Healthy Life Ad
Life Style

အနာရောဂါကင်းဝေးစွာနဲ့ ကျန်းမာဖျတ်လတ်ဆဲ ၉၇ နှစ်အရွယ် အဘွားဒေါ်စောကြည်

– ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

တောင်ငူမြို့တွင် မွေးဖွားခဲ့ပြီး တောင်ငူမှာပင် အသက် ၂၀ ကျော်အရွယ်၌ အိမ်ထောင်ကျခဲ့သူ အဘွားဒေါ်စောကြည်သည် ယခု အသက် ၉၇ နှစ်အရွယ်အထိ ကျန်းမာသန်စွမ်းဖျတ်လတ်ဆဲ ဖြစ်သည်။

“အဘွားက အစားအသောက်အနေနဲ့ ဝက်သားမစားဘူး၊ ဟင်းအနှစ်တွေ၊ အဆီအအိမ့်တွေ မစားဘူး၊ ကြက်သား၊ ငါးဆို တစ်တုံးအပြင် ပိုမစားဘူး။ ဟင်းရည်ကတော့ နေ့တိုင်း ကင်ပွန်းချဉ်ရွက်ဟင်းရည်ကို တစ်ခွက်ပုံမှန်သောက်တယ်။ အသက် ၃၀ ကျော်အရွယ်ကစပြီး ၉၀ ကျော်အထိ အဘွားက နေ့တိုင်းဥပုသ်စောင့်တယ်။ အခု ၉၇ နှစ်ထဲရောက်မှ အဘွားက မနက်ဆိုရင် မုန့်ဟင်းခါးတစ်ပွဲ၊ အိုဗာတင်း ဒါမှမဟုတ် Ensure တစ်ခွက်သောက်တယ်။ နေ့လယ် ၁၁ နာရီခွဲဆိုရင် ထမင်း၊ အသား၊ ကင်ပွန်းချဉ်ရွက်ဟင်းရည်စားတယ်။ ရုံးပတီသီး ကြိုက်တယ်။ ငါးရံ့ခြောက်၊ လက်ဖက်ကြိုက်တယ်။

ညနေပိုင်းကျတော့ သီလထိန်းတဲ့အနေနဲ့ ထမင်းမစားဘူး၊ ဥပုသ်စောင့်တယ်။ ဒါပေမဲ့ အခုနောက်ပိုင်း သမီးက အသက်ကြီးလာပြီ၊ မစားလို့မရဘူးဆိုတာနဲ့ ဖီးကြမ်းငှက်ပျောသီးတစ်လုံးနဲ့ အိုဗာတင်း ဒါမှမဟုတ် Ensure တစ်ခွက်သောက်တယ်”ဟု အဘွားဒေါ်စောကြည်က တစ်နေ့တာ နေ့ထိုင်စားသောက်ပုံကိုပြောပြခဲ့သည်။ အပြင်စာကို စားသောက်ခြင်းမရှိ၊ ကိတ်မုန့်၊ ကွတ်ကီးမုန့်တို့ကိုပင် စားလေ့မရှိသော အဘွားက အသက် ၃၀ ကျော်အရွယ်ကတည်းက တရားထိုင်ခဲ့ကြောင်းနှင့် ဘုရားတရားဘာသာရေးကို ကိုင်းရှိုင်းကြောင်း သိရသည်။

အဘွားငယ်ငယ်ကတည်းက ကာယကံ၊ ဝစီကံ၊ မနောကံတွေကို လုံအောင်ထိန်းတယ်။ သူများမလှဘူးဆိုတာမျိုးတောင် လိုက်မပြောဘူး။ ‘ဟိုကောင်မလေးက မလှဘူး’ဆိုတဲ့ ကဲ့ရဲ့တာမျိုးတောင် အဘွားမပြောဘူး။ ငယ်ငယ်ကတည်းက မှန်မှန် တရားထိုင်တယ် . . .

