင့် သင့်အသံကောင်းမွန်နေအောင် ထိန်းသိမ်းထားနိုင်မယ့် နည်းလမ်းကောင်းတွေကို ကျွမ်းကျင်သူတွေက အကြံပြုထားပါတယ်။

အအေးမိခြင်းဖြင့် အသံဆုံးရှုံးမှုဖြစ်နိုင်

တချို့လူတွေက တခြားလူတွေထက် ပိုကျယ်လောင်တဲ့ အသံထွက်ရတဲ့ အကြောင်းပြချက် မျိုးစုံရှိပါတယ်။ တချို့လူတွေက သူတို့မှာ အကြားပြဿနာ ရှိတဲ့အခါ အော်ပြောတတ်ကြပါတယ်။ တခြားလူတွေကတော့ အသံအိုးဖြစ်စဉ်ကြောင့် ကျယ်လောင်တဲ့အသံတွေကို မထွက်နိုင်ပါဘူး။ တချို့လူတွေက အအေးမိတဲ့အခါနဲ့ အသံအိုးပိုးဝင်ရောင်ရမ်းတဲ့အခါတွေမှာ အသံဆုံးရှုံးနိုင်ခြေ ပိုများတတ်ပါတယ်။

သင့်အသံကို ပိုနုပျိုစေမည့် တေးညည်းသံ

အသက်ကြီးလာတဲ့အခါ လက်မောင်းနဲ့ ခြေသလုံးကြွက်သားတွေလိုပဲ အသံကြိုးကလည်း ပိုအားနည်းလာတတ်ပါတယ်။ အသက်ကြီးတဲ့သူတွေက စကားပြောတဲ့အခါ အသက်ရှူဖို့ ပိုလိုအပ်လာပါတယ်။ ဒီအပြောင်းအလဲက ပင်စင်ယူပြီးချိန်မှာ ပိုထင်ရှားလာပါတယ်။ သင့်အနေနဲ့ အသံကို အသုံးပြုနှုန်း နည်းလေလေ၊ ကြွက်သားတွေရဲ့ လှုပ်ရှားမှုက လျော့နည်းလေလေ ဖြစ်ပါတယ်။ ဒီလိုမဖြစ်စေဖို့ အငြိမ်းစားယူပြီး တစ်ယောက်တည်းရှိနေချိန်မှာ တေးညည်းတာ၊ သီချင်းဆိုတာတို့ကို ပြုလုပ်ပေးသင့်ပါတယ်။ ဒီလိုလုပ်တာက ကြွက်သားတွေကို သန်စွမ်းစေပါတယ်။

အဆီများခြင်းဖြင့် သင့်အသံကို ထိခိုက်စေနိုင်

ကိုယ်အလေးချိန် အနည်းငယ် မြင့်တက်တာကြောင့် သင့်အသွင်အပြင်ကို ထိခိုက်စေရုံသာမက သင့်အသံကိုလည်း ပြောင်းလဲသွားစေနိုင်ပါတယ်။ အကြောင်းကတော့ လည်ပင်းအဆီတွေက အသံထွက်တဲ့ နေရာအရွယ်အစားကို ပြောင်းလဲစေနိုင်တာကြောင့်ပါ။ ကိုယ်အလေးချိန် အလွန်အမင်းများတာကြောင့် လေပြွန်တလျှောက် လေလမ်းကြောင်းကို ကျဉ်းသွားစေနိုင်ပြီး အသံအရည်အသွေးပြောင်းလဲကာ ဖိအားသက်ရောက်သလို ဖြစ်စေပါတယ်။ အသံသွားရာလမ်းတလျှောက် တစ်သျှူးတွေ ပိုများလာတာကြောင့် အသံသြလာတတ်ပါတယ်။

ပူစပ်သောဟင်းလျာများက အသံအက်စေနိုင်

သင့်အသံက အမြဲလိုလိုအက်ကွဲနေရင် သင်စားတဲ့အစားအသောက်တွေကို ဆန်းစစ်ကြည့်ဖို့ လိုပါတယ်။ တချို့အစာတွေက အက်စစ်ဆန်တက်နိုင်ခြေကို များစေပြီး အသံကြိုးကို ရောင်ရမ်းစေကာ အသံအက်ကွဲစေနိုင်ပါတယ်။ ပူစပ်တဲ့အစာ၊ ဝိုင်ဖြူနဲ့ အမြှုပ်ထတဲ့ အချိုရည်တွေက အက်စစ်ဆန်တက်မှုကို တိုးစေပါတယ်။ လက်ဖက်ရည်နဲ့ ကော်ဖီများများသောက်ရင်လည်း ကဖင်းဓာတ်ကြောင့် ဆီးသွားများကာ ခြောက်သွေ့စေတဲ့အတွက် အသံအပေါ် သက်ရောက်မှုရှိပါတယ်။ ကြည်လင်တဲ့ အသံထွက်ဖို့ အသံအိုးထဲမှာ ပျော့ပျောင်းတဲ့ရေလို အချွဲတွေလိုအပ်ပါတယ်။ အသံအိုးက ခြောက်သွေ့လွန်းနေရင် အသံအက်ကွဲနိုင်ပါတယ်။ ဆေးလိပ်သောက်တာကလည်း အသံကြိုးကို ရောင်ရမ်းစေပြီး လည်ချောင်းမသက်မသာ ဖြစ်စေကာ အသံသြတတ်ပါတယ်။

