Healthy Life Ad
Health Tips

ဘယ်တော့မှ ကြီးကြီးမားမား မဖျားနာဖူးသည့် ဘိုးဘိုး၊ ဘွားဘွားတို့၏ လျှို့ဝှက်ချက်

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)
တချို့ဘိုးဘိုး၊ ဘွားဘွားတွေက အသက်ကြီးတဲ့အထိ အအိပ်အစားမပျက်၊ အသွားအလာ မပျက်ဘဲ ကျန်းကျန်းမာမာ ရှိကြတာ မြင်ဖူးမှာပါ။ သူတို့ကို မြင်တဲ့အခါ အားကျစိတ်နဲ့အတူ “အရင်ဘဝက သီလကောင်းလို့ပေါ့”ဆိုတဲ့ မှတ်ချက်တွေလည်း ပေးလေ့ရှိကြပါတယ်။ လေ့လာမှုတွေအရ ကြီးမားတဲ့ဖျားနာမှုနဲ့ ရောဂါဝေဒနာတွေမခံစားရဘဲ အသက်ရှည်ကျန်းမာနေကြတဲ့ ဘိုးဘိုးဘွားဘွားတွေမှာ ကောင်းမွန်တဲ့ ကျန်းမာရေးလျှို့ဝှက်ချက်တွေ ရှိနေတာကို တွေ့ရှိခဲ့ရပါတယ်။

(၁) အိပ်စက်မှုပုံစံက အမြဲ တစ်သမတ်တည်း ရှိပါတယ်
တစ်နေ့ခုနစ်နာရီထက် လျော့နည်းပြီးအိပ်လေလေ၊ အအေးမိဝေဒနာ ရနိုင်ခြေပိုများလေလေ ဖြစ်တယ်လို့ လေ့လာမှုအရ သိရပါတယ်။ အိပ်စက်လိုက်တဲ့အခါ တစ်နေ့လုံး ပင်ပန်းနွမ်းနယ်နေတဲ့ခန္ဓာကိုယ်က အလိုလို ပြန်လည်ပြုပြင်ပေးမှာပါ။ တစ်ညလုံး ကောင်းကောင်း မအိပ်ဘူးဆိုရင် ခန္ဓာကိုယ်က ကူးစက်ပိုးဝင်နိုင်ခြေ ပိုများပါလိမ့်မယ်။ ခန္ဓာကိုယ်က စိတ်ဖိစီးမှုဟော်မုန်းကို ပြန်လည်ထိန်းညှိဖို့ ကြိုးစားတဲ့ အချိန်က ညဘက်ပါ။ ဒါကြောင့် လူတွေက ညဘက်မှာ အိပ်ချိန်၊ ထချိန်ကို နေ့စဉ် ပုံမှန်တူညီ နေအောင်ထားသင့်ပါတယ်။ ဒီနည်းက ကျန်းမာတဲ့ ဘိုးဘိုး၊ ဘွားဘွားတွေလုပ်လေ့ရှိတဲ့ စိတ်ဖိစီးမှု ထိန်းချုပ်ပြီး ကူးစက်ပိုးတွေကို တွန်းလှန်နိုင်တဲ့နည်း ဖြစ်ပါတယ်။

(၂) ဘာစားရမလဲဆိုတာ သိပါတယ်
ကျန်းမာသက်ရှည်တဲ့ ဘိုးဘိုး၊ ဘွားဘွားတွေက အဆင်သင့်အစာတွေကို စားလေ့မရှိဘဲ လတ်ဆတ်တဲ့ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေကို အဓိက စားလေ့ရှိပါတယ်။
သူတို့ စားလေ့ရှိတဲ့ အစာတွေက အာဟာရ သိပ်သည်းမှုများတဲ့ အစာတွေ ဖြစ်ပါတယ်။ အဲဒါတွေကတော့-

– ကန်စွန်းဥ၊

– ငရုတ်ပွသီး၊

– သံပရာသီး၊ သံပရိုသီး၊ လိမ္မော်သီး၊ ရှောက်သီး စတဲ့ အချဉ်အရသာရှိ သစ်သီးတွေ၊

– စပျစ်သီးတွေ ဖြစ်ပါတယ်။

ကျန်းမာတဲ့ အစာစားတဲ့အတွက် ခန္ဓာကိုယ်ကနေ ဘက်တီးရီးယားနဲ့ ပိုးမွှားတွေကို တွန်းလှန်ပေးပါတယ်။ ဒီတော့ ကူးစက်ပိုးဝင်တာနဲ့ အအေးမိဝေဒနာတွေကို မဖြစ်အောင် ကာကွယ်နိုင်တာပဲ ဖြစ်ပါတယ်။

(၃) လက်တွေကို ပုံမှန် ဆေးကြောပါတယ်
ရောဂါပိုးမွှားတွေ ကင်းစင်စေဖို့ လက်တွေကို မကြာခဏ ဆေးကြောပေးဖို့ လိုအပ်ပါတယ်။ လက်ဆေးသင့်တဲ့ အဓိက အချိန်တွေကတော့-

– အစာကို မပြင်ဆင်ခင်နဲ့ ပြင်ဆင်ပြီးချိန်၊

– အစာမစားခင်၊

– အိမ်သာ တက်ပြီးချိန်၊

– နှာချေပြီးချိန်နဲ့ ချောင်းဆိုးပြီးချိန်တွေပဲ ဖြစ်ပါတယ်။

လက်ကို ဆပ်ပြာနဲ့ ရေသုံးပြီး စက္ကန့် ၂၀ ကြာ ဆေးကြောသန့်စင်တာကြောင့် အအေးမိရောဂါနဲ့ တုပ်ကွေးရောဂါ ဖြစ်နှုန်းကို ၅၀ ရာခိုင်နှုန်းကျော် လျော့ကျစေနိုင်ပါတယ်။ ဒါကြောင့် မကြာခဏ လက်ဆေးလေ့ရှိတဲ့ ဘိုးဘွားတွေ သက်ရှည်ကျန်းမာ ရတာပါ။

(၄) ကြည့်လိုက်ရင် ပျော်ပျော်ရွှင်ရွှင် ရှိနေတတ်ပါတယ်
သက်ရှည်ကျန်းမာသူတွေရဲ့ အကောင်းဆုံးအချက်က ဘဝမှာ ပျော်ပျော်ရွှင်ရွှင် နေတတ်တာပဲ ဖြစ်ပါတယ်။ ပျော်ပျော်နေတတ်တာကြောင့် သူတိုနဲ့ ခင်မင်ပေါင်းဖော်ရတာကို သူ့ပတ်ဝန်းကျင်က လူတွေလည်း ပျော်တတ်ပါတယ်။ သူတို့နဲ့ အတူနေရတာက စိတ်ဖိစီးမှု လျော့ကျပြီး ရယ်မောရပါတယ်။ သူများကို ဖိစီးမှု လျော့စေသလို သူတို့မှာလည်း ကိုယ်ခံအားစနစ် သန်စွမ်းပြီး သက်ရှည်ကျန်းမာရတာ ဖြစ်ပါတယ်။
(Ref; SN)

Most Popular

Healthy Life Ad
To Top