Healthy Life Ad
Life Style

ကွမ်းယာနှင့် ကျောက်ကပ်ကျောက်တည်ခြင်း

ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကုဆရာဝန်ကြီး)နှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး ။ ကွမ်းယာက ကျောက်ကပ်ကျန်းမာရေးကို ဘယ်လို ထိခိုက်စေပါသလဲ ဆရာ။
ဖြေ ။ မိရိုးဖလာစားခဲ့တဲ့ ကွမ်းယာမှာ ကွမ်းရွက်၊ ကွမ်းသီး၊ ထုံး၊ ရှားစေး၊ ဗမာဆေး စတာတွေ ပါတယ်။ အဓိက ထုံးပါတဲ့အတွက် ဆီးကျောက်တည်ဖို့ အခွင့်အလမ်းက များတယ်လို့ ဆိုခဲ့ကြတယ်။ အခုနောက်ပိုင်းမှာတော့ ကွမ်းယာမှာပါတဲ့ ဆေးပေါင်းတွေ၊ နှပ်ဆေးတွေ စတာတွေက ပါးစောင်ကင်ဆာကိုလည်း ဖြစ်စေနိုင်သလို သွေးထဲကို ရောက်ရင် သွေးကနေ တစ်ဆင့် ကျောက်ကပ်ကိုလည်း သွားထိခိုက်စေနိုင်ပါတယ်။ ကျောက်ကပ်ကို ထိခိုက်ပြီး ကျောက်ကပ်အားနည်းတာတွေ ဖြစ်နိုင်ပါတယ်။ ပြောရရင် နှပ်ထားတဲ့ဆေး၊ ပေါင်းထားတဲ့ဆေးတွေကြောင့် ကွမ်းယာစားရင် ကျောက်ကပ်ကို ထိခိုက်နိုင်တာက နှစ်မျိုး ရှိပါတယ်။ တစ်မျိုးက အနည်တွေကျပြီး ဆီးကျောက်တည်ကာ ဆီးလမ်းကြောင်း ပိတ်ဆို့ရာကနေ ကျောက်ကပ်ထိခိုက်နိုင်ပါတယ်။ နောက်တစ်မျိုးက ကွမ်းထဲမှာ ပါတဲ့ ဓာတုပစ္စည်းတွေကြောင့် ကျောက်ကပ်ရဲ့ လုပ်ငန်းဆောင်တာတွေကို ထိခိုက်စေနိုင်တာ ဖြစ်ပါတယ်။

မေး ။ အရင်ကကွမ်းစားခဲ့ကြပေမယ့် ရောဂါတွေက ဒီလောက် အဖြစ်မများခဲ့ကြဘူး၊ အခုနောက်ပိုင်း ကွမ်း ကြောင့် ဖြစ်တဲ့ ရောဂါတွေ ပိုများလာတယ်လို့ သိရပါတယ်။ ဘာကြောင့်ပါလဲ ဆရာ။
ဖြေ ။ အရင်တုန်းက စားခဲ့တာက မိရိုးဖလာကွမ်းယာပဲ ဖြစ်လို့ “ကျွန်တော့်အဘွားဆိုရင် အသက် ၈၀ကျော် အထိ ကွမ်းစားခဲ့တာပဲ ဆရာရယ် . . ဘာမှလည်း မဖြစ်ပါ့လား” ဆိုပြီး ပြောခဲ့ကြတယ်။ အခု နောက် ပိုင်းကျတော့ ကွမ်းစားတာက ပေါင်းဆေး၊ နှပ်ဆေးစတဲ့ ဓာတုပစ္စည်းတွေကြောင့် ပါးစောင်ကင်ဆာ ဖြစ်နှုန်းကလည်း ပိုများလာပါတယ်။ ကွမ်းကို ရိုးရိုးစားပြီး ထွေးထုတ်လိုက်တာက တော်ဦးမယ်၊ တချို့ဆိုရင် ကွမ်းကို ပါးစပ်ထဲငုံထားတာတွေရှိတယ်၊ အဲဒီတော့ ကွမ်းယာထဲမှာပါတဲ့ ဓာတ်တွေက ခံတွင်း နဲ့ထိတွေ့မှုများလေ၊ ကင်ဆာဖြစ်နှုန်းများလေပဲဖြစ်ပါတယ်။

