Healthy Life Ad
Life Style

မသက်မသာ ဖြစ်စေသည့် မျက်စိခြောက်ခြင်း (Dry Eye)

စူး ( ဆေးဝါးတက္ကသိုလ် )

တစ်နေ့လုံး အလုပ်လုပ်ပြီးချိန်မှာ မျက်စိနီတာ၊ မျက်စိစပ်ဖျဉ်းဖျဉ်းဖြစ်တာနဲ့ တစ်ခါတလေ မျက်ရည်ပူကျတာတို့ ခံစားနေရပါသလား၊ ဒီလက္ခဏာတွေက မျက်စိခြောက်သွေ့တဲ့ အခြေအနေကြောင့် ဖြစ်ရတာပါ။

မျက်စိမျက်နှာပြင်မှာ အစိုဓာတ်နဲ့ စိုထိုင်းဆတို့ မရှိတာကြောင့် မျက်စိခြောက်သွေ့တတ်ပါတယ်။ မျက်စိရှေ့တစ်သျှူး ရောင်ရမ်းတာ၊ စပ်ဖျဉ်းဖျဉ်းဖြစ်တာတွေကြောင့် မျက်စိခြောက်သွေ့တတ်ပါတယ်။ မျက်စိခြောက်သွေ့တဲ့အခါ တစ်ခါတလေ မျက်စိထဲဖုန်၊ သဲဝင်သလို ခိုးလိုးခုလုနဲ့ စပ်ဖျဉ်းဖျဉ်း ဖြစ်တတ်ပါသေးတယ်။

အမျိုးသမီးတွေမှာ အသက်အရွယ်ကြီးလာတာကြောင့် မျက်စိခြောက်သွေ့တတ်သလို ဟစ္စတာမင်းတားဆေး၊ စိတ်ကျရောဂါကုသဆေး၊ သွေးတိုးကျဆေး၊ ပါကင်ဆန်ရောဂါကုသဆေးနဲ့ သန္ဓေတားဆေး စတဲ့ ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးကြောင့်လည်း မျက်စိခြောက်သွေ့တတ်ပါတယ်။

ခြောက်သွေ့ကာ ဖုန်ထူပြီး လေတိုက်တဲ့ ရာသီဥတုမှာနေရင် မျက်စိခြောက်သွေ့တဲ့ ဝေဒနာဖြစ်နိုင်ခြေများပါတယ်။ အဲကွန်း ဒါမှမဟုတ် အပူပေးစနစ်ကြောင့်လည်း မျက်စိခြောက်သွေ့တတ်ပါတယ်။ ကွန်ပျူတာမော်နီတာကို တစ်ချိန်လုံး ကြည့်နေရတာနဲ့ မျက်တောင်ခတ်နှုန်း မလုံလောက်တာကြောင့်လည်း မျက်စိခြောက်သွေ့တတ်ပါတယ်။

ဘယ်သူတွေ ဖြစ်နိုင်ခြေများသလဲ
လူတိုင်းမျက်စိခြောက်တဲ့ ဝေဒနာရတတ်ပါတယ်။ ဒါပေမဲ့ အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုအဖြစ်များပါတယ်။ အကြောင်းကတော့ အမျိုးသမီးတွေ အသက်ကြီးလာချိန်မှာ ဟော်မုန်းအတက်အကျ ဖြစ်တာကြောင့်ပါ။
ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ၊ ပဋိသန္ဓေတားဆေး မှီဝဲတဲ့သူတွေနဲ့ သွေးဆုံးတဲ့သူတွေက မျက်စိခြောက်သွေ့တဲ့ဝေဒနာ ဖြစ်နိုင်ခြေများပါတယ်။ ဟော်မုန်းအစားထိုး ကုသမှုခံယူတဲ့ အမျိုးသမီးတွေတောင် မျက်စိခြောက်သွေ့တဲ့ ဝေဒနာရနိုင်ခြေများပါတယ်။ မျက်ကပ်မှန်တပ်ဆင်သူတွေက မျက်စိခြောက်သွေ့တဲ့ ဝေဒနာဖြစ်နိုင်တဲ့ အန္တရာယ်များပါတယ်။ လတ်တလောလေ့လာမှုအရ မျက်ကပ်မှန်တပ်ဆင်တာနဲ့ မျက်စိခြောက်သွေ့တာက အပြန်အလှန် သက်ရောက်မှုရှိတယ်လို့ သိရပါတယ်။ မျက်စိခြောက်သွေ့တဲ့အခါ မျက်ကပ်မှန်တပ်ရတာ မသက်မသာ ဖြစ်သလိုပဲ မျက်ကပ်မှန်တပ်တဲ့အခါ မျက်စိခြောက်သွေ့တဲ့ ဝေဒနာပိုဆိုးတတ်ပါတယ်။
ဆေးလိပ်သောက်သူတွေက မျက်စိခြောက်သွေ့တ ဲ့ဝေဒနာဖြစ်နိုင်ခြေ ပိုများပါတယ်။

