Healthy Life Ad
Life Style

၀ါဆိုမိုးဦး၏ ကျန်းမာလှပလူမှုဘဝ

လတ်တလော အနုပညာလှုပ်ရှားမှု

ဝါဆိုအခုလတ်တလော ကြော်ငြာတွေရိုက်ဖြစ်နေပါတယ်။ MTV တွေလည်း ရိုက်ဖြစ်ပါတယ်။ အခုလက်ရှိမှာတော့ တစ်ကိုယ်တော်စီးရီးလေးကို အကောင်းဆုံးဖြစ်အောင် ကြိုးစားပြီးလုပ်နေပါတယ်။ ရုပ်ရှင်ကားကြီးတွေတော့ သိပ်မရိုက်ဖြစ်သေးပါဘူး။ ကမ်းလှမ်းလာလို့ အခွင့်သင့်ရင်တော့ ရိုက်ဖို့ရှိပါတယ်။

အနုပညာအလုပ်အပြင် ဝါဆိုစိတ်ဝင်စားသည့် အသက်မွေးဝမ်းကျောင်းအလုပ်

စီးပွားရေးတွေတော့ သိပ်မလုပ်ဖြစ်သေးပါဘူး။ ငယ်သေးတာလည်း ပါတာပေါ့။ ဝါဆိုက ဖက်ရှင်ဝါသနာပါတော့ ဒီဇိုင်နာနဲ့ပတ်သက်ပြီး ဖက်ရှင်နဲ့ပတ်သက်တဲ့အလုပ်ကို လုပ်မယ်လို့စိတ်ကူးထားပါတယ်။

အသားအရေမပျက်စီးအောင် ထိန်းသိမ်းပုံ

ဝါဆိုက အသားဖြူတာကြိုက်တယ်။ ငယ်ငယ်လေးကတည်းက အသားအရေမပျက်စီးအောင် ထိန်းသိမ်းတယ်။ နေပူထဲတွေ သိပ်မသွားဘူး။ အခုလက်ရှိမှာ မင်းသမီးလုပ်နေတာဆိုတော့ မိတ်ကပ်တွေအမြဲလိမ်းရတာမျိုး၊ နေပူထဲကားရိုက်တာမျိုးတွေ ရှိတယ်။ အဲဒီအခါကျရင် ဝါဆိုရဲ့အသားအရေကို သေချာပြန်ထိန်းသိမ်းရပါတယ်။ ဝါဆိုရဲ့မျက်နှာက ထိခိုက်လွယ်တဲ့အသားအရေမျိုးဆိုတော့ အလှကုန်အသစ်သုံးလိုက်လို့ အဆင်မပြေရင် အဖုအပိမ့်တွေက ချက်ချင်းထွက်လာတယ်။ အဲ့ဒါကြောင့် ဝါဆိုနဲ့တည့်တဲ့ Skin care ကိုပဲ သေချာသုံးဖြစ်တယ်။ တစ်ခါတလေကျရင် အသီးအနှံနဲ့ပတ်သက်တဲ့ အသားအရေထိန်းသိမ်းမှုတွေလည်း လုပ်ဖြစ်ပါတယ်။

ဝါဆိုသုံးနေကျ မိတ်ကပ်အမျိုးအစား

MAC ကိုပဲ သုံးဖြစ်တာများတယ်။ MAC က ဝါဆိုရဲ့အသားအရေနဲ့ အသုံးတည့်ပါတယ်။
ဝါဆိုက မိတ်ကပ်ဆရာနဲ့လည်း လိမ်းဖြစ်ပါတယ်။ ကိုယ်တိုင်လိမ်းရတာလည်း ဝါသနာပါတယ်။ မိတ်ကပ်လိမ်းနည်းနဲ့ ပတ်သက်တဲ့အကြောင်းအရာတွေကိုလည်း လေ့လာဖြစ်တယ်။ ဝါဆိုက မိတ်ကပ်ကိုယ်တိုင်လိမ်းဖြစ်ရင် မျက်လုံးကိုခြယ်သရတာ ပိုသဘောကျတယ်။ နှုတ်ခမ်းနီဆိုးရင် ဖျော့ဖျော့လေးတွေ ပိုကြိုက်ပါတယ်။ သဘာဝဆန်တဲ့ကာလာလေးတွေ ကြိုက်ပါတယ်။

အားကစားလုပ်ပြီး ခန္ဓာကိုယ်အလှထိန်းသိမ်း

ဝိတ်နဲ့ပတ်သက်ပြီး ထွေထွေထူးထူးထိန်းသိမ်းရတာမျိုး မရှိပါဘူး။ Gym ကစားတဲ့ အားကစားလုပ်တာကြောင့် သွေးလှည့်ပတ်မှုကောင်းတယ်။ ခန္ဓာကိုယ်အလေးချိန်ကိုလည်း ထိန်းသိမ်းပေးတယ်။ အဓိက Gym ကစားတာက ကျန်းမာရေးအတွက် အများကြီးအထောက်အကူပြုတယ်လို့ ထင်ပါတယ်။ ပြီးတော့ အစားအသောက်ကို ဆင်ခြင်ပြီးစားတယ်။

ဝါဆိုရဲ့ ကျန်းမာရေးစောင့်ရှောက်မှုပုံစံ

အဓိကအစားအသောက်ကို ကျန်းမာရေးနဲ့အညီ စားဖြစ်တယ်။ Gym ကစားတယ်။ ကျန်းမာရေးစစ်ဆေးမှုတွေလည်း လုပ်ဖြစ်ပါတယ်။ တစ်ခါတလေအိမ်ကနေ တစ်ခါတည်းစားစရာလေး ယူသွားတယ်။ ဆေးဝါးလေးတွေလည်း ယူဆောင်သွားဖြစ်ပါတယ်။ ပြီးတော့ ဝါဆိုကအစပ်နဲ့အငန်ကြောက်တော့ နှစ်ခုလုံးကိုရှောင်တယ်။ အဓိကဝါဆိုက အစာအိမ်ရောဂါရှိတော့ အစားအသောက်ကို ပုံမှန်စားဖြစ်အောင် ဂရုစိုက်ရပါတယ်။ ကျန်းမာရေးစစ်ဆေးမှုလည်း ခြောက်လတစ်ခါလုပ်ဖြစ်ပါတယ်။