“အဘွားငယ်ငယ်ကတည်းက ကာယကံ၊ ဝစီကံ၊ မနောကံတွေကို လုံအောင်ထိန်းတယ်။ သူများ မလှဘူးဆိုတာမျိုးတောင် လိုက်မပြောဘူး။ “ဟိုကောင်မလေးက မလှဘူး”ဆိုတဲ့ ကဲ့ရဲ့တာမျိုးတောင် အဘွားမပြောဘူး။ ငယ်ငယ်ကတည်းက မှန်မှန် တရားထိုင်တယ်။ အဲဒီကတည်းက တရားမှတ်ရင်း ငြိမ်းအေးတဲ့သဘောကို ခံစားရလို့ မှန်မှန်တရားထိုင်ဖြစ်တယ်။ ၉၃ နှစ်လောက်အထိ တရားထိုင်နိုင်သေးတယ်။ အခုကတော့ထိုင်ပြီး တရားမမှတ်တော့ဘဲ လှဲပြီး မှတ်တော့တယ်”ဟု အဘွားက ဘာသာတရားပြုလုပ်ပုံကို ပြောပြခဲ့သည်။

“အဘွားက အနေအေးတယ်၊ စကားလည်း မများဘူး။ သူ့ဘာသာသူနေတာပဲ။ အသက် ၉၀ ကျော်တဲ့အထိ မနက်ဆို ၄ နာရီထ၊ ဆွမ်းချက်၊ ဆွမ်းဟင်းချက်၊ ဘုရားဆွမ်းတော်တင်၊ ဘုရားရှိခိုး၊ တရားထိုင် မှန်မှန်လုပ်တယ်။ အိမ်မှာလည်း အမြင်မတော်တာတွေ အကုန်လုပ်တယ်။ သွက်လက်ဖျတ်လတ်တယ်။ နောက်ပိုင်းကျတော့ အန်တီက ‘အမေ မထနဲ့တော့၊ ဆွမ်းတော်တင်လို့ရအောင် အဆင်သင့်လုပ်ပေးထားမယ်’ဆိုပြီး အိပ်ခိုင်းရတယ်”ဟု အဘွားဒေါ်စောကြည်၏ တစ်ဦးတည်းသော သမီးဖြစ်သူ ဒေါ်ခင်ခင်စိန်က ပြောပြသည်။

လွန်ခဲ့သော နှစ်က အဘွားဒေါ်စောကြည်ကို ကျန်းမာရေးစစ်ဆေးမှုပြုလုပ်ခဲ့ရာ ဘာရောဂါဝေဒနာမှ မရှိကြောင်းနှင့် အဖျားအနာပင် မဖြစ်ကြောင်း သိရသည်။ “ဖျားတာနာတာတောင် မဖြစ်ဘူး။ ရောဂါလည်း မရှိဘူး။ ကျန်းမာတယ်။ သွားကတော့ အံကပ်နဲ့ နေရတယ်။ မျက်စိကတော့ အတွင်းတိမ်ဖြစ်လို့ လေဆာနဲ့တစ်ခါ ခွဲထားရဖူးတယ်။ အခုထက်ထိ စာတွေလည်း ဖတ်နိုင်တယ်။ အဘွားက စာဖတ်တာလည်း ဝါသနာပါတယ်”ဟု အဘွားဒေါ်စောကြည်က ပြောပြခဲ့သည်။

အဘွားဒေါ်စောကြည်သည် တောင်ငူမြို့တွင် ဦးဘချိန်နှင့် အိမ်ထောင်ပြုခဲ့ပြီး သမီးတစ်ဦးထွန်းကားခဲ့ကာ ယခုအခါ မြေးနှစ်ဦး၊ မြစ်နှစ်ဦး ရှိနေပြီဖြစ်သည်။ “အိမ်ထောင်ရေးက သာယာပါတယ်။ အဘိုးက အေးတယ်၊ စကားလည်း နည်းတယ်။ အဘွား သဘောပဲ။ အဘိုးက ဆန်စက်လုပ်ငန်းလုပ်တယ်။ အဘွားကတော့ အိမ်မှာ အိမ်ရှင်မပါပဲ။ ဟင်းချက်စရာ ဝယ်တာကအစ အဘိုးပဲဝယ်ပေးတယ်။ အဘွားကတော့ အိမ်မှာ ဘုရားခန်း၊ ဘုရားစင်ကို သန့်ရှင်းပြောင်လက်နေအောင် ထားတယ်။ အိမ်ကြမ်းခင်းတွေကအစ ပြောင်လက်နေအောင် ကြမ်းတိုက်တယ်။ အဘွားစိတ်ပူတာ၊ စိတ်ညစ်တာတွေလည်း မရှိခဲ့ဘူး။ ဘာသောကမှ မရှိခဲ့ဘူး။ အဘိုးကလည်း အသက် ၇၉ နှစ်လောက်မှ ဆုံးသွားခဲ့တယ်။

အဘွားက မိဘကို ငယ်ငယ်ကတည်းက ရိုသေတယ်။ မိဘကို အမြဲကန်တော့တယ်။ မိဘစကားနားထောင်တယ်။ အဘွားမိဘတွေကလည်း ကျန်းမာရေးကောင်းတယ်။ အသက် ၈၀ ကျော်အရွယ်ကျမှ ဆုံးသွားတာ. . .