ကွမ်းယာစားလို့ ကျောက်တည်တဲ့ ကိစ္စကတော့ ကွမ်းယာထဲမှာပါတဲ့ ထုံးနဲ့တခြားဓာတ်တွေ ကြောင့်ဖြစ်ပါတယ်။ နောက်တစ်ချက်က ကမ္ဘာကြီးပူနွေးလာလို့ ခန္ဓာကိုယ်က ရေဓာတ်တွေဆုံးရှုံးမှုပိုများပြီး ခရစ္စတယ်ကျောက်မှုန်လေးတွေ ပိုကျရာက ကျောက်တည်တာ ပိုများမယ်ဆိုပြီး မှန်းဆထားကြောင်း စာစောင်တစ်ခုမှာ ဖတ်လိုက်ရပါတယ်။ ဒါနဲ့တိုက်ရိုက်သက်ရောက်မှု ရှိ၊ မရှိ မသိပေမယ့် ဆရာ့လူနာတွေထဲမှာတော့ ကျောက်ကပ်ကျောက်တည်တဲ့ လူနာတွေ ပိုများလာတာကို တွေ့ရပါတယ်။

တစ်ကိုယ်လုံး ကျန်းမာရေးကောင်းမွန်နေဖို့ တစ်နေ့ကို ရေရှစ်ဖန်ခွက် (ရေသန့်ဘူး နှစ်လီတာ) လောက် သောက်ပေးဖို့ လိုပါတယ်။ ဒါမှသာ ခန္ဓာကိုယ်ထဲက မလိုလားအပ်တဲ့ ဓာတ်တွေက ပျော်ဝင်ပြီး အပြင်ကိုထွက်နိုင်မှာပါ။ ရေရှစ်ဖန်ခွက်မသောက်တာရယ်၊ ကမ္ဘာကြီးပူနွေးလာတာရယ်၊ ခန္ဓာကိုယ်ထဲက ကျောက်မှုန်လေးတွေ ထုတ်တဲ့နှုန်းများတာရယ် ပေါင်းသွားတဲ့သူတွေမှာ ကျောက်ကပ်ကျောက် တည်နိုင်ခြေ ပိုများပါတယ်။ အဲဒီလိုလူတွေမှာ ထပ်ပြီး ကွမ်းစားလိုက်မယ်ဆိုရင် ကွမ်းထဲကထုံးဓာတ်တွေ ခန္ဓာကိုယ်ထဲဝင်သွားပြီး ကျောက်ကပ်ကျောက်တည်နိုင်ခြေ ပိုများလာပါတယ်။
ဒီနေရာမှာရှင်းသွားအောင် ကယ်လ်ဆီယမ်ထုံး ဓာတ်အကြောင်း အကြမ်းဖျင်း ရှင်းပြချင်ပါတယ်။ ကယ်လ်ဆီယမ်ထုံးဓာတ်မှာ Organic ကယ်လ်ဆီယမ်နဲ့ In-Organic ကယ်လ်ဆီယမ်ဆိုပြီး နှစ်မျိုး ရှိပါတယ်။ In-Organic ကယ်လ်ဆီယမ်ဆိုတာ ထုံးထဲမှာပါတဲ့ ကယ်လ်ဆီယမ်ဖြစ်ပြီး အဲဒီကယ်လ်ဆီယမ်က ဆီးကျောက်ဖြစ်နိုင်ခြေ ပိုများစေပါတယ်။ သြဂဲနစ်ကယ်လ်ဆီယမ်က နွားနို့၊ ငါးအသေးလေး တွေမှာပါပြီး ဆီးကျောက်ဖြစ်မှုမှာ ပါဝင်နှုန်းနည်းပါတယ်။