မျက်စိခြောက်သွေ့မ သက်သာစေရန် ဆေးပညာရှင်တို့၏ အကြံပြုချက်များ
(၁) မျက်စိကို မကြာခဏ အနားပေးပါ
မျက်စိကို အလေးထားရတဲ့ အလုပ်တွေလုပ်နေရင် ဒါမှမဟုတ် စာဖတ်နေရင်ကြားထဲမှာ မကြာခဏ နားပေးပါ။ အလုပ်လုပ်ပြီး မိနစ်အနည်းငယ်ကြာတိုင်း မျက်စိကို မှိတ်ပေးပါ . . ဒါမှမဟုတ် စက္ကန့်အနည်းငယ်ကြာတိုင်း မျက်တောင်ခတ်ပေးပါ။ မျက်ရည်တွေက သင့်မျက်ဝန်းအနှံ့ ပျံ့နှံ့သွားပါလိမ့်မယ်။

(၂) မျက်စိကို တိုက်ရိုက် လေမတိုးပါစေနှင့်
မျက်စိထဲကို ဆံပင်လေမှုတ်စက်က လေတွေ၊ ကားအပူပေးစက်၊ အဲကွန်းနဲ့ ပန်ကာကလေတွေ တိုက်ရိုက်မဝင်အောင် အထူးသတိထားသင့်ပါတယ်။

(၃) သင့်ပတ်ဝန်းကျင်ကို အလေးထားပါ
အမြင့်ပိုင်းဒေသ၊ သဲကန္တာရနဲ့ လေယာဉ်ပေါ်က လေတွေက မျက်စိကို အလွန်အမင်း ခြောက်သွေ့စေနိုင်ပါတယ်။ အဲဒီလို ပတ်ဝန်းကျင်မှာ သင်ရှိနေတယ်ဆိုရင် သင့်မျက်စိကို မကြာခဏဆိုသလို မိနစ်အနည်းငယ်ကြာ မှိတ်ပေးထားဖို့လိုပါတယ်။ ဒါမှသာ မျက်ရည်တွေအငွေ့ပျံ့ပြီး မျက်စိခြောက်သွေ့မှု ဖြစ် နှုန်းလျော့ကျသွားမှာပါ။

(၄) ကွန်ပျူတာမော်နီတာကို မျက်စိ Level အောက် ထားပါ
သင့်ကွန်ပျူတာစကရင် ဒါမှမဟုတ် မော်နီတာကို မျက်စိ Level အောက်ထားတာက မျက်စိကို ပိုပြီး ပြူးမထားရပါဘူး၊ အလွန်အမင်း အာရုံမစိုက်ရပါဘူး။ ဒီလိုလုပ်တာကြောင့် မျက်တောင်ခတ်တဲ့ အကြိမ်ရေ တစ်ကြိမ်နဲ့ တစ်ကြိမ်ကြား မျက်ရည်အငွေ့ ပျံတာနှေးစေပါတယ်။

(၅) ဆေးလိပ်မသောက်ပါနှင့်
ဆေးလိပ်သောက်တဲ့ အကျင့်ပြတ်သွားစေဖို့ ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပါ။ သင်ကဆေးလိပ် မသောက်တတ်သူဆိုရင် ဆေးလိပ်သောက်သူတွေနဲ့ ဝေးဝေးမှာနေပါ။ ဆေးလိပ်သောက်တာကြောင့် မျက်စိခြောက်တာကို ပိုဆိုးစေနိုင်ပါတယ်။

(၆) မျက်စဉ်းဆေး ခတ်ပါ
နာတာရှည် မျက်စိခြောက်သွေ့တဲ့ ဝေဒနာရှိသူတွေဟာ မျက်စဉ်းဆေးခတ်ပေးမှ မျက်စိကောင်းကောင်း စိုပြည်နေမှာ ဖြစ်ပါတယ်။
Ref; HD

Most Popular

Healthy Life Ad
To Top