Healthy Life Ad
Life Style

မြန်မာလူမျိုးအများစုတွင် စွဲမြဲနေသည့် သွားနှင့်ခံတွင်းဆိုင်ရာ အယူအဆမှားများ

ပါမောက္ခဦးကိုကိုမောင် မေးရိုးနှင့် ခံတွင်း ခွဲစိတ်ဆရာဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း

မြန်မာလူမျိုးအများစုကြား မှားယွင်းနေသော အယူအဆ -သွားတွေကို ဖွဲပြာ၊ ဆား၊ မီးသွေးခဲတွေနဲ့ တိုက်ပေးရင် သွားပိုဖြူတယ် . . .
အမှန်က မလုပ်သင့်ပါဘူး။ ဖွဲပြာနဲ့ အိုးကို တိုက်ရင်တောင် အိုးမှာ အစင်းတွေ ထင်တတ်သေးတာပဲ။ သဲ၊ အုတ်ခဲတွေနဲ့ ပွတ်ရင် အိုးမှာ အစင်းရာတွေ ထင်တတ်ပါတယ်။ အဲဒီလိုပဲ သွားကို မာမာကြမ်းကြမ်းဖြစ်တဲ့ ဖွဲပြာ၊ ဆား၊ မီးသွေးခဲ စတာတွေနဲ့ တိုက်ပေးရင် သွားကြွေလွှာကို စားသွားတတ်ပါတယ်။ သွားကြွေလွှာက သွားတိုက်ဆေးနဲ့ ခပ်ကြမ်းကြမ်း ကန့်လန့်ဖြတ်တိုက်ရင်တောင် စားသွားပါတယ်။ ဒါကြောင့် သွားတိုက်ဆေးနဲ့ သွားတိုက်တံကို သုံးပြီး နည်းမှန်လမ်းမှန် အထက်အောက် တိုက်ပေးဖို့ လိုအပ်ပါတယ်။

မြန်မာလူမျိုးအများစုကြား မှားယွင်းနေသော အယူအဆ – ကလေးတွေ ငိုရင် အငိုတိတ်အောင် ချိုချဉ်၊ ထန်းလျက် စတာတွေ ပေးလေ့ရှိကြတယ် . . .
အမှန်က ကလေးတွေငိုတဲ့အခါ အငိုတိတ်ရင် ပြီးရော သဘောနဲ့ ချိုချဉ်၊ ထန်းလျက် စတာတွေ ပေးလိုက်တယ်၊ ပေးပြီး ကလေးကို အိပ် . . အိပ်ဆိုပြီး ချော့သိပ်လိုက်တော့ ကလေးက အဲဒီအချိုမုန့်တွေ ငုံပြီး အိပ်သွားကြတယ်။ ဒါက သွားတွေမှာ အက်ဆစ်ဓာတ်တွေဖြစ်ပြီး သွားတွေ ပိုပျော့လာတယ်၊ က လေးငယ်ငယ်လေးနဲ့ သွားတွေက အတိုလေးတွေ ဖြစ်ပြီး သွားတွေ မရှိတော့ဘူး။ ဒီအယူအဆတွေက မလုပ်သင့်ပါဘူး။ ဆင်ခြင်သင့်ပါတယ်။
တချို့က ကလေး ကြိုက်အောင် နို့ဖျော်တဲ့အခါ သကြားထည့်ပြီး တိုက်တယ်၊ ဒါကလည်း သွားထိခိုက်စေလို့ မှားနေတဲ့ အယူအဆတွေ ဖြစ်တယ်။

မြန်မာလူမျိုးအများစုကြား မှားယွင်းနေသော အယူအဆ – ကလေးငိုနေရင် အိပ်သွားအောင် ချိုလိမ် ပေးထားသင့်တယ် . . .
အမှန်က ကလေးကို ချိုလိမ်ပေးထားလိုက်ရင် ကလေးက ချိုလိမ်ကို တပြွတ်ပြွတ်နဲ့ စုပ်တယ်၊ အဲဒီအခါ ကလေးရဲ့ မျက်နှာပုံပန်းသဏ္ဍာန်က ပြောင်း လဲလာတယ်၊ သွားတွေ ခေါလာတယ်၊ သွားတွေက ချိုလိမ်စွပ်ထားလို့ တစ်ခုနဲ့ တစ်ခု မထိတော့ဘဲ ဖြစ်တတ်တယ်၊ ဒါကြောင့် ချိုလိမ်ကလည်း မပေးသင့်တဲ့ အထဲမှာ ပါတယ်။

