Healthy Life Ad
Life Style

သမီးရှင်တို့အတွက် . . .

မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

ငယ်ရွယ်ချိန်မှာ သမီးလေးကို အနေအထိုင် တတ်အောင် သင်ကြားဆုံးမရင်း အနာတရမရှိဘဲ ကြီးပြင်းလာဖို့ ပံ့ပိုးပေးရသလို အရွယ်ရောက်လာချိန်မှာ သမီးမိန်းကလေးကို ပညာဆုံးခန်းတိုင်အောင် သင်ယူနိုင်ဖို့ အားပေးသွန်သင်ရင်း ဘဝကြင်ဖော် အရွေးမမှားစေဖို့လည်း ပူပန်ရတတ်ပါတယ်။ ဒါကြောင့် သမီးလေး မွေးထားတဲ့ သမီးရှင် မိဘနဲ့ အုပ်ထိန်းသူ တို့ သိထားသင့်တဲ့ အချက်တွေကို အကြံပြုပါရစေ။

(၁) ခွင့်မပြုရ

လိင်အင်္ဂါကို လာရောက်ထိတွေ့လာရင် ဘယ်တော့မှ ခွင့်မပြုဖို့ သမီးကို သင်ထားပါ။ ဂါဝန်၊ စကပ် စတဲ့ တိုတဲ့ အဝတ်အစားတွေကို ဝတ်ဆင်ပေးတဲ့ အခါ ထိုင်တဲ့အခါနဲ့ ဆော့ကစားရာမှာ အမြဲ ဖုံးအုပ် ထားဖို့ သတိပေးပါ။

(၂) ခံစားချက်ကို အလေးထားခြင်း

ဘာကို မစားချင်ဘူး၊ ဘယ်သူနဲ့ အပေါင်းအသင်း မလုပ်ချင်ဘူး စတဲ့ သူ့ခံစားချက်မှန်သမျှ ပြောလာတိုင်း နားထောင်ပေးပါ။ ဒါမှမဟုတ် သူက ဘာစကားမှ မပြောချင်ရင် သူ့ခံစားချက်ကို စာနဲ့ ရေးပြီး ပြောဖို့၊ တေးသီချင်း၊ ပန်းချီ၊ အားကစား စတာတွေနဲ့ ဖော်ထုတ်ပြဖို့ သင်ပေးပါ။ ဒါမှမဟုတ် ခံစားချက်ကို အစာမစားတာ၊ အစာအလွန်အမင်း စားတာ၊ ဆေး သောက်တာ စတာတွေနဲ့ လမ်းလွှဲမပစ်ဖို့ သတိပေးပါ။

(၃) အန္တရာယ်ကို ဖိတ်ခေါ်နေသောဓာတ်ပုံများ မတင်ရ

ဖေ့စ်ဘွတ်ခ်မှာ မိန်းကလေး အများစုဟာ ကိုယ်လုံးအလှနဲ့ မဖော်သင့်တဲ့ အရေပြားတွေကို လှစ်ဟ ဖော်ပြပြီး နှုတ်ခမ်းစူတဲ့ ဟန်နဲ့ လိင်အသားပေးဓာတ်ပုံ တွေ တင်တတ်ကြပါတယ်။ ဒီပုံတွေကတကယ်တော့ ဆွဲဆောင်မှု မရှိဘဲ ကိုယ့်အန္တရာယ်ကို ဖိတ်ခေါ်ရာ ရောက်ကြောင်း သင့်သမီးကိုသတိပေးပါ။

(၄) သဘာဝအလှကသာ အစစ်မှန်ဆုံး

အခုခေတ် သမီးပျိုတွေက ကိုရီးယားလှပျိုဖြူ တွေကို အားကျတတ်ပြီး သူတို့လို ပြင်ဆင်ပြီး သူတို့လို ဝတ်စားချင်တတ်ပါတယ်။ သူတို့က ပလတ်စတစ် ဆာဂျရီနည်းနဲ့ နှုတ်ခမ်း၊ နှာခေါင်း၊ မျက်ဝန်းကို ပြင်ဆင်မှန်းသိတဲ့အခါ လိုက်ပြင်ချင်စိတ် ဖြစ်ပေါ်တတ် ပါတယ်။ တကယ်တော့ သဘာဝအလှကသာ ဆွဲဆောင်မှု အရှိဆုံးနဲ့ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထား ချစ်ခင်စိတ် အများဆုံးဆိုတာ သမီးကို သေချာရှင်းပြပါ။

(၅) အဝတ်မပါသော ဓာတ်ပုံများ

သင့်သမီးကို အဝတ်မပါတဲ့ ဓာတ်ပုံတွေရိုက်ပြီး သိမ်းထားတာ၊ တခြားသူတွေဆီကို အီးမေး၊ ဖေ့စ်ဘွတ်ခ်မက်ဆေ့ချ် စတာတွေနဲ့ ပို့တာမျိုး ဘယ်တော့ မှ (ဘယ်သောအခါမှ) မလုပ်ဖို့ သင်ပေးပါ။

(၆) အတွင်းခံ အဝတ်အစားများက အရေးပါ

မိန်းကလေးတစ်ယောက်ရဲ့ ကိုယ်နေဟန် စမတ်ကျ လှပကြည့်ကောင်းဖို့ဆိုတာ အတွင်းခံ အဝတ်အစားတွေက အရေးပါတယ်ဆိုတာ သင့်သမီးကို သင်ပေးပါ။ အတွင်းခံ အဝတ်အစားတွေကို အဆင်ပြေပြေ အံဝင်ခွင်ကျ ဝတ်ဆင်ကာ ဘော်လီကိုင်းကြိုး မပေါ်အောင်၊ အတွင်းခံ ဘောင်းဘီ မပေါ်အောင် လုံလုံခြုံခြုံ ဝတ်ဆင်ဖို့ သင်ပေးပါ။ ဒါက အမြဲစမတ်ကျ နေတတ်တယ်ဆိုတာ သင့်သမီး နားလည်ပါစေ။

(၇) ရှောင်သင့်သော မလုံ့တလုံအဝတ်အစားများ

လိင်ဆွဲဆောင်တဲ့ အဝတ်အစားတွေ ဖြစ်တဲ့ မလုံ့တလုံ အဝတ်အစားတွေဟာ အပျိုစင်မိန်းကလေး တစ်ယောက်ရဲ့ တန်ဖိုးကို ကျဆင်းသွားစေပြီး လုံခြုံမှု လျော့ကျစေတယ်ဆိုတာ သင့်သမီးနားလည်ပါစေ။

(၈) အပေါင်းအသင်းကို အကဲခတ်ခြင်း

အပေါင်းအသင်း ရွေးချယ်ရာမှာ အကဲခတ်ပြီး ပေါင်းသင်းတတ်အောင် သင့်သမီးကို သင်ပေးပါ။ အပေါင်းအသင်းကြောင့် ကိုယ့်တန်ဖိုး ကျတတ်သလို အပေါင်းအသင်းကြောင့်ပဲ ဂုဏ်တက်ရတတ်တဲ့ အဖြစ်မျိုး ရှိတာကြောင့် ကိုယ်နဲ့ တွေးခေါ်ဆင်ခြင်ပုံချင်း မတူတဲ့ သူကို ဝေးဝေးကရှောင်ဖို့ သင့်သမီးကို သင်ထားပါ။

Most Popular

Healthy Life Ad
To Top