အဘွားက မိဘကို ငယ်ငယ်ကတည်းက ရိုသေတယ်။ မိဘကို အမြဲကန်တော့တယ်။ မိဘစကား နားထောင်တယ်။ အဘွားမိဘတွေကလည်း ကျန်းမာရေးကောင်းတယ်။ အသက် ၈၀ ကျော်အရွယ်ကျမှ ဆုံးသွားတာ”ဟု အဘွားဒေါ်စောကြည်က ပြောပြခဲ့သည်။ ယခုခေတ် လူငယ်လူရွယ်အများစုသည် ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ အဝလွန်ခြင်း စသည့် နာတာရှည်ရောဂါများကို ငယ်ရွယ်စဉ်မှာပင် ခံစားနေကြရရာ ၉၇ နှစ်အရွယ်အထိ ကိုယ်တွင်း ရောဂါဝေဒနာများ လုံးဝမရှိသော အဘွားဒေါ်စောကြည်က အပြင်စာများကြောင့် ဖြစ်မည်ဟုဆိုသည်။

“အိမ်မှာ အပြင်စာတွေရှိတာတောင် မစားဖြစ်ပါဘူး။ ပုံမှန်အစားအသောက်လေးတွေကိုပဲ စားဖြစ်တယ်။ အရင်က တောင်ငူမှာ နေရင်း ၈၈ အရေးအခင်းဖြစ်တော့ သမီးက စိတ်မချတာနဲ့ အတူခေါ်ထားတာနဲ့ သမီးမိသားစုနဲ့ပဲ နေဖြစ်သွားတာပါ။ အဘွားက အပြင်သွားလာရတာကို ဝါသနာမပါဘူး။ အရင်ကတော့ ဘုရားဖူးခရီးတွေဘာတွေ သွားဖြစ်တယ်။ အခုမှတော့ မသွားဖြစ်တော့ပါဘူး”ဟု အဘွားဒေါ်စောကြည်က ပြောသည်။ ယခုအသက်အရွယ်အထိ တစ်ကိုယ်ရေသန့် ရှင်းရေးကို ကိုယ်တိုင်လုပ်ဆောင်နိုင်သော အဘွားက သနပ်ခါးကိုသာ စွဲစွဲမြဲမြဲလိမ်းကြောင်း သိရသည်။

“အဘွားက ဘုရား၊ တရားကို ဘယ်တော့မှ မမေ့ပါဘူး။ အိပ်ရာနိုးလို့ မျက်စိနှစ်လုံးပွင့်တာနဲ့ ဘုရားထရှိခိုးပါတယ်။ အခုအချိန်အထိ “သောဘဂဝါ” ဂါထာကို ရွတ်ပြီး အမြဲတမ်း ပုတီးစိပ်ဖြစ်ပါတယ်။ အလှူခံလာရင် အဘွားက စေ့အောင်လှူတယ်။ အများကြီးမဟုတ်ပေမယ့် ကိုယ်တတ်နိုင်တဲ့ ပမာဏနဲ့ စေ့ငအောင် လှူပါတယ်။ ငယ်ငယ်ကဆို ငါးမူးစေ့တွေနဲ့ အလှူခံလာသမျှ အကုန်လှူပါတယ်”

နိုင်ငံတော်အစိုးရက သုံးလတစ်ကြိမ် သက်ကြီးပူဇော်ငွေထောက်ပံ့သည့်အပြင် ရပ်ကွက်က ဦးဆောင်ကန်တော့သည့် သက်ကြီးကန်တော့ပွဲများတွင်လည်း အမြဲ ကန်တော့ခံ အဘွားဒေါ်စောကြည်က အသက် ၁၀ဝအထိ ရှည်မည်ဟု ထင်ကြောင်း သူ့ထင်မြင်ချက်ကို ပြောပြခဲ့သည်။ “အသက်ကတော့ ၁၀ဝ လောက်အထိ ရှည်မယ်လို့ ထင်တယ်။ ဘာဖြစ်လို့ဆို အခုထိ ကျန်းမာနေတာပဲလေ။ သမီးမိသားစုကလည်း အဘွားအပေါ်ကောင်းကြတယ်၊ ဆိုးတဲ့သူ တစ်ယောက်မှမပါဘူး၊ အပြင်သွားလာမယ်ဆိုရင် အဘွားကို ကန်တော့ပြီးမှ သွားကြတယ်။ အဘွားနေရတာ စိတ်ချမ်းသာပါတယ်”

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top