မြန်မာလူမျိုးအများစုကြား မှားယွင်းနေသော အယူအဆ -ကွမ်းစားရင် သွားခိုင်တယ် . . .
အမှန်က ကွမ်းစားရင် သွားမခိုင်ပါဘူး၊ အရင်ဆုံး ကွမ်းဝါးပါများတော့ သွားဖုံးတွေ နိမ့်သွားတယ်။ သွားဖုံးတွေ မကောင်းတော့ရင် သွားတွေက နုတ်ရတဲ့ အဖြစ် ရောက်သွားတယ်၊ ဒါကြောင့် ကွမ်းစားရင် သွားခိုင်တယ်ဆိုတာ မဟုတ်ပါဘူး။

သွားခိုင်ချင်တယ်ဆိုရင် သွားတွေကို နည်းမှန်လမ်းမှန် တိုက်ပေးရပါမယ်။ ပြီးတော့ သွားဆရာဝန်နဲ့ မှန်မှန်ပြရပါမယ်။ “သွား”လို့ ပေးထားတဲ့ အမည်ကိုက သွားဆရာဝန်ဆီ ပုံမှန်သွားပြဖို့ ပေးထားတာ ဖြစ်ပါတယ်။

မြန်မာလူမျိုးအများစုကြား မှားယွင်းနေသော အယူအဆ – အသက်ကြီးလာရင် သွားကျိုးရမယ် . . .
အမှန်က အဲဒီလို မဟုတ်ပါဘူး။ အသက်ကြီးတဲ့ အထိ သွားတွေ ရှိနေပြီး အသုံးပြုနိုင်ရမယ်၊ သွားတွေက ကြိတ်ဝါးနေနိုင်ရမယ်၊ ဒါက ပုံမှန်ပဲ ဖြစ်ပါတယ်။ အသက်ကြီးလာရင် သွားတွေ နဲ့မှာပဲ၊ နုတ်ပေးရမှာပဲ၊ သွားတွေ ကုန်မှာပဲ ဆိုပြီး ထင်နေတာ အယူအဆမှားပဲ ဖြစ်ပါတယ်။ တကယ်တော့ အသက်ကြီးတဲ့အထိ သွားတွေကောင်းနေအောင် ငယ်ငယ်ကတည်းက နည်းမှန်လမ်းမှန် သွားတိုက်ပေးရမယ်၊ သွားဆရာဝန်နဲ့ မှန်မှန်ပြပေးရပါမယ်။ ဒါဆိုရင် အသက် ၇၀-၈၀ အရွယ်အထိ သွားတွေကောင်းနေပါမယ်။

မြန်မာလူမျိုးအများစုကြား မှားယွင်းနေသော အယူအဆ – လက်ချောင်းနဲ့ သွားတိုက်ရင်လည်း သွားတွေ သန့်စင်တာပဲ . . .
အမှန်က လက်ကလေးနဲ့ သွားတွေကို တိုက်တာ မလုပ်ရပါဘူး။ သွားတွေကို သေချာ မသန့်စင်စေပါဘူး။ သွားပွတ်တံသုံးရင်လည်း အမာမသုံးရဘူး၊ အပျော့ကို သုံးရပါမယ်။ တချို့က မာမှ ကောင်းမယ် ထင်နေကြတယ်၊ မဟုတ်ပါဘူး၊ အပျော့ကို သုံးရပါမယ်။ ပြီးတော့ သွားပွတ်တံ အကြီးကြီးနဲ့လည်း မ တိုက်ရပါဘူး။ အကြီးကြီးနဲ့ တိုက်ရင် အံဆုံးတွေ အထိ မရောက်တော့ဘူး၊ သွားပွတ်တံက အံဆုံး နေရာအထိ ရောက်တဲ့ ပျော့ပျော့ချွန်ချွန်လေးတွေ သုံးရပါမယ်။
လျှာကိုပါ တိုက်ပေးရပါမယ်။ လျှာမှာလည်း အညစ်အကြေးတွေ ရှိနေတာပဲ၊ သွားပွတ်တံ ပျော့ပျော့ နဲ့ လျှာကိုပါ ညင်ညင်သာသာ တိုက်ပေးသင့်ပါတယ်။

Most Popular

Healthy Life Ad
To Top