လည်ချောင်းရှင်းလွန်းလေ အသံထိခိုက်လေ

သင်ကတော့ အချွဲတွေကို ရှင်းထုတ်ဖို့ ကြိုးစားနေတာလို့ ယူဆပါလိမ့်မယ်။ တကယ်တော့ လည်ချောင်းရှင်းတာကြောင့် အသံကြိုးကို ထိခိုက်စေနိုင်ပြီး အသံသြစေနိုင်ပါတယ်။ ရင်ဘတ်ပိုးဝင်တဲ့အခါ ချောင်းဆိုးတာကြောင့် လည်ချောင်းထဲက သလိပ်တွေ ထွက်ရှိသွားတတ်ပါတယ်။ ဒါပေမဲ့ မကြာခဏ လည်ချောင်းရှင်းတာကြောင့် အသံကြိုးကို မသက်မသာ ဖြစ်စေပြီး ရောင်ရမ်းစေနိုင်ပါတယ်။ အသံကြိုးဟာ ရေရှည်ရောင်ရမ်းနေရင် ဒါမှမဟုတ် သွေးထွက်နေရင် အသံသြသွားတတ်ပါတယ်။ ဒါကြောင့် လည်ချောင်းရှင်းချင်စိတ်ပေါ်ရင် ရေအနည်းငယ်ငုံလိုက်ဖို့ အကြံပေးချင်ပါတယ်။

သွေးတိုးကျဆေးက အသံကို ထိခိုက်စေနိုင်

တချို့ဆေးတွေက အသံအတွက် ဆိုးကျိုးဖြစ်စေနိုင်ပါတယ်။ ဓာတ်မတည့်မှု သက်သာစေတဲ့ ဟစ္စတာမင်းဆေးဝါး၊ သွေးတိုးကျစေတဲ့ ACEI ဆေးတွေက လည်ချောင်းကို ခြောက်သွေ့စေတဲ့အတွက် အသံအက်ကွဲစေနိုင်ပါတယ်။ ပန်းနာရင်ကျပ်ရောဂါအတွက် စတီးရွိုက်ရှူရင် အသံဆိုင်ရာ ကြွက်သားတွေကို ပါးလျအားနည်းစေပြီး အားနည်းတဲ့အသံကို ဖြစ်စေနိုင်ပါတယ်။

ဖုန်းပြောချင်ရင် နံနက်စောစောပြောပါ

သင့်အနေနဲ့ အရေးတကြီး ဖုန်းပြောဖို့ရှိရင် အိပ်ရာနိုးတာနဲ့ ချက်ချင်းဖုန်းပြောသင့်ပါတယ်။ တစ်ညလုံး အိပ်စက်ထားတဲ့အတွက် အသံကြိုးတစ်သျှူးထဲမှာ အရည်တွေ စုဆောင်းနေပြီး အသံကြိုးဟာ အနည်းငယ် ရောင်ရမ်းထူထဲနေပါတယ်။ ဒီအချိန်မှာ အသံက အနည်းငယ် တိုးနေတတ်ပါတယ်။ အိပ်ရာထလိုက်တဲ့အခါ ကမ္ဘာ့မြေဆွဲအားကြောင့် ရောင်ရမ်းမှုက လျော့ကျသွားတတ်ပါတယ်။ ဒါကြောင့် ရေနွေးကြမ်းတစ်ခွက်သောက်ပြီး ဖုန်းပြောနိုင်ပါတယ်။

လက်လှုပ်သူများ အသံတုန်တတ်

လူခြောက်သိန်းခွဲလောက်ဟာ ဦးနှောက်ထဲက နာ့ဗ်ဆဲလ်တွေ မထိန်းချုပ်နိုင်ဘဲ လှုပ်နေတာကြောင့် လက်တုန်နေတတ်ပါတယ်။ လက်တုန်နေသူ သုံးပုံတစ်ပုံက အသံတုန်တတ်ကြပါတယ်။ အသံကြိုးနဲ့ အနီးတဝိုက် ကြွက်သားတွေထဲကို ဘိုတော့စ်ဆေးထိုးတာကြောင့် အသံတုန်တာ သက်သာနိုင်ပါတယ်။ လူတစ်ယောက် စကားပြောတဲ့ပုံစံ ပြောင်းလဲသွားတာက ပါကင်ဆန်ရောဂါ အစောပိုင်းလက္ခဏာ တစ်ရပ်ဖြစ်နိုင်ပါတယ်။ ရှားရှားပါးပါးအနေနဲ့ အသံပြောင်းလဲတာက အဆုတ်ကင်ဆာရဲ့ ပထမဆုံးလက္ခဏာတစ်ရပ်လည်း ဖြစ်နိုင်ပါတယ်။

အသံအားလျော့လွန်းခြင်းသည် စိတ်ဖိစီးမှုလက္ခဏာတစ်ရပ်

အသံဆိုတာ စိတ်ခံစားမှုကို ဖော်ပြနေတဲ့အရာပါ။ စိတ်ဖိစီးမှုဖြစ်ရင် လည်ချောင်းနဲ့ လည်ပင်းတင်းအား များလွန်းတာကြောင့် အသံက အားနည်းလွန်းနေတတ်ပါတယ်။ လည်ချောင်းနဲ့ လည်ပင်းကြွက်သားတွေ တင်းမာနေတာကို လျော့ကျစေဖို့ ယောဂကျင့်တာ၊ စိတ်ကုထုံးသုံးတာတို့ လုပ်ဆောင်ပေးနိုင်ပါတယ်။ လုပ်ငန်းခွင် အင်တာဗျူးတွေမှာ စိတ်လှုပ်ရှားနေတာကြောင့် အသံက ကျယ်နေတတ်ပါတယ်။

Most Popular

Healthy Life Ad
To Top