Healthy Life Ad
Child

ငါးနှစ်အောက် ကလေးငယ် သေဆုံးမှုတွင် ဝမ်းလျှောဝမ်းပျက်ရောဂါကြောင့် အဖြစ်များ

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

ဝမ်းလျှောဝမ်းပျက်ရောဂါကြောင့် အသက် ငါးနှစ်အောက်ကလေးသေဆုံးမှုမြင့်မားရကြောင်း အာဟာရဆိုင်ရာ အထူးကု ဆရာဝန်ကြီး ဒေါက်တာဒေါ်ဝင်းဝင်းမြင့်က Healthy life ဂျာနယ်သို့ ပြောကြားခဲ့သည်။

“တစ်နှစ်အောက် ကလေး၊ ငါးနှစ်အောက် ကလေးကိုကြည့်လိုက်ရင် ၁၉၇၀ တုန်းက ၁၀ဝ၀ ဦးမှာ ၈၀ လောက် သေဆုံးမှုရှိခဲ့ပါတယ်။ အခု၂၀၁၄ ခုနစ်မှာဆိုရင် ကလေးသေဆုံးမှုကတစ်ဝက်လောက် လျော့ကျသွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျန်းမာရေးအသိပညာနဲ့ ကျန်းမာရေး စောင့်ရှောက်မှုက တိုးလာလို့ပါ။ တစ်နှစ်အောက်ပဲဖြစ်ဖြစ်၊ ငါးနှစ်အောက်ပဲဖြစ်ဖြစ် သေဆုံးမှုက နည်းသွားပေမယ့် ရှိတော့ရှိနေတုန်းပါပဲ။ ဒီကလေးငယ်တွေက ဘာကြောင့် သေဆုံးရသလဲဆိုရင် ဝမ်းလျှောဝမ်းပျက်ကြောင့် အများဆုံး ဖြစ်နေပါတယ်။ ပြီးတော့ အာဟာရချို့တဲ့မှုက လိုက်လာပါတယ်။

ဝမ်းလျှောဝမ်းပျက်ရောဂါ မဖြစ်အောင်ဆိုရင် ကလေးငယ်တွေကို ဖြည့်စွက်စာ ကျွေးတဲ့ အချိန်ကစပြီးဖြစ်ဖြစ်၊ အသက် တစ်နှစ်-နှစ်နှစ်အရွယ်မှာပဲ ဖြစ်ဖြစ် အဓိက Probiotics လို့ခေါ်တဲ့ အကျိုးပြု ဘက်တီးရီးယားပိုးတွေ အစာအိမ်ထဲ ရောက်သွားအောင် လုပ်ပေးရပါတယ်။ ဒါကြောင့် နို့မှုန့်သောက် တယ်ဆိုရင် Porbiotics ပါတာကို ရွေးဖို့လိုသလို သဘာဝအစာဆိုရင် ကညွတ်၊ ငှက်ပျောသီးတို့လို Probiotics အများကြီးပါတဲ့ အစာတွေကို ကျွေးရပါမယ်”ဟု ဒေါက်တာဒေါ်ဝင်းဝင်းမြင့်က ဆိုသည်။

ကလေးငယ် အသက် ခုနစ်လကျော်အရွယ် ဖြည့်စွက်စာကျွေးရာတွင် ဟင်းသီးဟင်းရွက်များ ထည့်ကျွေးလေ့ရှိရာ ကညွတ်၊ ဟင်းနုနယ်၊ ငှက်ပျောသီး စသည်တို့ ထည့်ကျွေးသင့်ကြောင်း သိရသည်။

“ဒီလို Probiotics ပါတဲ့ ဟင်းသီးဟင်းရွက်တွေကို ထည့်ကျွေးတာက အူလမ်းကြောင်းမှာ အကျိုးပြုတဲ့ ပိုးတွေကို မွေးပေးလိုက်တာနဲ့ အတူတူပါပဲ။ အဲဒီတော့ အစာအိမ်အူလမ်းကြောင်းက ကျန်းမာနေပြီး ဝမ်းလျှောဝမ်းပျက်ရောဂါ သက်သာနေပါတယ်။ အခုနောက်ပိုင်းလေ့လာမှုတွေအရ အူလမ်းကြောင်းက ကောင်းမွန်နေတယ်ဆိုရင် ဦးနှောက်ထဲမှာ ဖန်တီးနိုင်စွမ်းအားကလည်း ကောင်းနေတယ်ဆိုတဲ့ ဆက်နွှယ်မှုတွေ တွေ့လာရပါတယ်။ အရင်ကလည်း ဝမ်းတစ်လုံးကောင်း၊ ခေါင်းမခဲ ဆိုတဲ့ စကားပုံတွေ ရှိခဲ့တဲ့အတွက် ကလေးငယ်တွေအားလုံး ကျန်းမာပြီး ဦးနှောက်ဖွံ့ဖြိုးဖို့ အူလမ်းကြောင်း ကျန်းမာရေးက အရေးကြီးလာပါတယ်။ ဒါကြောင့် အစားအသောက် စားတဲ့အခါ Probiotics ပါဝင်တဲ့ အစာတွေကို ရွေးပြီး ကျွေးသင့်တာဖြစ်ပါတယ်”ဟု ဒေါက်တာဒေါ်ဝင်းဝင်းမြင့်က ပြောကြားခဲ့သည်။

Most Popular

Healthy Life Ad
To Top