မေး ။ ဆရာ့ဆီကို လာပြတဲ့ ဆီးကျောက်တည်တဲ့လူနာတွေမှာ ကွမ်းစားတဲ့သူ များပါသလား ဆရာ။
ဖြေ ။ အဲဒီလိုတော့လည်း မပြောနိုင်ပါဘူး။ အဓိက ပြောရရင် လူနာက မူလကတည်းက ကျောက်ကပ်ထဲကို ကျောက်မှုန်ကလေးတွေ စွန့်ထုတ်မှု များနေပါတယ်။ အဲဒီလို စွန့်ထုတ်မှုချင်း တူနေရင် ကွမ်းစားတဲ့သူမှာ ဆီးကျောက်တည်နိုင်ခြေ ပိုများသွားပါတယ်။ ကွမ်းမစားလည်း ကျောက်ကပ်ထဲကို ကျောက်မှုန်ကလေးတွေ စွန့်ထုတ်မှုများရင် ဆီးကျောက်တည်နိုင်ခြေကတော့ ရှိနေတာပါပဲ။ ပြောရရင် ကျောက်မှုန်ဓာတ်လည်း ပိုထုတ်မယ်၊ ကွမ်းလည်း စားမယ်ဆိုရင် ဆီးကျောက်တည်နိုင်ခြေက ပိုများသွားပါတယ်။

မေး ။ ဆီးကျောက်တည်တာက ရေနဲ့ သက်ဆိုင်မှု ရှိပါသလား ဆရာ။
ဖြေ ။ တချို့ဒေသတွေရဲ့ ရေထဲမှာ ထုံးဓာတ်တွေ ပျော်ဝင်နေတတ်ပါတယ်။ ရှမ်းပြည်မှာ ရေက ကယ်လ်ဆီ ယမ်ပါဝင်မှုများတယ်၊ အဲဒီကယ်လ်ဆီယမ် ပါဝင်မှု များတဲ့ ရေကိုသောက်တဲ့ ရှမ်းပြည်က လူတိုင်း ဆီး ကျောက်တည်မှာလားဆိုတော့လည်း မဟုတ်ပြန်ဘူး။ နဂိုကတည်းက ကျောက်ကပ်ထဲကို ကျောက် မှုန်လေးတွေကျတဲ့ နှုန်းများတဲ့သူဆိုရင် ဒီထုံးဓာတ်များတဲ့ ရေကိုသောက်တဲ့အခါ ကျောက်တည်နိုင်ခြေက ပိုများသွားပါတယ်။ ရေကို ကျိုကြည့်လိုက်လို့ ဒန်အိုးမှာ ထုံးဂျိုးတွေကပ်နေရင် ထုံးဓာတ်ပါဝင်မှု များတယ်ဆိုတာသိနိုင်တယ်၊ ရေကျက်အေးသောက်လိုက်ရင်တော့ ထုံးဓာတ်ပါဝင်မှုနှုန်းနည်းသွားမယ် လို့ ယူဆရပါတယ်။

မေး ။ ဆီးကျောက်တည်ရင် လူနာက ဘယ်လိုလက္ခဏာ တွေ ခံစားရတတ်ပါသလဲ ဆရာ။
ဖြေ ။ သာမန်လူတွေက ကျောက်မှုန်စ တစ်ဇွန်းစာ လောက်ကို ၂၄ နာရီအတွင်း တဖြည်းဖြည်းစွန့် ထုတ်တယ်ဆိုရင် ဆီးကျောက်တည်တဲ့သူက ကျောက်မှုန်လေးတွေ သူများထက် လေးဆလောက် ပိုစွန့်ထုတ်တတ်ပါတယ်။ အဲဒီလို ပိုထုတ်လိုက်တဲ့ အမှုန်လေးတွေက ဆီးဖြစ်ပြီး စုဆောင်းတဲ့ ပြွန် (Collecting Duct)ထဲမှာ အနည်လေးတွေကျပါတယ်။ အဲဒီအခါ အနှစ်ဖြစ်ပြီး ကျောက်ဖြစ်လာပါတယ်။ ကျောက်ကပ်ထဲ ကျောက်အသေးလေး ဖြစ်တဲ့အထိ လူမှာဘာလက္ခဏာမှ မပြပါဘူး။