အစာအိမ်ရောဂါဖြစ်ဖူးလို့ ကျန်းမာရေးကို ပိုဂရုစိုက်ဖြစ်

ဝါဆိုအရင်ကဆို အစာအိမ်ရောဂါဖြစ်လို့ ဆေးရုံ၊ ဆေးခန်း ခဏခဏပြရတယ်။ အစားအသောက်မဆင်ခြင်တာရယ်၊ အစာကိုပုံမှန် မစားဖြစ်တာရယ်ကြောင့်ပါ။ အဲဒီအချိန်ကဆို အရမ်းစိတ်ညစ်ခဲ့ရတယ်။ အခုနောက်ပိုင်းကျတော့ လူတစ်ယောက်မှာကျန်းမာရေးက အရေးကြီးတယ်ဆိုတာ သိနားလည်သွားတဲ့အတွက် အစစအရာရာ ပိုဂရုစိုက်ဖြစ်နေပါတယ်။

အကောင်းဆုံးဖြစ်အောင်နေတဲ့အတွက် ကောလာဟလကို ဂရုမစိုက်

တစ်ခါတလေကျရင် ကိုယ်မလုပ်ဘဲနဲ့လုပ်တယ်ဆိုတဲ့ ကောလာဟလတွေကြောင့် စိတ်ညစ်တယ်။ ဝါဆိုကတော့ အနုပညာရှင်တစ်ယောက်လုပ်ပြီဆိုရင် ကောင်းတာရှိသလို ဝေဖန်ခံရတာမျိုးလည်း ရှိမှာပဲဆိုတာ နားလည်ပါတယ်။ အဓိက ကိုယ့်လိပ်ပြာကိုယ်သန့်ဖို့ အရေးကြီးတယ်။ ဝါဆို အနုပညာစလုပ်ကတည်းက အကောင်းဆုံး၊ အမှန်ဆုံးဖြစ်အောင်နေတဲ့အတွက် ကောလာဟလအတိုက်အခိုက်တွေကို ဂရုမစိုက်ပါဘူး။ မိဘရဲ့အုပ်ထိန်းမှုအောက်မှာနေတဲ့အတွက် ဘာဖြစ်ဖြစ်အိမ်ကမိဘနဲ့ တိုင်ပင်တယ်၊ ရင်ဖွင့်တယ်။

ဟော့ရှော့ဝတ်ပြီး အကျင့်စာရိတ္တကောင်းသူ အများကြီး . .

ဝါဆိုတို့လူငယ်တွေအနေနဲ့ ဖက်ရှင်ကိုလေ့လာပြီး ဝတ်စားဆင်ယင်တာမျိုးတွေရှိတဲ့အတွက် မြန်မာမိန်းကလေးတစ်ယောက်အနေနဲ ့ မဝတ်သင့်ဘူးလို့ ဝေဖန်ပြောဆိုခံရတာမျိုးတွေ ရှိတယ်။ ဝါဆိုကဖက်ရှင်ဒီဇိုင်းကို ဝါသနာပါတယ်။ လူတစ်ယောက်ကလည်း ဖက်ရှင်အမြင်ရှိမှ အဆင်ပြေမယ်။ ဝါဆိုသဘောကျနှစ်သက်တဲ့ ဖက်ရှင်ဝတ်စုံဆိုရင် ဝတ်လိုက်တယ်။ ဟော့ရှော့ဖြစ်ရင်လည်း ဖြစ်သွားမယ်။

လူတစ်ယောက်ရဲ့ဖက်ရှင်ဝတ်စုံကိုကြည့်ပြီး အကျင့်စာရိတ္တကို ဝေဖန်ပိုင်းခြားမယ်ဆိုရင် မှားသွားမယ်။ ခေတ်မီဖက်ရှင်ဝတ်စုံကို သဘောကျဝတ်ဆင်ပြီး အကျင့်စာရိတ္တကောင်းတဲ့ မိန်းကလေးတွေအများကြီးပါ။

ဟော့ရှော့ဝတ်တာကြောင့် အကျင့်စာရိတ္တပါ မကောင်းတဲ့သူလို့တော့ မသတ်မှတ်စေချင်ပါဘူး။

စိတ်ဖိစီးမှုဖြစ်လာရင် သီချင်းအော်ဆို . .

ဝါဆိုက စိတ်ဖိစီးမှုတွေဖြစ်လာရင် သီချင်းအကျယ်ကြီး အော်ဆိုတယ်။ ရုပ်ရှင်ကြည့်ဖြစ်ပါတယ်။ တစ်ခါတလေ စိတ်အရမ်းညစ်တာမျိုးရှိရင် အစားတွေအများကြီး စားပစ်လိုက်ပါတယ်။

ပရိသတ်တွေအတွက် ကျန်းမာရေးအကြံပြုချက်

ကျန်းမာရေးကောင်းမှ ကိုယ်လုပ်ချင်တာ လုပ်လို့ရမယ်။ ကျန်းမာရေးစစ်ဆေးမှုကိုလည်း အနည်းဆုံးခြောက်လတစ်ကြိမ် လုပ်ကြပါလို့ပြောချင်ပါတယ်။

Most Popular

Healthy Life Ad
To Top