အဲဒီကျောက်လေးက ဆီးပြွန်အဝထိပ်ကို ဆင်းလာပြီး တစ်သွားရင် ခါးနောက် ဘယ်ဘက် ဒါမှမဟုတ် ညာဘက် တစ်ဘက်မှာ ထိုးထိုးပြီး အောင့်နေတတ်ပါတယ်။ ရှေ့နဲ့ နောက်မှာ ညပ်ပြီး အောင့်နေရင် ဆီးလမ်းကြောင်း ကျောက်ဖြစ်ဖို့ ရာခိုင်နှုန်း များသွားပါပြီ။ အဲဒီအချိန်မှာ နာကျင်တာက အတော် လေးနာတဲ့အတွက် ဆေးခန်းကို သွားရတဲ့အထိ ဖြစ်သွားပါတယ်။
တချို့လူတွေမှာ ကျောက်က ဆီးသီးအရွယ် ဖြစ်နေတဲ့အထိ ဘာလက္ခဏာမှ မတွေ့ရဘဲ အာထ ရာဆောင်းရိုက်မှတွေ့ရတာမျိုးရှိတတ်ပါတယ်။ အစလေးပဲ့ထွက်ပြီးဖြစ်ဖြစ်၊ ဆီးပြွန်အဝမှာ တစ်နေလို့ ဖြစ်ဖြစ် အောင့်လာမှ သိတာမျိုး ရှိတယ်၊ တစ်ခါတလေ ဆီးထဲမှာ သွေးစလေးတွေပါတာ၊ ဆီးအရောင် ပြောင်းသွားတာတို့ တွေ့ရတတ်ပါတယ်။ အာထရာဆောင်းရိုက်ရင် ဆီးလမ်းကြောင်းနဲ့ ပတ်သက်လို့ ကျောက်ကပ်နှစ်လုံးနဲ့ ဆီးအိမ်ကိုပဲ တွေ့ရပါတယ်။ ဆီးပြွန်ကို မတွေ့ရဘူး။ ဒါပေမဲ့ ကျောက်ကပ်မှာ တစ်ခုခုတစ်နေရင် ကျောက်ကပ်မှာ ရေတွေစုနေတဲ့ Hydronephrosis ကို တွေ့ရပါမယ်။

မေး ။ အခုနောက်ပိုင်း ဆီးကျောက်ကို ဘယ်လိုကုသမှု ပေးလေ့ရှိပါသလဲ ဆရာ။
ဖြေ ။ အခုနောက်ပိုင်းမှာ ဆီးကျောက်နဲ့ ပတ်သက်ရင် ခွဲစိတ်တာ သိပ်နည်းသွားပြီ။ အဓိကလုပ်တာက ဆီး လမ်းကြောင်းထဲကို ပြွန်ထိုးထည့်ပြီး ပြွန်ထိပ်က လေဆာနဲ့ ခြေတဲ့ ကုထုံး (Scopy) ပေါ်လာပါတယ်။ တ ချို့ဆိုရင် အာထရာဆောင်းလှိုင်းနဲ့ ခြေတာလည်း ရှိပါတယ်။ ကူးစက်ပိုးဝင်တာနဲ့တွဲတဲ့ ဆီးကျောက် လောက်ပဲ ခွဲစိတ်ကုသမှု ပေးရတာ များပါတယ်။

မေး ။ ဆီးကျောက်တည်ပြီး ကျောက်ကပ်ပျက်ရတာက ဘာကြောင့်ပါလဲ ဆရာ။
ဖြေ ။ ဆီးကျောက်တည်ပြီး ကျောက်ကပ်ပျက်တာက ဆီးလမ်းကြောင်း ပိတ်သွားလို့ပါ။ ကျောက်က ပိတ်ပြီး နာတယ်၊ ဆေးကုရင်း နာတာ သက်သာသွားပေမယ့် ကျောက်က ကျန်နေရင် ကျောက်ကပ်ထဲမှာ ရေတွေ အိုင်နေပြီး ရှေ့ကို မသွားတော့ပါဘူး။ ရေက နောက်ပြန်ဖိအားနဲ့ ကျောက်ကပ်အသားကို ထိနေပြီး ကြာလာရင် ကျောက်ကပ်အသားပါးပြီး လုပ်ငန်းဆောင်တာ ကျသွားပါတယ်။ အဲဒီမှာ ပိုးဝင်လိုက်၊ ကျောက်ကပ်ထိလိုက်နဲ့ ဖြစ်နေတာ ကြာလာတော့ ကျောက်ကပ်က ပျက်သွားပါတယ်။ ဒါကြောင့် ဆီးကျောက် ပိတ်နေရင် အဲဒါကို အရင်ဆုံး ဖယ်ရှားပေးရပါတယ်။

Most Popular

Healthy Life Ad
To Top